သတင်း

နောင်ချိုမြို့နယ် အမြောက်တပ်တွင် တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်တောင်ပိုင်းနှင့် ဆက်စပ်နေသည့် တောင်ခမ်းရွာအမြောက်တပ်ကို TNLA က ထိုးစစ် ဆင်နေသည်၊ ဗုံးကြဲခံထားရသည့် SSPP ကလည်း ၎င်းတို့ ထပ်မံတိုက်ခိုက်ခံရပါက တုံ့ပြန်မည်ဟု ပြောသည်။

တောင်ခမ်းတိုက်ပွဲအခြေအနေပြ မြေပုံ။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့တောင်ဘက်ရှိ စစ်ကောင်စီ အ‌မြောက်စခန်းကွပ်ကဲမှုဌာနချုပ်အခြေစိုက်ရာ တောင်ခမ်းရွာတွင်   တိုက်ပွဲပြင်းထန်နေကြောင်း တအာင်း/ပလောင်တပ်  TNLA သတင်းရင်းမြစ်အချို့နှင့် တောင်ခမ်းဒေသခံ အချို့က Myanmar Now ကို ပြောသည်။

TNLA ဦးဆောင်သည့် မဟာမိတ်တပ်များသည် နောင်ချိုမြို့ကို သိမ်းပိုက်ပြီးနောက် မြို့၏ တောင်ဘက် ၁၈ မိုင်အကွာရှိ တောင်ခမ်းရွာကို ဆက်လက်ထိုးစစ်ဆင်ခြင်းဖြစ်သည်။

တောင်ခမ်းတွင် အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် ရှိပြီး အဆိုပါဌာနချုပ်လက်အောက်ခံ အမှတ် (၃၅၄) ၊ (၂၀၆) ၊ (၄၀၆) အမြောက်တပ်ရင်းများ ရှိသည်။

ဩဂုတ်လ ၄ ရက်နေ့မှစတင်ကာ တောင်ခမ်းမြောက်ဘက် ၇ မိုင်အကွာရှိ ရွှေမုဋ္ဌောရွာနှင့် ကန်ကြီးရွာသို့  စစ်ကြောင်းတချို့စစ်လွှတ်၍ ခုခံစေသော်လည်း TNLA ၏ ထိုးစစ်ကို  အောင်မြင်စွာ တားဆီးနိုင်ခြင်းမရှိပေ။

တောင်ခမ်းတိုက်ပွဲသည် ဩဂုတ်လ ၁၀ ရက်တွင် စတင်ပြီး ဩဂုတ်လ ၁၃ ရက်အထိ ဆက်လက်ပြင်းထန်နေသည်။

TNLA သတင်းနှင့် ပြန်ကြားရေးဌာနကလည်း တောင်ခမ်းရွာရှိ အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်တွင် တိုက်ပွဲဖြစ်နေကြောင်း ဩဂုတ်လ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် တောင်ခမ်းတွင်သာမက တောင်ခမ်းရွာအနီးရှိ နောင်လိတ်ရွာတွင်လည်း ဖြစ်ပွားနေကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီဘက်က တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၂) တပ်အပါအဝင် ခမရ (၃၂၅) နှင့် ခမရ (၃၀၆) တို့လည်း ပါဝင်တိုက်ခိုက်နေကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲအခြေအနေ ပိုမိုသိရှိနိုင်ရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို Myanmar Now က အွန်လိုင်းမှတဆင့် စာပို့မေးမြန်းခဲ့သော်လည်း ယခုသတင်းရေးသားချိန်အထိ ပြန်ဖြေခြင်းမရှိပေ။

TNLA နှင့် နီးစပ်သူတစ်ဦးကမူ စစ်ကောင်စီတပ် ထိုနေရာတွင် ဆက်ရှိနေဆဲဖြစ်သည်ဟု ပြောသည်။

“တောင်ခမ်းတိုက်ပွဲကတော့ တိုက်နေတုန်းပဲ။ ဒီမနက် စစ်ကူပို့တာတော့ ကြားမိတယ်။ မရသေးဘူး” ဟု ၎င်းက ဆိုသည်။

တောင်ခမ်းဒေသခံ ဈေးသည် အမျိုးသားတစ်ဦးကလည်း တောင်ခမ်းရှိ စစ်ကောင်စီ၏ အမြောက်တပ်တွင် တိုက်ပွဲ ဖြစ်နေသည်၊  ရွာခံများလည်း စစ်ရှောင်နေသည်ဟု   Myanmar Now ကို ပြောသည်။

“တောင်ခမ်းမြောက်ဘက်တကြောမှာဖြစ်နေတာ။ အသံတွေတော်တော်ကျယ်ကျယ်ကြားရတယ်။ လေယာဉ်တွေဘာတွေလည်း ဝဲသွားတယ်။ လေယာဉ်ကတော့ နေ့ရောညရောဝဲတယ်။ တော်တော်များများတော့ ရှောင်ကုန်ကြပြီ။ တစ်အိမ်ကို တစ်ယောက်၊ နှစ်ယောက်၊ လူကြီးပိုင်းလောက် ပဲကျန်တယ်” ဟု ၎င်းက ဆိုသည်။

စျေးသည် အမျိုးသားလည်း စစ်ရှောင်ရန်ပြင်နေပြီး တောင်ခမ်းမှ စစ်ရှောင်သည့် ဒေသခံအရေအတွက် ရာဂဏန်းခန့်ရှိနိုင်သည်၊  ဒေသခံအများစုက တောင်ခမ်းရွာနှင့် ၄ မိုင်ခန့်ဝေးသည့် ရွာများတွင် စစ်ရှောင်နေကြခြင်းဖြစ်သည်ဟု သိရသည်။

  “အရင်ကမကြုံဖူးဘူး။ အခုရှောင်ရတာ ပထမဦးဆုံးပဲ။ စစ်ရှောင်ရရင်တော့ လူတိုင်းက ဒုက္ခရောက်ကြတာပဲ။ အခြေအနေကတော့ ပိုဆိုးလာမယ်ထင်တယ်” ဟု ၎င်းက  မှတ်ချက်ပေးသည်။

စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသူများ၏ တယ်လီဂရမ်ချန်နယ်တွင်လည်း TNLA နှင့် မဟာမိတ်များ၏ ထိုးစစ်ကြောင့် တောင်းခမ်း၌ တိုက်ပွဲဆက်ဖြစ်နေကြောင်း ရေးသားမှုများရှိသည်။

တောင်ခမ်းနှင့် ရှမ်းပြည်တောင်ပိုင်း ဆက်စပ်မှု

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီးဇင်ယော်ကလည်း တောင်ခမ်းသည် ရှမ်းပြည်နယ်တောင်ပိုင်းအား ကျောက်ဂူ – အင်တော – ရပ်စောက်လမ်းမှ တဆင့် ဝင်နိုင်ရန် ဂိတ်တံခါးသဖွယ်အရေးပါနေသဖြင့် စစ်ရေးအရ အရေးပါကြောင်း ဆိုသည်။

တောင်ခမ်းရွာတောင်ဘက် ကျောက်ဂူ နှင့် အင်တောကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး အင်တော တောင်ဘက် ဆက်ဆင်းပါက ရပ်စောက်မြို့နယ်တွင် ဗထူးတပ်မြို့သို့ ရောက်မည် ဖြစ်သည်။

စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရှောင်လာသည့် တပ်တချို့ကို ပြန်သုံးကာ တောင်ခမ်းတွင် ခံစစ်ဆင်နေခြင်းဖြစ်ကြောင်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

“ခမရ (၃၀၂) ဧလာတပ် ၊ သူက တပ်မ ၉၉ လက်အောက်ခံပေါ့၊ အဲဒီတပ် တစ်တပ်တွေ့တယ်။ ခမရ (၃၀၆) ဖြူးကတပ်၊ အဲဒီတပ်တစ်တပ်ထပ်ရောက်နေတယ်။ ရှမ်းမြောက်ကနေဆုတ်လာတဲ့ မိုင်းရယ် ခမရ ၃၂၅ တပ်၊ အဲဒီတပ်တွေပါ ဆုတ်ရင်းနဲ့ရောက်လာတော့ စစ်တပ်အတွက် လားရှိုးခံစစ်က နေရာရွေ့လာတယ်လို့တောင် ပြောရမယ်” ဟု ၎င်းက ဆိုသည်။

တောင်ခမ်း အမြောက်တပ်များအချင်းချင်း လက်နက်ကြီးပစ်ကူပေးရေးဆိုင်ရာ စစ်ရေးအစီအမံများလည်း  ပြင်ဆင်ထားပုံရကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“ခက်ခက်ခဲခဲတိုက်ယူရမယ့် သဘောရှိတယ်။ သူတို့ (စစ်ကောင်စီတပ်)က တောင်ခမ်းဘက်ကို မဝင်နိုင်အောင် ပြင်ဦးလွင်၊ ဝက်ဝံဘက်ကိုလည်း ပိတ်ထားတာပေါ့။ အခုက ခံစစ်ပြင်ထားတဲ့ စစ်ကောင်စီဘက်ကတောင် နဲနဲသာနေသလားလို့ ပြောရမလိုဖြစ်နေပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်သည်   TNLA ၏ မဟာမိတ်များဖြစ်သော ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ ရှမ်းပြည်တပ်မတော် (SSA/SSPP) တို့နှင့်လည်း စစ်ရေးတင်းမာနေသည်။

စစ်ကောင်စီက ဩဂုတ်လ ၇ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ အရှေ့မြောက်ဘက် ဆနင်းတောင်ရှိ SSPP စခန်းကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ SSPP နှင့် UWSA တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ SSPP အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းဆုထံ Myanmar Now က မေးမြန်းကြည့်ရာ SSPP စခန်းဗုံးကြဲခံရကြောင်း ၎င်းက အတည်ပြုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  လက်နက်သယ်နေသည်ဟူသော သတင်းကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု   အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက အကြောင်းပြန်လာကြောင်း  ဗိုလ်မှူးကြီးစိုင်းဆုက ပြောသည်။

“နေပြည်တော်ကို ဖုန်းဖြင့်ဆက်သွယ်ပြောဆိုသတိပေးခဲ့ပါတယ်။ တပ်မတော်မှ ဒီလို လေယာဉ်ပစ်ခတ်မှုမျိုး ဆက်လုပ်ဆောင်ပြီး မိမိတို့ရဲဘော်တွေ ထိခိုက်ဒဏ်ရာများရှိလာပါက မိမိတို့ UWSA+SSPP က တပ်မတော်နှင့် စစ်ဖြစ်မယ်ဆိုတာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်” ဟု   ဗိုလ်မှူးကြီးစိုင်းဆုက ဩဂုတ်လ ၉ ရက်တွင် ဆိုသည်။ 

စစ်ကောင်စီကမူ ရှမ်းပြည်တောင်ပိုင်းဒေသ ဗုံးကြဲမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button