
စစ်ကောင်စီလက်ထက်တွင် မကြာခဏ ကြုံတွေ့နေရသည့် စက်သုံးဆီရှားပါးမှုပြဿနာမှာ ယခုတစ်ကြိမ်တွင် ရက် ၂၀ ကျော်လာပြီဖြစ်သော်လည်း ပြေလည်မှု မရသေးဘဲ ဆီဆိုင်များတွင် ယာဉ်တန်းရှည်များကို တွေ့နေရဆဲဖြစ်သည်။
စစ်ကောင်စီ၏ ဈေးကွက်ရည်ညွှန်းဈေးအရ ယနေ့ (ဩဂုတ် ၁၉) ဓာတ်ဆီ တစ်လီတာဈေးနှုန်းမှာ ရန်ကုန်တွင် ၂,၉၉၀ ၊ မန္တလေးတွင် ၃,၀၇၀၊ နေပြည်တော်တွင် ၃,၀၄၅ ကျပ် ဖြစ်သည်။ သို့သော် ထိုမြို့ကြီးများတွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၆,၀၀၀ မှ ၇,၀၀၀ အထိ မှောင်ခိုဈေးကွက် ရှိနေသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း နေပြည်တော်ရှိ Max နှင့် Denko စက်သုံးဆီဆိုင်တချို့တွင် တန်းစီစောင့်ဆိုင်း ဝယ်ယူမှုများရှိနေပြီး ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်ရှိ စက်ဆုံးဆီဆိုင်များအနက် ၇ ဆိုင်ထက်မနည်း ပိတ်ထားသည်ကို တွေ့ရသည်။
နေပြည်တော်တွင် နေထိုင်သည့် ဌာနဆိုင်ရာရုံးဝန်ထမ်းတစ်ဦး ၎င်း၏ မော်တော်ယာဉ်အတွက် လောင်စာဆီ ဝယ်ယူရခက်ခဲခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် အသွားအလာ ဆင်ခြင်နေရသည်ဟု ဆိုသည်။
“တန်းစီပြီးထည့်ထားတဲ့ဆီကုန်ပြီး ရုံးဖွင့်ပြီဆို ဈေးကြီးလည်း ရတဲ့ဆီဝယ်ထည့်ရတာ၊ ခုက မလိုအပ်ဘဲ ဆီကုန်သက်သာအောင် အပြင်သိပ်မသွားတော့ဘူး” ဟု သူက ပြောသည်။
ရှားပါးပစ္စည်းဖြစ်လာသော လောင်စာဆီကို အိမ်သုံးရန်အတွက် မဟုတ်ဘဲ ပြန်လည်ရောင်းချရန် ဝယ်ယူသူတချို့လည်း ရှိနေသည်။
အချိန်ပေးတန်းစီနိုင်ခြင်းမရှိသူတို့ကို ပြန်လည် ရောင်းချခြင်း ဖြစ်သည်ဟု နေပြည်တော် အမြန်လမ်းဘေးတွင် ဆီရောင်းချသူတစ်ဦးက ဆိုသည်။
“ကယ်ရီမောင်းတဲ့သူတွေတောင် ဆီတန်းစီပြီး ပြန်ရောင်းတာ၊ နေ့တွက်စရိတ်ပိုကိုက်တယ်၊ (တစ်လီတာ) ၅,၅၀၀ နဲ့ ဝယ်ပြီး ၆,၅၀၀ နဲ့ ပြန်ရောင်းကြတာ” ဟု သူက ပြောသည်။
နိုင်ငံအလယ်ပိုင်း မန္တလေးမှ ဒေသခံတစ်ဦးက ၎င်းတို့ထံတွင်လည်း အချိန်ကြာမြင့်စွာ တန်းစီပြီး ဝယ်ယူနေရဆဲဖြစ်ကြောင်း၊ ဖွင့်သည့်ဆိုင် နည်းပါးနေသေးကြောင်း ပြောပြသည်။
“ဒီမှာက အရင်အတိုင်းပဲ၊ တန်းစီနေရတုန်းပဲ၊ ဆီရှိသလောက် ရောင်းပေးတယ်၊ တန်းစီနေရင်း (ဆိုင်မှာ) ကုန်ပြီဆိုရင် ဒီကားနောက်ဆုံးပဲဆိုပြီး စာကပ်လိုက်တယ်၊ အဲဒါဆိုရင် လှည့်ပြန်ရတော့တာပဲ” ဟု သူက ပြောသည်။
ရန်ကုန်မြို့တွင်မူ စက်သုံးဆီတန်းစီဝယ်ယူရဆဲ ဖြစ်သော်လည်း ရောင်းချသည့်ဆိုင် ပြန်လည်များပြားလာသည်ဟု ရန်ကုန်ဒေသခံတစ်ဦးက ဆိုသည်။
“ဒီနံနက်တော့ ဆီက ရတယ်၊ အရင်လို အများကြီးတော့ မဟုတ်ပေမဲ့ တန်းတော့ စီနေရတုန်းပဲ၊ ဝယ်ရတာ မလွယ်သေးပါဘူး” ဟု သူက ဆိုသည်။
“ဒါကလည်း ခဏရတာလား၊ ပြန်အဆင်ပြေသွားပြီလားတော့ ပြောဖို့ခက်တယ်၊ ဆီဆိုင်ကို မေးတော့လည်း ရှိတာတော့ ရောင်းပေးမယ်ပြောပြီး အတိအကျတော့ မပြောကြဘူး”
အချိန်မရွေး စက်သုံးဆီပြန်လည်ရှားပါးလာမည်ကို စိုးရိမ်နေရဆဲဖြစ်သည်ဟုလည်း သူက ပြောသည်။
လောင်စာဆီရှားပါးလာသည့် အဓိကအကြောင်းရင်းတစ်ခုမှာ ဒေါ်လာ ထိန်းချုပ်ထားသည့် စစ်ကောင်စီက လုပ်ငန်းရှင်များကို ဒေါ်လာ မရောင်းချပေးခြင်းကြောင့် ဖြစ်သည်။
စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေးမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာထားသည်။
ကြုံတွေ့နေရသည့် လောင်စာဆီပြတ်လပ်မှုကို ထိန်းသိမ်းရန် ရုရှားနိုင်ငံမှ ဝယ်ယူပြီး ဖြေရှင်းမည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားဖူးသည်။ သို့သော် ထိုပြဿနာမှာ မပြေလည်သေးပေ။