စီးပွားရေးသတင်း

စစ်ကောင်စီလက်ထက် မြန်မာ့စီးပွားရေးပျက်ကပ်ကြုံရ 

အာဏာသိမ်းစစ်ကောင်စီလက်ထက် ငွေတန်ဖိုး အဆိုးဝါးဆုံး ကျဆင်း၊ ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်လုပ်ငန်းများရပ်ဆိုင်း၊ စက်သုံးဆီ အပါအဝင် အရေးကြီးသွင်းကုန်များ ပြတ်လပ်နေသည်။

တိုင်းပြည်စီးပွားရေးကျဆင်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ အားနည်းချက် များကြောင့်ဟု အမြဲတစေ အပြစ်တင်လေ့ရှိသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီလက်ထက်တွင် စီးပွားရေးပျက်ကပ် (Economic Recession) ကြုံနေရပြီဖြစ်ကြောင်း မြန်မာ့စီးပွားရေးပညာရှင်များက ပြောဆိုသည်။  

မြန်မာကျပ်ငွေတန်ဖိုး သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ကျဆင်းနေပြီး ကုန်ထုတ်လုပ်မှု နှင့် ပို့ကုန်လုပ်ငန်းများရပ်ဆိုင်းနေသလို ပြည်ပမှတင်သွင်းရသော လောင်စာဆီ အပါအဝင် အရေးကြီးကုန်စည်များ ပြတ်လပ်နေသည်။ 

အခြေခံကုန်စျေးနှုန်း နှင့် လုပ်ခဝင်ငွေကြား ကွာဟချက်အလွန်ကြီးမားလာခြင်းကြောင့် စီးပွားရေး ပျက်ကပ်ကြုံနေသည်ဟု ၎င်းတို့က ထောက်ပြသည်။  

ရန်ကုန်၊ နေပြည်တော် နှင့် မန္တလေး ကဲ့သို့ မြို့ကြီးများ၌ပင် စက်သုံးဆီ ပြတ်လပ်နေ၍ နာမည်ကြီး ဆီဆိုင်များ၏ ဆိုင်ခွဲ တချို့ ပိတ်ထားရပြီး ဖွင့်လှစ်ထားသော ဆီဆိုင်များတွင် မော်တော်ယာဉ်များစွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရသည်။  

ဆီဆိုင်များရှေ့တွင် ညအိပ်တန်းစီရသည်အထိ ဆီပြတ်လပ်မှု ယခင်ကထက် ပိုဆိုးရွားနေသည်၊ ထိုဆီဆိုင်များမှာလည်း အိမ်သုံးမော်တော်ယာဉ်များ အဓိကအသုံးပြုသော အောက်တိန်း 92 နှင့် 95 အမျိုးအစား စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချနိုင်သည်ဟု ရန်ကုန်မြို့ခံတချို့က ပြောသည်။ 

ယာဉ်တန်းရှည်ကြီးကို တွေ့လျှင် ဆီရောင်းသည့်ဆိုင်ရှိကြောင်း နားလည်နိုင်သည်ဟု မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။ 

“ရပ်ကွက်တစ်ခုမှာ ဆီဆိုင်တစ်ဆိုင်ရှိတယ်ဆိုရင် အဲဒီဆီတန်းစီတဲ့ ကားတန်းက ရပ်ကွက်ကိုတောင် ပတ်သွားတာ၊ အဲဒီလောက်အထိဆိုးတာ” ဟု သူက ပြောသည်။

လောင်စာဆီရှားပါးလာသည့် အဓိကအကြောင်းရင်းတစ်ခုမှာ ဒေါ်လာ ထိန်းချုပ်ထားသည့် စစ်ကောင်စီက  လုပ်ငန်းရှင်များကို ဒေါ်လာ မရောင်းချပေးခြင်းကြောင့် ဖြစ်သည်။

ဩဂုတ် ၁၄ တွင်မူ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေးမည်ဟု ထုတ်ပြန်လာသည်။ 

ထိုရေတိုကုစားသော လုပ်ရပ်က အချိန်ကြာကြာခံမည်မဟုတ်ဟု စက်သုံးဆီတင်သွင်းရောင်းချသော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

 “စျေးကွက်စျေးနှုန်းကိုကျတော့ ကန့်သတ်ထားတယ်၊ ဒေါ်လာလိုအပ်ချက်ကျတော့ ပြည့်မီအောင် မလုပ်ပေးနိုင်ဘူး၊ တဖက်မှာ ဒေါ်လာစျေးက အရမ်းထိုးတက်နေတော့ ဆီသမားတွေ လုပ်ရကိုင်ရခက် တော့ ထုတ်မရောင်းကြဘူး ” ဟု ၎င်းက ဆိုသည်။ 

လက်ရှိ မြန်မာကျပ်ငွေသည် အလွန်အမင်းငွေကြေးဖောင်းပွခြင်း (Hyperinflation) အဆင့်ရောက်နေပြီ ဟု စီးပွားရေး နှင့်ဘဏ္ဍာရေး ကျွမ်းကျင်သူ မြန်မာ့စီးပွားရေးပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။  

ယခုရက်ပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုးသည် စံချိန်တင်ကျဆင်းနေပြီး ဩဂုတ် ၁၃ တွင် အမေရိကန် ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၇၀၀၀ ဝန်းကျင်အထိဖြစ်ခဲ့သည်၊ ထိုင်းဘတ် ၁ ဘတ်လျှင် ကျပ်၂၀၀ ဝန်းကျင်၊ တရုတ်ယွမ် ၁ ယွမ်လျှင် ကျပ် ၈၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ကျပ်ငွေတန်ဖိုးသည် ဇောက်ထိုးကျနေသည်။

၂၀၂၃ ဧပြီ ၁၁ ရက်နေ့က  လေကြောင်း တိုက်ခိုက်မှုကြောင့်  စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ၁၆၈ ဦး သေဆုံးခဲ့သည်။ စစ်ကောင်စီက ၃ နှစ်အတွင်း အကုန်အကျများပြားသော လောင်စာဆီ၊ လက်နက်ခဲယမ်းများကိုသုံးသည့် လေကြောင်းတိုက်ခိုက်မှုကို နေ့စဉ်လိုလို အားပြုနေသည်။ (ဓာတ်ပုံ – ပေးပို့) 

ပြည်တွင်းရွှေစျေးနှုန်းသည်လည်း ၁ ကျပ်သားလျှင် ကျပ် သိန်း ၈၀ ဝန်းကျင်အထိ မြင့်တက်နေသည်။  

ယခုရက်ပိုင်းတွင် ဒေါ်လာစျေး နှင့် ရွှေစျေးနှုန်းများ အနည်းငယ်ပြန်ကျဆင်းလာခဲ့ပြီး ၁ ဒေါ်လာလျှင် ကျပ် ၆၅၀၀ ဝန်းကျင် နှင့် ရွှေ ၁ ကျပ်သားလျှင် ကျပ်သိန်း ၇၀ ဝန်းကျင်ရှိနေသည်။ 

စစ်တပ်အာဏာမသိမ်းမီ ၂၀၂၁ နှစ်ဆန်းပိုင်းတွင် အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၁၃၀၀နှင့် အခေါက် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်သာ ရှိခဲ့သည်။  

ထိုသို့ ကျပ်ငွေတန်ဖိုး အလွန်မင်းကျဆင်းနေ၍ ငွေကြေးဖောင်းပွနှုန်း လျော့ကျစေရန်ဟုဆိုကာ ဗဟိုဘဏ်က လက်ရှိ အတိုးနှုန်း ၇ ရာခိုင်နှုန်းကို ၉ ရာခိုင်နှုန်းသို့ တိုးမြှင့် လိုက်ကြောင်း  ဩဂုတ် ၁၄ တွင် ထုတ်ပြန်သည်။ 

ဘဏ်အပ်ငွေများအပေါ် ဘဏ်များကပေးသော အနည်းဆုံးအတိုးနှုန်းကိုလည်း ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ ပြောင်းလဲလိုက်သလို ချေးငွေများအပေါ် ဘဏ်များက ကောက်ခံမည့် အများဆုံး အတိုးနှုန်းကိုလည်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်သည်။ 

ယခုရက်ပိုင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုသည် စျေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်ကြီး မားလာခြင်း၊ ဝန်ထမ်းများကို ထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ နှင့် အလုပ်သမားများကို တစ်ရက် လုပ်ခ ထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးမြှင့်ပေးခြင်း၊ စစ်တပ်က စစ်သားသစ် အကြီးအကျယ် စုဆောင်းခြင်း၊  နိုင်ငံအလယ်ပိုင်း မန္တလေးမြို့အနီးအထိ ကျယ်ပြန့်လာသော တိုက်ပွဲများ နှင့် မတည်ငြိမ်သော နိုင်ငံရေးအခြေအနေများကြောင့် ဖြစ်သည်။ 

အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်ကို ၂၀၁၈ ခုနှစ် မေလတွင် တစ်ရက်လျှင် ကျပ် ၄၈၀၀ နှုန်းသတ်မှတ်ခဲ့သည်၊ ထိုအချိန်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၁၃၄၀  ဝန်းကျင်သာရှိ၍ တစ်ရက်လုပ်ခမှာ ၃ ဒေါ်လာ ကျော်ရရှိကြသည်။ 

စစ်အဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီက အလုပ်သမားများကို တစ်ရက်လုပ်ခ အပို ထောက်ပံ့ကြေးအဖြစ် ကျပ် ၁၀၀၀ နှစ်ကြိမ်တိုးမြှင့်ပေးထား၍ အလုပ်သမားများ၏ တစ်ရက်လုပ်ခ လစာသည် ကျပ် ၆၈၀၀ ဖြစ်လာသည်။ 

သို့သော်လည်း ယခုတွင် ၁ ဒေါ်လာသည် ကျပ် ၇၀၀၀ ဝန်းကျင်ရှိနေ၍ တစ်ရက်လုပ်ခသည် ၁ ဒေါ်လာဝန်းကျင်သာ ဖြစ်နေသည်။  

“အခု စီးပွားရေးပျက်တာက သမားရိုးကျမဟုတ်ဘဲ လူလုပ်တဲ့ စီးပွားရေးပျက်ကပ်ဖြစ်တာ၊ သူတို့ ရဲ့(စစ်ကောင်စီရဲ့) မူဝါဒအလွဲအမှားတွေကြောင့်ဖြစ်တာ” ဟု စီးပွားရေး နှင့်ဘဏ္ဍာရေး ကျွမ်းကျင်သူ မြန်မာ့စီးပွားရေးပညာရှင်တစ်ဦး ဆိုသည်။ 

ထိုသို့ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း နှင့်အတူ အခြေခံကုန်စျေးနှုန်းများသည်လည်း လိုက်ပါ မြင့်တက်နေ သည်။ 

လဆန်းပိုင်းတွင် ဆန်ကြမ်း ဧည့်မထအမျိုးအစား ၁ အိတ်သည် ကျပ် ၇၀,၀၀၀ ကျော်၊ ဆန်အချော ရွှေဘိုပေါ်ဆန်း ၁ အိတ်သည် ၁၄၀,၀၀၀ ကျော် ရှိခဲ့ရာမှ ယခုတွင် ဆန်ကြမ်း ၁ အိတ်သည် ကျပ် ၈၅၀၀၀ မှ ၉၀,၀၀၀ အထိရှိလာပြီး ဆန်ချောသည် ကျပ် ၁၅၀,၀၀၀ ဝန်းကျင်အထိ စျေးတက်လာလျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ 

စားအုန်းဆီသည်လည်း စစ်ကောင်စီက ရည်ညွှန်းလက်ကားစျေးကို ၁ ပိဿာလျှင် ကျပ် ၅,၅၀၀ ဝန်းကျင်သတ်မှတ်ထားသော်လည်း စျေးကွက်ထဲတွင် ၁ ပိဿာလျှင် ကျပ် ၁၂,၀၀၀ မှ ၁၅,၀၀၀ ဝန်းကျင် ဖြစ်လာသည်။ 

ယခင်က ကျပ် ၂၀၀ မှ ၃၀၀ ဝန်းကျင်သာရှိသည့် ကြက်ဥတစ်လုံးစျေးနှုန်းသည်ပင် ယခုတွင် ကျပ် ၄၀၀ မှ ၅၀၀ ဝန်းကျင် ဖြစ်နေသည်။ 

အလုပ်သမားများအတွက် တစ်ရက်လုပ်ခကို ကျပ် ၁,၀၀၀ ထပ်တိုးမြှင့်ပေးသော်လည်း ကုန်စျေးနှုန်းကလည်း တက်လာသည်ဟု ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်အလုပ်သမား အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ကျပ် ၁၀၀၀ တိုးတယ်ဆိုပြီး အမည်ပဲခံတာ၊ ကုန်စျေးနှုန်းက လိုက်တက်နေတော့ ဘာမှမထူးဘူး။ ပိုပြီးတော့ ဒုက္ခရောက်ဖို့ပဲရှိတော့တယ်၊ မလောက်ငရုံ အနေအထားပဲ ” ဟု ၎င်းက ဆိုသည်။

ကိုဗစ်ကာလအတွင်းက အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုရှိ အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ- AFP)

အကန့်အသတ်ဖြင့် စီးဝင်လာနေသော နိုင်ငံခြားသုံးငွေများကို စစ်ရေးရည်မှန်းချက်အတွက် အဓိက ပြန်လည်အသုံးပြုပြီး တိုင်းပြည်စီးပွားရေး ကို ဖျက်ဆီးနေသည်ဟုလည်း စီးပွါးရေးနဲ့ ဘဏ္ဍာရေးကျွမ်းကျင်သူ မြန်မာ့စီးပွါးရေးပညာရှင်က ပြောသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသော ဗဟိုဘဏ်၏ ငွေကြေးမူဝါဒ နှင့် စီမံခန့်ခွဲမှု အလွှဲအမှားများ၊ ဘတ်ဂျက် လိုငွေအတွက် အထိန်းအကွပ်မဲ့ ငွေစက္ကူရိုက်ထုတ်ခြင်းတို့ ဖြစ်ပေါ်နေသည်ဟု  ၎င်းက ပြောသည်။      

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတော်ဘတ်ဂျက်လိုငွေအတွက် ငွေစက္ကူအသစ် ရိုက်ထုတ်မှုမှာ ကျပ် ဘီလျံ ၃၀,၀၀၀ ခန့် ရိုက်နှိပ်ထုတ်ဝေခဲ့သည်ဟု အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၏ စီးပွားရေး၊ဘဏ္ဏာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက ဇွန်လအတွင်းက ထုတ်ပြန် ထားသည်။ 

အဆိုးဝါးဆုံး အမှားမှာ လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေများကို ရာခိုင်နှုန်းဖြင့် ဖြတ်ယူခြင်းပင် ဖြစ်ကြောင်း အထက်ပါစီးပွားရေးပညာရှင်က ထောက်ပြသည်။  

ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ပို့ကုန်သမားများ၏ ပို့ကုန်ရငွေ ဒေါ်လာ၏  ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့်လဲလှယ်ရန် ညွှန်ကြားခဲ့သည်။ သို့သော်လည်း မအောင်မြင် သော ထိုညွှန်ကြားချက်ကို တဖြည်းဖြည်းပြန်လည် ဖြေလျှော့ရပြန်သည်။  

ထိုရာခိုင်နှုန်းဖြင့် ဗဟိုဘဏ်က ဖြတ်ယူသော ဒေါ်လာများကို ပြင်ပပေါက်စျေးထက်နည်းသော ၁ ဒေါ်လာ ကျပ် ၂၁၀၀ သာပေးသည်။ 

၂၀၂၃ခုနှစ်၊ ဇူလိုင်လတွင် ၅၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာလတွင် ၃၅ ရာခိုင်နှုန်း နှင့် ယခုနှစ် ဩဂုတ်လတွင်မူ ၂၅ ရာခိုင်နှုန်းသာ လဲလှယ်ရတော့မည်ဖြစ်ဟု ဩဂုတ်လ ၇ ရက်နေ့တွင် ဗဟိုဘဏ်က ထုတ်ပြန်သည်။ 

စီးပွားရေးလုပ်ငန်းရှင်များအတွက် တွက်ချေမကိုက်စေသော ထိုမူဝါဒသည် ပို့ကုန်တင်ပို့မှုကို လျော့ကျ စေပြီး စစ်ကောင်စီကို ဒေါ်လာအကျပ်အတည်းပိုဖြစ်စေခဲ့သည်။ 

ထို့အပြင် စျေးကွက် နှင့် ကုန်စျေးနှုန်းကို ကန့်သတ်ထိန်းချုပ်ကာ ဖမ်းဆီးအရေးယူမှုများ ကြောင့်လည်း စီးပွားရေးလုပ်ငန်းရှင်များသည် စစ်ကောင်စီအပေါ် ယုံကြည်မှု ပိုမိုပျောက်ဆုံးသွားပြီဟု မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်နေသော သုတေသီတစ်ဦးက Myanmar Now ကို ပြောသည်။ 

ပို့ကုန်ရငွေ နှင့် ပို့ကုန်သွင်းကုန်လိုင်စင်များကို ကန့်သတ်ထိန်းချုပ်ထားမှုများကြောင့် ကုန်သွယ်မှုလိုငွေ မြင့်တက်ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ကြောင့်လည်း နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွား၍ စစ်ကောင်စီအတွက် နိုင်ငံခြားငွေ အကျပ်အတည်း ပိုဖြစ်သွားစေသည်ဟု ၎င်းက ပြောသည်။   

“၁၀၂၇ ကြောင့်လည်း ကုန်သွယ်ရေးက ရပ်သွားတယ်၊ နောက်စစ်မှုထမ်းဥပဒေကြောင့်လည်း ပိုပြီးတော့ ဆိုးသွားစေတယ်၊ ပြည်သူလူထုရဲ့ ယုံကြည်မှု လုံး၀မရှိတော့တာပေါ့။ စီးပွားရေး အကျပ်အတည်းက ပဲ့နင်း ဦးထောင်၊ ဦးနင်း ပဲ့ထောင်ဖြစ်နေပြီ ” ဟု ၎င်းက ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ချင်းရွှေဟော် တရုတ်-မြန်မာ နယ်စပ်ဂိတ် (ဓာတ်ပုံ- The Kokang) 

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)၊ အာရက္ခ တပ်တော်(AA) တို့၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သော ၁၀၂၇  စစ်ဆင်ရေးအတွင်း အမေရိကန်ဒေါ်လာဘီလီယံချီသော တရုတ်-မြန်မာ ကုန်သွယ်ရေး တစ်ခုလုံး ရပ်တန့်လုနီးပါး ဖြစ်နေသည်။ 

လက်ရှိအချိန်တွင် စစ်ကောင်စီသည် အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော် ကုန်သွယ်မှု တန်ဖိုးရှိသော တရုတ်-မြန်မာ၊ ထိုင်း-မြန်မာ နှင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း ၆ ခုကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များထံ လက်လွှတ်ဆုံးရှုံးထားရသည်။  

ထို့အပြင် နိုင်ငံအနောက်ဘက် အင်္ဂလားဒေ့နှင့် ကုန်သွယ်သော ရခိုင်ပြည်နယ်၊ မောင်တော ကုန်သွယ်ရေး စခန်းကိုလည်း အာရက္ခ တပ်တော်(AA) က ထိန်းချုပ်ထားသည်။  

ထို့အတွက်ကြောင့် စစ်ကောင်စီသည် ပို့ကုန်လုပ်ငန်းရှင်များကို သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ပို များသော ပင်လယ်ရေကြောင်းကုန်သွယ်ရေးကို ပြောင်းလုပ်ခိုင်းနေသည်။ 

ထိုသို့ စစ်ကောင်စီသည် နိုင်ငံခြားငွေ ရပေါက်ရလမ်းများ ဆုံးရှုံးနေရချိန် နိုင်ငံအလယ်ပိုင်းက ဒုတိယ စီးပွားရေးမြို့တော်ဟု ခေါ်ဆိုနေကြသော မန္တလေးမြို့အနီးအထိ ကျယ်ပြန့်လာနေသော တိုက်ပွဲများ ကြောင့်လည်း စစ်အသုံးစရိတ်ကို တိုးမြင့်သုံးစွဲနေရသည်။ 

ပြီးခဲ့သည့်၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် စစ်တပ်၏ စစ်အသုံးစရိတ်သည် ကျပ်ငွေ ဘီလျံ ၅၇၀၀ အထိ တိုးမြှင့်ထားသည်၊ ထိုပမာဏာသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ဘီလျံ ၁၇၀၀ ထက် ၂ဆ ကျော် များသည်။ 

ယခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင်မူ စစ်ကောင်စီသည် စစ်အသုံးစရိတ်ကို ထုတ်ပြန်ခြင်းမရှိပေ။ 

စစ်ကောင်စီသည် နိုင်ငံခြားငွေရလမ်း လျော့ကျပြီး အဓိကအားဖြင့် အမေရိကန်ဒေါ်လာ လိုအပ်ချက် သည် ယခုနှစ်အတွင်း ပိုမိုဆိုးရွားလာနေသည်၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ကိုပင် ဘီလျံနှင့်ချီသော ပို့ကုန်ရငွေများ ရရှိရန် ဖိအားပေးနေသည်။

“တိုင်းပြည်စီးပွားရေးက နိုင်ငံရေးအပြောင်းအလဲဖြစ်လာခဲ့ရင်တောင် စီးပွားရေးက တော်တော်နဲ့ ပြန်မကောင်းလာနိုင်တော့ဘူး” ဟု  စီးပွားရေး နှင့်ဘဏ္ဍာရေး ကျွမ်းကျင်သူ မြန်မာ့စီးပွားရေးပညာရှင်က ပြောသည်။  

NLD အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲမှုအားနည်းချက် များကြောင့်  တိုင်းပြည်စီးပွားရေး ကျဆင်းခဲ့ကြောင်း၊ အာဏာသိမ်းပြီးနောက် သူ၏ကြိုးစားမှုကြောင့်  စီးပွားရေးပြန်လည်ဦးမော့လာကြောင်း စစ်ခေါင်းဆောင်က မတ် ၁၈ ရက်နေ့က ရုရှားသတင်းဌာန  ITAR-TASS ကို ပြောကြားခဲ့သည်။

သူ၏ပြောဆိုချက်များမှာ ဝေဖန်မှု၊ ပျက်ရယ်ပြုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

အာဏာသိမ်းယူထားသော ၃ နှစ်ကျော်အတွင်းမှာပင် ဆိုးရွားလှသော တိုင်းပြည်စီးပွားရေး အခြေအနေ ကို ကြုံတွေ့နေရသည့်တိုင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်ဟုဆိုကာ မြန်မာတွင် မအောင်မြင်ခဲ့ဘဲ ကမ္ဘာတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(LCD) စာရင်းဝင်ဖြစ်ခဲ့သော သမဝါယစနစ်ကို ပြောင်းလဲကျင့်သုံးရန် ကြွေးကြော်နေပြန်သည်။ 

Show More

Related Articles

Back to top button