ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို သိမ်းပိုက်နိုင်ရန် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ အပြင်းအထန်ခုခံနေသည်ဟု သိရသည်။
တိုက်ပွဲစတင်သည့် ဩဂုတ် ၉ ရက်နေ့ကတည်းက လေကြောင်းမှ အကြိမ်ပေါင်းများစွာ ဗုံးကြဲနေသည်ဟု ဒေသခံများက ဆိုသည်။
ယနေ့ (ဩဂုတ် ၁၄) နံနက်တွင် သီပေါမြို့ အရှေ့မြောက်ဘက် နမ္မတူမြို့သို့ သွားသည့် လမ်းပိုင်းရှိ စခန်းများကို TNLA က ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။
“မနက်ကတည်းက ဖြစ်နေတာပဲ၊ အဲဒီ (စစ်ကောင်စီ)တပ်စခန်းတွေရှိတဲ့ဘက်ရော၊ မြို့ထဲ ဘက်ရော ဗုံးကြဲတယ်လို့ သိရတယ်။ မြို့တွင်းထိတော့ ဘယ်သူမှသွားမကြည့်ရဲကြဘူး တဲ့၊ ရဲစခန်းဘက်ရော ကြဲတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။
လျှပ်စစ်ဓာတ်အား၊ ဖုန်း၊ အင်တာနက် ပြတ်တောက်နေသော သီပေါမြို့၏ အသေးစိတ် အခြေအနေများကို မသိရသေးပေ။
ယမန်နေ့ (ဩဂုတ် ၁၃) တွင် အမှတ် ၂၃ ခြေလျင်တပ်ရင်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ထိုနေရာသို့ တိုက်လေယာဉ်ဖြင့် တစ်ကြိမ်၊ Y 12 အမျိုးအစား ထောက်ပို့လေယာဉ်ဖြင့် ၈ ကြိမ် ကြဲချသည့် ဗုံးအရေအတွက် စုစုပေါင်း ၄၄ လုံး ရှိသည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်စဉ်ကို ပိုမိုသိရှိနိုင်ရန် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ထောင်နှင့်ချီသည့် ဒေသခံများမှာ ဩဂုတ် ၈ ရက်နေ့မှစတင်ကာ မြို့တွင်းမှ ထွက်ခွာနေကြသည်၊ ယနေ့တွင်လည်း ထွက်ခွာသွားကြသူ ရာဂဏန်း ရှိသည်ဟု ထိုသူများကို ကူညီပေးနေသည့် အသင်းအဖွဲ့များက ပြောသည်။
“အခုလောလောဆယ်ကတော့ ထွက်နေကြတုန်းပဲ၊ သူထွက် ကိုယ်ထွက်ပဲ၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ထွက်ပြေးနေရတာ” ဟု သီပေါအခြေစိုက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လေကြောင်းကတော့ ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက တိုက်နေတာ တအားပဲ၊ ပြင်းထန်နေတာ သေချာတယ် အဲဒါကတော့”
TNLA က ထိုအသင်းများ ဝင်ထွက်ခွင့် ကန့်သတ်ထားသည်၊ မြို့အနောက်ဘက် ၅ မိုင်ခန့် အကွာရှိ ဘော်ကြိုဘုရားအနီးတွင် စစ်ရှောင်များကို ကားများဖြင့် သွားရောက်ခေါ်ဆောင်ပေးနေသည်ဟုလည်း ကူညီပေးနေသူ နောက်တစ်ဦးက ပြောသည်။
“တချို့လည်း အခြေအနေစောင့်ကြည့်ချင်တဲ့သူတွေပေါ့ဗျာ၊ စောင့်ကြည့်ရင်း အခြေအနေဆိုးလာတော့ ထွက်လာတာပေါ့၊ သူတို့အိမ်နား ကျလာတာ နီးလာပြီဆိုရင် ထပ်ထွက်လာကြတာပေါ့၊ လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းကတော့ တော်တော်များတယ်၊ ကားကို အစီးရာနဲ့ချီရှိတယ်” ဟု သူက ပြောသည်။
တိုက်ပွဲမှာ မြို့အရှေ့မြောက်ဘက်တွင် အဓိက ဖြစ်ပွားနေသည်၊ မြို့တွင်းနှင့် မြို့အရှေ့မြောက်ဘက်ရှိ တပ်စခန်းနေရာများအပြင် ကျေးရွာအချို့လည်း လေကြောင်းမှ ဗုံးကြဲခံရသည်ဟု သိရသည်။
ယနေ့ နံနက် ၆ နာရီခွဲခန့်မှ စတင်ကာ Y 12 လေယာဉ်၊ နံနက် ၈ နာရီတွင် ဂျက်တိုက်လေယာဉ်၊ နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီအထိ Y 12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သီပေါဒေသခံတစ်ဦးက အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် ဘူတာရပ်ကွက်မှ အမျိုးသားနှစ်ဦး ဒဏ်ရာရသွားသည်၊ တစ်ဦးမှာ ပေါင်ကျိုးသွားသည်အထိ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။
သီပေါအခြေစိုက် လူမှုကူညီရေးအသင်းတစ်ခု၏ အဆိုအရ ဩဂုတ် ၁၂ ရက်အထိ သေဆုံးသူ ၈ ဦးရှိသည်ဟု ဆိုသည်။
ဒေသတွင်းအခြေစိုက် ရွှေဖီမြေသတင်းဌာနကမူ ဩဂုတ် ၉ ရက်နေ့မှ စတင်သည့် သီပေါတိုက်ပွဲအတွင်း ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးသေဆုံးခဲ့သည်ဟု ရေးသားထားသည်။
သြဂုတ် ၁၃ ရက်နေ့က နောင်ချိုမြို့နယ် နောင်လင်ရွာအနီးတွင် TNLA က အမှတ် ၃၀၂၊ ၃၂၅ နှင့် ၃၀၆ ခြေမြန်တပ်ရင်းများနှင့် တိုက်ပွဲများ ဆက်ဖြစ်နေသည်။
ထိုရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် တစ်ကြိမ်၊ Y 12 အမျိုးအစား ထောက်ပို့လေယာဉ်ဖြင့် ၁၁ ကြိမ်၊ စုစုပေါင်း ဗုံးအလုံးရေ ၈၅ လုံး လာရောက်ကြဲချခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
TNLA တပ်များ သိမ်းပိုက်ထားသည့် မန်တုံမြို့ကိုလည်း ယမန်နေ့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၅ လုံးကြဲခဲ့သည်ဟု သိရသည်။