သတင်း

နွားထိုးကြီးတွင် သိမ်ဆေးသုတ်နေသည့် လူငယ်သုံးဦးကို စစ်တပ်က အနီးကပ်ပစ်သတ်

စစ်ကြောင်းရွာထဲ ဝင်လာစဉ် ဘုန်းကြီးကျောင်းတွင် သိမ်ဆေးသုတ်နေသည့် လူငယ် ၃ ဦးမှာ ဖမ်းဆီးခံရပြီး အနီး ကပ် ပစ်သတ်ခံရကာ အလောင်းများကို ယူဆောင်သွားကြသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် တိုးသည့် လူငယ်သုံးဦး သတ်ဖြတ်ခံရပြီး အလောင်းပြန်မရကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်က နွားထိုးကြီးမြို့နယ်၊ ဘုံသာကျေးရွာ ဘုန်းကြီးကျောင်းရှိ သိမ်ကို ဆေးသုတ်နေသည့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားသုံးဦးကို ရွာအနောက်ဘက် ချောင်းရိုးအတိုင်းလာသည့် အင်အား ၅၀ ဝန်းကျင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီး၍ ဦးခေါင်းကို အနီးကပ်ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

သတ်ဖြတ်ခံရသူများမှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှ အသက် ၂၇ နှစ်အရွယ် ကိုဟိန်းမင်းနိုင်နှင့် ၃၀ ဝန်းကျင်အရွယ် အခြား လူငယ်နှစ်ဦးတို့ ဖြစ်ကြသည်။

“စစ်ကြောင်းက အမြန်လမ်းကနေ ချောင်းရိုးအတိုင်း တက်လာတာ။ အဲဒီမှာ ရွာက အဘွားကြီးတစ်ယောက်က ကြောက်ပြီး အော်ပြောတာပေါ့။ အားလုံး ထွက်ပြေးကြတာ။ မန္တလေးက တစ်ယောက်က ချုံထဲမှာ ပုန်းရင်း မိသွားတယ်။ အသတ်ခံရတာက သူ အပါအဝင် သုံးယောက်ပေါ့” ဟု မျက်မြင်ကို ကိုးကား၍ နွားထိုးကြီးဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

မိတ္ထီလာအခြေစိုက် တပ်မ (၉၉) မှ စစ်သားများက အဆိုပါ လူငယ်သုံးဦးကို ဖမ်းဆီးစစ်ဆေးပြီး အနီးကပ် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“တစ်ယောက်ကို အရင်ပစ်သတ်လိုက်တယ်။ နောက်တစ်ယောက်ကို ဖုန်း Password ဖွင့်ခိုင်းတာ။ သူက အကြောက်လွန် တုန်ပြီး မေ့နေတာ။ အဲဒီမှာ ဘုန်းကြီးက ဆေးသုတ်တဲ့ကလေးတွေပါလို့ အာမခံပြီး ဝင်ပြောတာလည်းမရဘူး။ ပစ်သတ်လိုက်ကြတယ်”

ဦးခေါင်းများကို အနီးကပ် ပစ်သတ်လိုက်ခြင်းဖြစ်ပြီး စစ်သားများက ထိုအလောင်းများကို ကားဖြင့် ယူဆောင်သွားကြသည်ဟု ဆိုသည်။

ထိုနေ့က အနီးဝန်းကျင်မှ ဒေသခံ ၁၃ ဦးကိုလည်း ယင်းစစ်ကြောင်းက ဖမ်းဆီးသွားကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

အနီးကပ်သတ်ဖြတ်ခံရသည့် အသက် ၂၇ နှစ်အရွယ် ကိုဟိန်းမင်းနိုင်။ (ဓာတ်ပုံ-Hein Min Naing Facebook)

သတ်ဖြတ်ခံရသူတစ်ဦးဖြစ်သော ကိုဟိန်းမင်းနိုင်သည် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်၊ ဂီတဝါသနာရှင်တစ်ဦးလည်းဖြစ်ကာ ထိုရွာသို့ သွားရောက်၍ ဘုန်းကြီးကျောင်းစေတီနှင့် သိမ်တို့ကို ဆေးသုတ်သည့်လုပ်ငန်း လာရောက်လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ကလေးက အနေအေးတယ်။ သူက ဝတော့ စစ်ကြောင်းဝင်လာချိန် မပြေးနိုင်ရှာတာ” ဟု ထိုသူက ဆိုသည်။

“အလုပ်ခေါ်ထားတဲ့ ဘုန်းကြီးကို မိသားစုက (ဖုန်း) ဆက် မေးတော့ စစ်သားက (ဖုန်း) ကိုင်တယ်။ ငါ.. ပစ်တာ၊ မင်းတို့ ဘာလုပ်ချင်လဲပြော အဲဒီလိုရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်။ သေနတ်ဒဏ်ရာကတော့ ခေါင်းမှန်ပြီး ခေါင်းပွင့်သွားတယ် ပြောတယ်။ အလောင်းမရဘဲ ဒီနေ့ ရက်လည်တာပါ” ဟု ၎င်းက ဆက်ပြောသည်။

ရုပ်အလောင်းကို မရရှိသော်ငြား မိသားစုဝင်များက ယနေ့တွင် ဘာသာရေးထုံးတမ်းစဉ်လာအရ ရက်လည်ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ခံ ကိုဟိန်းမင်းနိုင် သေဆုံးခြင်းကို မိတ်ဆွေများက ဝမ်းနည်းကြောင်း ရေးသားထားကြသည်ကိုလည်း လူမှုကွန်ရက်တွင် တွေ့ရပြီး ၎င်းတွင် ဇနီးနှင့် တစ်နှစ်ခွဲအရွယ် သားလေးတစ်ဦး ကျန်ရစ်သည်။

လက်ရှိတွင် ထိုစစ်သားများက ဘုံသာကျေးရွာ၏ အရှေ့ဘက် ပြင်စည်ရွာ စာသင်ကျောင်းတွင် တပ်စွဲကာ နေထိုင်၍ ရွာသားများအား ၎င်းတို့ မသင်္ကာလျှင် ဖမ်းဆီးနှိပ်စက်ခြင်းများလုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုကြသည်။

“နောက်ဆက်တွဲ အခြေအနေတွေ မသိရသေးဘူး။ ရွာခံအချို့လည်း ထွက်ပြေးနေကြတယ်။ ရွာကို မကပ်ရဲသေးဘူး” ဟု အထက်ပါ နွားထိုးကြီးဒေသခံက ဆိုသည်။

အာဏာသိမ်းစစ်တပ်သည် ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိပြီး အထူးသဖြင့် တစ်တိုင်းလုံးနီးပါး လက်နက်ကိုင်တော်လှန်သော စစ်ကိုင်းတိုင်း၏ ကျေးလက်များတွင် အများဆုံး ကျူးလွန်လေ့ရှိသည်။

Show More

Related Articles

Back to top button