သတင်း

ကျောက်စိမ်းမြို့တော် ဖားကန့်၏ အမြင့်ဆုံးနေရာတွင် တည်ဆောက်ထားသည့် စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်

ဖားကန့် မြို့အတွက် လုံခြုံရေးတပ်စခန်းဖြစ်သော လမောင်ရွာအနီးရှိ စစ်တပ်စခန်းကုန်းကို ယနေ့ နံနက်တွင် KIA, KPDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။

ကချင်ပြည်နယ်ရှိ ကမ္ဘာကျော် ကျောက်စိမ်းမြို့တော် ဖားကန့်မြို့အနောက်ဘက် ၇ မိုင်ခန့်အကွာရှိ လမောင်စခန်းကုန်း ယနေ့နံနက်တွင် သိမ်းပိုက်လိုက်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ဖားကန့်မြို့အနီးတစ်ဝိုက်တွင် အမြင့်ဆုံးမြေနေရာတွင် တည်ဆောက်ထားပြီး ဒေသတွင်းစစ်ရေးတွင် အရေးပါသည့် လမောင်စစ်စခန်းကို ယမန်နေ့နံနက် အရုဏ်မတက်မီ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်တွင် သိမ်းယူနိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

“ဖားကန့်ကို လုံခြုံရေးယူထားတဲ့ စခန်းဖြစ်ပါတယ်” ဟု KIA အရာရှိက ဆိုသည်။

ထိုတိုက်ပွဲကို KIA နှင့်အတူ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တပ်များလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။

ပူးပေါင်းတပ်များသည် ဖားကန့် မြို့မြောက်ဘက် ၁၂ မိုင်ခန့်အကွာရှိ နောက်ထပ်စစ်စခန်းတစ်ခုဖြစ်သည့် တောမှော်စခန်းကုန်းကိုလည်း ဆက်လက်ထိုးစစ်ဆင်နေသည်။

ထိုစခန်းကိုလည်း ကချင်တော်လှန်ရေးတပ်များက သိမ်းပိုက်ထားသည်ဟု ဒေသခံတချို့က ဆိုသော်လည်း KIA အရာရှိက အတည်ပြုခြင်းမရှိပါ။

ဖားကန့်အနီး ယမန်နေ့က တစ်နေကုန် တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်ရှိ စစ်တပ်ဗျူဟာကုန်းနှင့် ဆိုင်းတောင်ရွာရှိ စစ်တပ်စခန်းကုန်းတို့မှ တိုက်ပွဲဖြစ်ပွားသည့်နေရာများကို လက်နက်ကြီးပစ်ကူပေးခဲ့ကြပြီး နံနက် ၁၀ နာရီခွဲခန့် တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ယမန်နေ့က တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ကူသော ဆိုင်းတောင်စစ်တပ်စခန်းကုန်းအနီးရှိ ဆိုင်းတောင်ရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကလည်း ဆိုသည်။

“မနေ့က ဆိုင်းတောင်ရဲစခန်းကနေ ဆိုင်းတောင် ရပ်ကွက် (၄) ကို လက်နက်ကြီးနဲ့ လှမ်းပစ်တော့ နိုင်ကဖီးဆိုတဲ့ နေရာမှာ ကျတယ်။ အဲဒီဆိုင်က ယောက်ျားနှစ်ယောက် မိန်းမနှစ်ယောက် ဒဏ်ရာရတယ်။ ဆိုင်းတောင်မှာတော့ တိုက်ပွဲမဖြစ်သေးဘူး” ဟု ထိုအမျိုးသားက ပြောသည်။

ကျောက်စိမ်း အလွန်အကျွံထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေသည့် ကချင်ပြည်နယ် ဖားကန့်မြို့ တစ်နေရာကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ယနေ့နံနက်တွင်လည်း ဆိုင်းတောင်စခန်းကုန်းနှင့် ဗျူဟာကုန်းတို့မှ လမောင်စခန်းကုန်းနေရာကို လက်နက်ကြီးများဖြင့် အဆက်မပြတ်လှမ်းပစ်နေပြီး လက်နက်ကြီးကျည်တချို့မှာ လမောင်ရွာအနီးရှိ မနကျေးရွာအနီးသို့ပါ ကျရောက်နေသည်ဟု သိရသည်။

KIA ထံ လက်လွှတ်လိုက်ရသည့် လမောင်စခန်းကုန်းကို ယနေ့ မွန်းတည့် ၁၂ နာရီခွဲခန့်တွင် လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားခဲ့သည်ဟု သိရသည်။

အလားတူ မွန်းလွဲပိုင်းတွင် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး လေကြောင်းဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့ပြီး ထိခိုက်မှု အသေးစိတ်အခြေအနေကို မသိရပေ။

လိုင်ဇာမြို့ကို စစ်တပ်က လေကြောင်းဖြင့် လာရောက်တိုက်ခိုက်စဉ် နယ်မြေချင်းထိစပ် နီးကပ်နေသည့် တရုတ်နိုင်ငံဘက်ခြမ်းတွင် လေယာဉ်ပျံဝဲမှုများ၊ မီးကျည်ပစ်ဖောက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ လက်လွှတ်လိုက်ရသည့် လမောင်စခန်းကုန်းနှင့် ၂ မိုင်ခန့်သာ ဝေးသည့် မနကျေးရွာအနီးတွင်လည်း ယနေ့ နံနက်က အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုက စစ်ကြောင်းထိုးနေသည်ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

“ဖားပြင် ဆုတောင်းကုန်းနဲ့ မနရွာကြား ကုမ္ပဏီနားမှာ စစ်ကြောင်းထိုးထားတာပေါ့၊ ပြီးတော့ သူတို့ လက်နက်ကြီးနဲ့ ပစ်လို့ မနရွာကိုလည်း ကျတယ်၊ စစ်ရေးလည်း တင်းမာနေတော့ မနတစ်ရွာလုံးလည်း ပြေးနေကြတယ်”

လက်နက်ကြီးရန်၊ လေကြောင်းရန်နှင့် စစ်ရေးတင်းမာမှုကြောင့် လမောင်ရွာ၊ မနရွာ၊ ရှရော်ခရွာ စသည့် ရွာများမှ ဒေသခံများမှာ နီးစပ်ရာ ကျေးရွာများသို့ စစ်ရှောင်နေကြရသည်ဟု သိရသည်။

ဖားကန့်မြို့ကို ဝင်ထွက်နိုင်သည့် အဓိလမ်းမကြီးများပေါ်မှ အရေးကြီးစစ်စခန်းများကို ယခုနှစ်ဆန်းပိုင်းတွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည့်အတွက် ဖားကန့်မြို့စောင့်တပ်စခန်းများဟု ခေါ်ဆိုနိုင်သည့် စခန်းကုန်း အနည်းငယ်သာ ကျန်တော့သည်။

လမောင်စခန်းကုန်းကို သိမ်းပိုက်နိုင်သည့်အတွက် ဖားကန့်မြို့တွင် တောမှော်၊ ဆိုင်းတောင်၊ ကံစီးဗျူဟာကုန်း၊ လုံးခင်းကျေးရွာအနီးရှိ ယမ်းချက်စခန်းနှင့် မြို့ပေါ်ရှိ ဗျူဟာကုန်းစသည့် စခန်းတချို့ ကျန်ရှိနေသေးသည်။

ထို့ပြင် ဖားကန့်မြို့အရှေ့ဘက် ၃၅ မိုင်ခန့်အကွာတွင်ရှိပြီး ဖားကန့်မြို့ဝင်ပေါက်တစ်ခုဟု ပြော၍ရနိုင်သည့် ကာမိုင်းမြို့မှ ကာမိုင်းဗျူဟာကုန်းလည်း သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်ဟု KIA ထံမှ သိရသည်။

မိုးဦးကျကာလမှ စတင်ကာ ကချင်ပြည်နယ်အတွင်း ထိုးစစ်များ ရပ်တန့်နေပြီး ယခုနှစ် ဇူလိုင် ၁၅ ရက်မှစတင်ကာ မိုးမောက်မြို့နယ်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သလို ဖားကန့်မြို့၌ ဩဂုတ် ၁၄ ရက်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်များအထိ မိုးမောက်မြို့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၄၃၇) တပ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီလေတပ်ကလည်း အပြင်းအထန်တိုက်ခိုက်နေသည်ဟု သိရသည်။

ယခုနှစ် မတ်လဆန်းမှ စတင်သည့် ကချင်ထိုးစစ်အတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ ရာနှင့်ချီသည့် တပ်စခန်းပေါင်းများစွာနှင့် ဆွမ်ပရာဘွမ်၊ အင်ဂျန်း ယန်၊ ဒေါ့ဖုန်းယန်၊ ဆဒုံး၊ မြို့လှ၊ ဆင်ဘိုမြို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာကြီးတို့ကို သိမ်းပိုက်ထားနိုင်သည်။

ယနေ့ (ဩဂုတ် ၁၆) တွင် ထပ်မံရရှိသော အချက်အလက်များအရ ဩဂုတ် ၁၅ ရက်တစ်ရက်အတွင်း ဖားကန့်မြို့နယ်အတွင်း လမောင်စခန်းကုန်းအပြင် တောမှော်စခန်းကုန်းကို ညနေ ၄ နာရီခွဲခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ တစ်ရက်အတွင်း သိမ်းပိုက်ခဲ့သည့် အဆိုပါစခန်းကုန်း ၂ ခုမှာ ဖားကန့်မြို့လုံခြုံရေးအတွက် အရေးကြီးသည့် စခန်းများဖြစ်သည်ဟု သိရပြီး သုံ့ပန်းနှင့် ခဲယမ်းရရှိမှုအခြေအနေ မသိရသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာအခြေစိုက် ခလရ ၁၂၃ အား တိုက်ခိုက်သိမ်းပိုက် ပြီးနောက် တွေ့ရသော KIA တပ်ဖွဲ့ဝင်တချို့။  (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now) 

Show More

Related Articles

Back to top button