သတင်း

လူမျိုးသုဉ်းသတ်ဖြတ်ခံရမှု တာဝန်ခံရန် ရိုဟင်ဂျာဒုက္ခသည်များတောင်းဆို

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် စစ်တပ်က ရိုဟင်ဂျာများအပေါ် နယ်မြေရှင်းလင်းရေးအကြောင်းပြ လူမျိုးသုဉ်းသတ်ဖြတ်မှုအပေါ် တာဝန်ခံဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားဒုက္ခသည်စခန်းရောက် ထောင်နှင့်ချီသော ရိုဟင်ဂျာ ဒုက္ခသည်များက တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် စစ်တပ်က ရိုဟင်ဂျာများအပေါ် နယ်မြေရှင်းလင်းရေးအကြောင်းပြ လူမျိုးသုဉ်းသတ်ဖြတ်မှုအပေါ် တာဝန်ခံဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားဒုက္ခသည်စခန်းရောက် ထောင်နှင့်ချီသော ရိုဟင်ဂျာ ဒုက္ခသည်များက ဩဂုတ်လ ၂၅ ရက်တွင် စုဝေးတောင်းဆိုခဲ့ကြသည်။

ဩဂုတ်လ ၂၅သည် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများ လူမျိုးသုဉ်းသတ်ဖြတ်ခံရမှု ၇ နှစ်ပြည့် နှစ်ပတ်လည်နေ့လည်းဖြစ်သည်။

 စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုသည် ကုလသမဂ္ဂက သတ်မှတ်ထားသည့် လူမျိုးသုဥ်းသတ်ဖြတ်မှု နမူနာများအတိုင်းဖြစ်ပြီး သတ်ဖြတ်မှုများ၊ နေအိမ်များနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ရိုဟင်ဂျာတို့က ဆိုသည်။ 

ထိုဖြစ်ရပ် ပေါ်ပေါက်ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုအခါ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ ၁ သန်းကျော် ရောက်ရှိနေသည်။ 

လွန်ခဲ့သည့် ၇ နှစ် အဖြစ်အပျက်မျိုးထပ်မဖြစ်ရန်၊ ရိုဟင်ဂျာတို့အပေါ် ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရန်လည်း ကော့စ်ဘဇားရောက် ရိုဟင်ဂျာတို့က တောင်းဆိုခဲ့ကြသည်။

မြန်မာစစ်တပ်ကို တာဝန်ခံစေရန် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းထံ တောင်းဆိုခြင်းအပြင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် ရိုဟင်ဂျာများပါ ထိခိုက်သေဆုံးသည်ဟု  စွပ်စွဲခံထားရသည့် အာရက္ခတပ်တော် AA ကိုလည်း ရိုဟင်ဂျာများက ရှုတ်ချခဲ့ကြသည်။

တရားမျှတမှုနှင့် ပြည်ဝသောအခွင့်အရေးပေးရန်၊ နိုင်ငံသားအဖြစ် ပြန်လည်လက်ခံရန်နှင့် ယင်းတို့၏ မွေးရပ်မြေသို့လုံခြုံစွာပြန်နိုင်ရန်လည်း တောင်းဆိုခဲ့ကြသည်။

ဒုတိယလှိုင်း

ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရိုဟင်ဂျာအခွင့်အရေးအဖွဲ့ Forcibly Displaced Myanmar Nationals ၏ စီစဉ်သူ Sayed Ullah ကရခိုင်ပြည်နယ်အတွင်းသို့ ရိုဟင်ဂျာများ ပြန်လည်လက်ခံမည့် အစီအစဉ်ကို ကုလသမဂ္ဂက အာမခံရန်၊ အမေရိကန် အပါအဝင် အခြားသော သက်ဆိုင်သူအားလုံးက လက်တွေ့ကျသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။

ရိုဟင်ဂျာများသည် ဒုက္ခသည်စခန်းများတွင် နိုင်ငံမဲ့လူမျိုးအဖြစ် ဆက်လက်နေထိုင်လိုခြင်း မရှိဟု Ullah က Myanmar Now ကိုပြောသည်။

“ကျွန်တော်တို့လူမျိုးတွေ ခံစားနေရတဲ့ နာကျင်မှုမျိုးအတွက် ထပ်ပြီးတော့ လျစ်လျူရှုလို့ မရတော့ပါဘူး” ဟု Ullah က ဆိုသည်။

Ullah က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အခြေအနေကို ပြောဆိုခဲ့ပြီး ရိုဟင်ဂျာများစွာသည် မြန်မာစစ်တပ်နှင့် AA တို့ကြားတိုက်ပွဲများတွင် ပိတ်မိနေသည်ဟု ဆိုသည်။ ထိုအခြေအနေသည် လွန်ခဲ့သည့် ၇ နှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော လူမျိုးသုဉ်းသတ်ဖြတ်မှု၏ ‘ဒုတိယလှိုင်း’ ဟု Ullah က ပြောသည်။

အသက် ၁၈ နှစ်အရွယ် Sadek Huson ကမူ ဆဌမတန်းတက်ရောက်နေစဉ် စစ်တပ်၏ နှိမ်နင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရခဲ့ရပြီး ထိုအချိန်မှစ၍ ဆက်လက်ပညာသင်ခွင့် မရတော့ဟု ဆိုသည်။

ဒုက္ခသည်စခန်းများတွင် ပညာသင်ကြားခွင့်မရှိ၊၊ ကျန်းမာရေးစောင့်ရှောက်မှုမရ၊ လွတ်လပ်စွာ သွားလာခွင့်မရှိဟု Sadek Huson က ပြောသည်။ မွေးရပ်မြန်မာနိုင်ငံသို့ ပြန်လိုပြီး ဆက်လက်ပညာသင်ကြားကာ ယင်းတို့လူမျိုးအတွက် အထောက်အကူဖြစ်စေမည့် အလုပ်မျိုး လုပ်နိုင်ရန် မျှော်လင့်မိသည်ဟုလည်း Sadek Huson က ပြောသည်။

ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုကို မှတ်တမ်းတင်သည့် ဆန္ဒပြပွဲကို ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းတွင် ဩဂုတ်လ ၂၅ ရက်က ပြုလုပ်စဉ်။ (Mohammed Zonaid / Myanmar Now)

ချို့တဲ့သည့် ဒုက္ခအမျိုးမျိုးကြုံခဲ့ရသည့် ရိုဟင်ဂျာ ၁ သန်းကျော်သည် ၇ နှစ်ကြာပြီးနောက် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် တားပေါ်လင်၊ ဝါးများဖြင့် ပြုလုပ်ထားသော စခန်းများတွင် နေထိုင်ဆဲဖြစ်သည်။ ယင်းတို့သည်  မုန်တိုင်းဒဏ်ခံရခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေပြိုရာမှ ထိခိုက်ဒဏ်ရာရခြင်း၊၊ ဝါးများဖြင့် ပြုလုပ်ထားသော တဲအိမ်များကြောင့် မီးလောင်ကာ အိမ်ခြေမဲ့သည့် ဖြစ်ရပ်များလည်း ပေါ်ပေါက်ခဲ့သည်။

ပညာရေးနယ်ပယ်နှင့် အမျိုးသမီးများအား လုပ်ငန်းခွင်တွင် အခွင့်အရေးပိုရရန် တက်ကြွလှုပ်ရှားသူ အသက် ၃၄ နှစ်အရွယ် Min Ara ကမူ ရိုဟင်ဂျာများ၏ဒုက္ခကို ကမ္ဘာကြီးက လျစ်လျူရှုနေခြင်းအပေါ် စိတ်ပျက်ဝမ်းနည်းရသည်ဟု ဆိုသည်။ 

“ရိုဟင်ဂျာလူမျိုးဖြစ်လို့ ရခိုင်ပြည်နယ်မှာ ခံစားခဲ့ရတဲ့ အဆုံးမဲ့ နာကျင်မှုတွေကို မှတ်မိစေဖို့ ဒီနေ့ (ဩဂုတ် ၂၅ရက်)ကိုကျွန်မတို့ မှတ်တမ်းတင်ပါတယ်” ဟု Myanmar Now ကို ပြောသည်။

 ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို လူမျိုးသုဉ်းသတ်ဖြတ်မှုဟု Ara ကဆိုသည်။ 

“သူတို့က ကျွန်မတို့လူမျိုးတွေကို သတ်ဖြတ်ခဲ့ကြပြီး အမျိုးသမီးတွေကို မုဒိမ်းကျင့်ခဲ့ကြတယ် အိမ်တွေကို မီးရှို့ခဲ့ကြပြီးဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်” ဟု Ara က ပြောသည်။

“ဒီနေ့ကို ကျွန်မတို့က စိတ်ပျက်စရာနေ့အဖြစ် မှတ်တမ်းမတင်ချင်ပါဘူး၊ ကျွန်မတို့ရဲ့ ဒုက္ခကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်ဖို့ပဲ မှတ်တမ်းတင်ချင်တာပါ” ဟု Ara က ထပ်ပြောသည်။

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများမှ ထွက်ပြေးရန် ကြိုးစားနေစဉ် ရိုဟင်ဂျာများ ရာချီသေဆုံးခဲ့သော ရပ်တစ်ခုကို Ara ကထောက်ပြခဲ့သည်။ ထိုသေဆုံးမှုသည် AA လက်ချက်ဟု စွပ်စွဲချက်များထွက်ပေါ်နေသော်လည်း AA က ထို စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် ရိုဟင်ဂျာအရပ်သားများ အသတ်ခံရမှုအတွက် AA တွင် တာဝန်ရှိပြီး ရိုဟင်ဂျာများအပေါ် AA က ခွဲခြားဆက်ဆံသည်ဟု ဖော်ပြထားသည်။ 

ထိုရိုဟင်ဂျာအရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအပေါ်  နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က စုံစမ်းစစ်ဆေးသင့်သည်ဟုလည်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button