၂၀၂၁ အာဏာမသိမ်းခင်ကတည်းက စစ်အာဏာရှင်စနစ်ကို ပုန်ကန်သူ လူငယ်ဆရာဝန်တစ်ဦး ရှိပါတယ်။ သူကတော့ မန္တလေးတိုင်း၊ မိုးကုတ်မြို့က အသက် ၃၀ ကျော်အရွယ် သွားဆရာဝန် ဒေါက်တာစိုးသူရဇော်ပါ။ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ဆန္ဒပြပြည်သူတွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက်မှာတော့ နိုင်ငံတစ်ဝန်းက ထောင်ပေါင်းများစွာသော လူငယ်တွေနဲ့အတူ ဒေါက်တာစိုးသူရဇော်လည်း လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့ပါတယ်။ တော်လှန်ရေးကာလ ၃ နှစ်ကျော်လာချိန်မှာတော့ ဒေါက်တာစိုးသူရဇော် အိမ်ပြန်နိုင်ခဲ့ပါပြီ။ သူရဲ့ဇာတိဖြစ်တဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်အတွင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး၊ အိမ်ပြန်ခွင့်ရသူတွေထဲမှာ ဒေါက်တာစိုးသူရဇော်လည်း ပါဝင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၇နှစ်က မိုးကုတ်မြို့၊ ပြည်သူ့ဆေးရုံမှာ သွားနဲ့ခံတွင်းကျန်းမာရေးဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာစိုးသူရဇော်ဟာ သူတက်ရောက်ခဲ့တဲ့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်ဝါဒတွေ သင်ကြားပို့ချနေတဲ့အကြောင်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ပေါ်မှာ ဖွင့်ချရေးသားခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က သူတက်ရောက်ခဲ့တဲ့ ဇီးပင်ကြီးသင်တန်းက သင်တန်းနည်းပြတချို့ရဲ့ ပို့ချချက်တွေဟာ မဘသတရားပွဲလို လူမျိုးရေး၊ ဘာသာရေး ဝါဒမှိုင်းတွေ ပို့ချနေကြောင်းနဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခတစ်ဦးဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဦးဆောင်တဲ့ အစိုးရက စေတနာမရှိလို့ ငြိမ်းချမ်းရေးမရတာလို့ ပြောတဲ့အကြောင်းတွေကို ဒေါက်တာစိုးသူရဇော်က ရေးသားခဲ့တာပါ။ “ဇီးပင်ကြီးစစ်တမ်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ အမှန်တရားကို သတ္တိရှိရှိ ဖွင့်ချခဲ့တဲ့ သူ့ရဲ့ရေးသားချက်တွေဟာ မှန်ကန်တဲ့အကြောင်း သူ့လိုပဲ ဇီးပင်ကြီးမှာ သင်တန်းတက်ခဲ့တဲ့ ဆရာဝန်ပေါင်းများစွာနဲ့ အဲ့ဒီကာလက နိုင်ငံ့ဝန်ထမ်းများစွာတို့ကလည်း ထောက်ခံခဲ့ကြပါတယ်။ မဟုတ်မခံစိတ်ရှိပြီး မတရားမှုကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ရဲခဲ့သူ၊ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ တာဝန်ရှိသူဖြစ်လာတဲ့ ဒေါက်တာစိုးသူရဇော်ကို လွန်ခဲ့တဲ့ ၆ နှစ်၊ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ Myanmar Now သတင်းဌာနက မိုးကုတ်ပြည်သူ့ဆေးရုံကြီးမှာ ပြုလုပ်ခဲ့တဲ့ အသေးစိတ်မေးမြန်းခန်းကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Read Next
March 7, 2019
‘ဇီးပင်ကြီးစစ်တမ်း’ ရေးသူကို 7Day က သူရဲကောင်းဆုချီးမြှင့်
December 24, 2018
ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်သင်ကြားမှုကို ဝေဖန်သူအား အရေးမယူဟု ကျန်းမာရေးဝန်ကြီးဆို
December 24, 2018
ဝါဒမှိုင်းများကို တိုက်ထုတ်သူ ဒေါက်တာစိုးသူရဇော်နှင့် အင်တာဗျူး
December 24, 2018