၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး နိုင်ငံရေးအဖွဲ့ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လက်နက်ကိုင်အဖွဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လည်း အာဏာရှင်ပြုတ်ကျရေး တော်လှန်တိုက်ပွဲများတွင် ပါဝင်လာသည်။
၂၀၂၁ ခုနှစ် မတ်လတွင် PLA ၏ တပ်သားများ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA) ထံတွင် မွမ်းမံစစ်သင်တန်းများ တက်ရောက်ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၏ အကူအညီဖြင့် လက်နက်တပ်ဆင်ကာ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေခြင်းဖြစ်သည်။
မြောက်ပိုင်းမဟာမိတ် အဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် MNDAA တို့ ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစု တပ်မဟာ ၆၁၁ တွင်လည်း PLA ပါဝင်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးတွင် PLA တပ်ဖွဲ့ဝင်များလည်း ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့သည်။
PLA ၏ တပ်ဖွဲ့စည်းပုံတွင် စစ်ကိုင်းတိုင်းကို အမှတ် ၁ စစ်ဒေသ၊ တနင်္သာရီတိုင်းကို အမှတ် ၈ စစ်ဒေသ၊ MNDAA ထိန်းချုပ်နယ်မြေတွင် အမှတ် ၉ စစ်ဒေသ၊ TNLA ထိန်းချုပ်နယ်မြေတွင် အမှတ် ၂ စစ်ဒေသဟူ၍ ဖွဲ့စည်း၍ စစ်ကောင်စီကို တော်လှန်နေသည်။
Myanmar Now က ဆက်သွယ်မေးမြန်းစဉ် PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရှမ်းပြည်မြောက်ပိုင်း မြို့သိမ်းတိုက်ပွဲများ၊ မန္တလေးတိုင်း တိုက်ပွဲများ၊ မဟာမိတ်တပ်များနှင့် ဆက်ဆံရေးအခြေအနေ၊ PLA အပေါ် ပြည်သူက ထားရှိသည့် သဘောထားတို့ကို ပြောပြသည်။
မေး − ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲတိုက်ပွဲ၊ ရှမ်းပြည်မြောက်ပိုင်း စစ်ဆင်ရေးတွေမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဘယ်လိုအခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ။
ဖြေ − အရင်တုန်းက သိန္နီတိုက်ပွဲမှာ ပါဝင်တိုက်တဲ့ တပ်ရင်း ၂ ရင်းမှာ ၁ ရင်းက တအာင်းနယ်ဘက်ကို ရောက်သွားတယ်။ (ရှမ်းပြည်မြောက်ပိုင်း) မိုးမိတ်မြို့နဲ့ (မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ) တွင်းငယ်ရွာတွေကြားထဲမှာ ဖြတ်တောက်ရေးတာဝန်ကို ယူရပါတယ်။ အဲဒီမှာ (တွင်းငယ်ရွာ) တွင်းချောင်းတံတား စောင့်တဲ့တပ်ကို (တိုက်ခိုက်ရာမှာ) လဲ အောင်မြင်ခဲ့တယ်။ မိုးမိတ်-တွင်းငယ် လမ်းပိုင်းကိုလည်း အောင်မြင်အောင် ထိန်းချုပ်နိုင်ခဲ့တယ်။
နောက်ပိုင်းရက်တွေမှာက မိုးမိတ်မြို့သိမ်းတိုက်ပွဲကို တိုက်ဖို့ TNLA က စပြီးတော့ ထိုးစစ်တွေစမယ်ဆိုတဲ့ အချိန်အထိပေါ့။ ထိုးစစ်တွေစပြီးဝင်ကြတယ်။ နောက်ပိုင်းကျတော့ ကျွန်မတို့ PLA တပ်ဖွဲ့တွေက မိုးမိတ်မြို့ထဲကို ဝင်တိုက်တယ်။ ကြားဖြတ်တိုက်တဲ့ အချိန်မှာလည်း ကျွန်မတို့ PLA ရဲဘော်တွေက တာဝန်ယူတယ်။ ဆက်လက်ပြီးတာဝန်ယူတယ်ပေါ့။ မိုးမိတ်မြို့သိမ်းတိုက်ပွဲမှာလဲ ကျွန်မတို့ PLA ရဲ့ ၆၀၇ တပ်ရင်းက ရဲဘော်တွေက တာဝန်ယူတယ်။ ၈၀၁ တပ်ရင်းလဲ ပူးပေါင်းပါဝင်တယ်။ တပ်ကူရောက်လာပြီးတော့ ဖြည့်ပြီးတော့ တိုက်ပေးတယ်။
အဲဒီမှာ မန္တလေး-PDF (MDY-PDF) တို့ ဘာတို့ကကျတော့ သူတို့က ဒရုန်းတို့ (မြေပြင်မှ ထိန်းချုပ်မောင်းနှင်ရသည့် ဝေဟင်ပျံဒရုန်း) ဘာတို့ အပိုင်းတွေလုပ်တယ်။ မြေပြင်တိုက်ခိုက်ရေးအပိုင်းတွေကျတော့ တအာင်းတပ်နဲ့ ကျွန်မတို့ PLA ပေါ့။ တအာင်းတပ်မှာလဲ ဒရုန်းပိုင်းတွေလည်း ပါတယ်။ အဲဒီလိုမျိုးတိုက်လိုက်တော့ မိုးမိတ်မြို့သိမ်းတိုက်ပွဲ အောင်မြင်စွာတိုက်နိုင်ခဲ့တယ်။ အဲ့ဒီအတွက်ကြောင့်လည်း တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် TNLA ကို ကျေးဇူးအများကြီးတင်ပါတယ်၊ ဒီလိုပူးတွဲတိုက်ခွင့်ပေးတဲ့အတွက်ကြောင့်။ သူတို့ဆီက တိုက်ပွဲအတွေ့အကြုံတွေ အများကြီးရပါတယ်။
နောက်ပြီးတော့ မိုးမိတ်ပြည်သူလူထုရဲ့ မထင်မှတ်ထားတာထက် ပိုပြီးတော့ နွေးထွေးဖြူစင်တဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုတာတွေကို ရတဲ့အခါမှာ ဖော်ပြစရာ စကားတောင်မရှိအောင် ဝမ်းမြောက်ပီတိဖြစ်မိပါတယ်။ ကျေးဇူးလဲအများကြီးတင်ပါတယ်။ မိုးမိတ်ပြည်သူတွေလဲ လုံခြုံအေးချမ်းပါစေ၊ ကျန်းမာပါစေလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ပြောချင်ပါတယ်။ ကျွန်မတို့ ရဲဘော်တွေကို အကြင်နာမေတ္တာပေးတယ်၊ နွေးနွေးထွေးထွေး စောင့်ရှောက်ပေးတဲ့အတွက် လှိုက်လှိုက်လှဲလှဲကြိုဆိုတဲ့အတွက်ကြောင့် ကျွန်မတို့ဘယ်တော့မှ ရင်ထဲမှာ မမေ့ပါဘူး။
မေး − ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက စစ်ဆင်ရေးတွေမှာလဲ PLA ပါဝင်နေတယ်လို့ သိရပါတယ်၊ ဘယ်စစ်မျက်နှာပြင်တွေမှာ တိုက်ပွဲဝင်နေပါသလဲ။
ဖြေ − ကျွန်မတို့ရဲ့ အမှတ် ၂ စစ်ဒေသက တအာင်းနယ်ထဲမှာ ရှိတာဆိုတော့ အမှတ် ၂ စစ်ဒေသရဲ့ တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ၂၂၂ တပ်ဖွဲ့ဟာဆိုရင် မိုးကုတ်နဲ့ သပိတ်ကျင်းကြားမှာရှိတဲ့ လမ်းကြောကို ဖြတ်တောက်ရေး တာဝန်ယူပါတယ်။ အဲဒီမှာလဲ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်တွေဖြစ်ပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ကြံ့ကြံ့ခံပြီးတော့ ဖြတ်တောက်ရေးပိုင်းကို အောင်မြင်စွာထမ်းဆောင်ခဲ့ပါတယ်၊ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
မိုးမိတ်တိုက်ပွဲမှာ တိုက်ပွဲဝင်နေတဲ့ TNLA တို့ MDY-PDF တို့ တခြားမဟာမိတ်အဖွဲ့တွေ ရှိမယ်။ သူတို့တွေ အောင်အောင်မြင်မြင်နဲ့ မြို့ကို သိမ်းပိုက်နိုင်ဖို့ ကျွန်မတို့ PLA ရဲဘော်တွေက ကျရာနေရာကနေ တာဝန်ယူပေးခဲ့ပါတယ်။ အဲ့ဒီ မိုးကုတ်နဲ့ သပိတ်ကျင်း လမ်းပိုင်းမှာလဲ တာဝန်ယူပေးပါတယ်။ မတ္တရာဘက်မှာ MDY-PDF က မြို့သိမ်းတိုက်ပွဲတွေ တိုက်တဲ့အခါမှာ ကျွန်မတို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ ၁၀၁ တပ်ရင်းက ပူးပေါင်းပြီးတော့ တိုက်ပေးနေတာရှိပါတယ်။ ၆၀၇ တပ်ရင်းက ရဲဘော်တချို့ရယ် ၁၀၁ က ရဲဘော်တွေရယ်ပေါ့၊ ၂ ဖွဲ့ပေါင်းပြီးတော့၊ ဝင်ရောက်ပြီးတော့ တိုက်ပွဲဝင်နေပါတယ်။
ဒီတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ကျွန်မတို့ပါဝင်တဲ့ စစ်မျက်နှာတွေကတော့ နံပတ် ၁ က မိုးမိတ်-တွင်းငယ်လမ်းနဲ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲ၊ နောက်ပြီးတော့ အခုလားရှိုးမြို့သိမ်းတိုက်ပွဲ၊ လားရှိုးနဲ့ တန့်ယန်းကြားက ရန်သူ့စစ်ကူတွေကို ဖြတ်တောက်တဲ့ နေရာမှာလဲ တာဝန်ယူတယ်ပေါ့။ ဖြတ်တောက်ရေးရော မြို့သိမ်းတိုက်ပွဲရောပေါ့နော်။ မိုးမိတ်မှာဆိုလဲ ဖြတ်တောက်ရေးရော၊ မြို့သိမ်းရော နှစ်ဖက်လုံးတာဝန်ယူတယ်။ မတ္တရာဘက်မှာလဲ မြို့သိမ်းတိုက်ပွဲမှာ ဝင်တိုက်ဖို့ ကျွန်မတို့ ရဲဘော်တွေ ပူးပေါင်းဆောင်ရွက်နေတယ်။ MDY-PDF နဲ့ အခြား Local PDF တွေ (ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေ) အများကြီးနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်နေပါတယ်။ နောက်တစ်ခုက မိုးကုတ်နဲ့ သပိတ်ကျင်းကြားထဲမှာလဲ ဖြတ်တောက်ရေးတာဝန်တွေ ယူနေပါတယ်။
တစ်ပြိုင်နက်တည်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့ အချိန်ကိုက်ပေါ့၊ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာလည်း တိုက်ပွဲဖော်တယ်၊ ဘုတလင်မြို့တိုက်ပွဲလဲ ပါတယ်၊ (စစ်ကိုင်းတိုင်း) ပခုက္ကူ မြစ်ခြေမြို့နယ်တွေမှာလည်း တိုက်ပွဲဖော်ပါတယ်။ နောက်ထပ်လဲ ကျွန်မတို့ အစွမ်းကုန်ကြိုးစားပြီးတော့ ပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်ဖို့ ဆက်ပြီးတော့ တိုက်ပွဲဝင်ဖို့ အစီအစဉ်တွေရှိပါတယ်။
မေး − ၁၀၂၇ စစ်ဆင်ရေးမှာ သိန္နီမြို့သိမ်းတိုက်ပွဲကို PLA က အဓိက ဦးဆောင်ခဲ့တယ်လို့သိရတယ်။ တိုက်ပွဲဝင်ခဲ့ရတဲ့ အခြေအနေ ပြောပါဦး။
ဖြေ − ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၁၀ လပိုင်း ၂၇ ရက်နေ့ ၂၀၂၃၊ မနက် ၄ နာရီလောက်ကနေစပြီးတော့ ပူးပေါင်းမဟာမိတ်တပ်တွေဖြစ်တဲ့ မြောက်ပိုင်း ၃ ဖွဲ့နဲ့ အတူပေါင်းပြီးတော့ ၁၀၂၇ စစ်ဆင်ရေးမှာ ကျွန်မတို့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကနေပြီးတော့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
၁၀၂၇ စတဲ့ ပထမ ၁ ရက်၊ ၂ ရက်အတွင်းမှာ သိန္နီမြို့ထဲ စာသင်ကျောင်းတွေ၊ ထွေအုပ်ရုံးတွေ အပါအဝင် မြို့နေရပ်ကွက်တွေ အကုန်လုံးပေါ့၊ ထိန်းချုပ်လိုက်တယ်။ နောက်ပိုင်းကျတော့ သိန္နီမြို့ကနေ ၂ ကီလိုမီတာ (၆ ဖာလုံ) လောက် ဝေးတဲ့နေရာမှာ (စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်) စကခ ၁၆ တပ် ရှိတယ်။ စကခ ၁၆ ကို အကုန်လုံးသိမ်းနိုင်မှသာ သိန္နီမြို့က အလုံးစုံ ထိန်းချုပ်လို့ရမှာဆိုတော့ ဒီ စကခ ၁၆ ကို သွားတယ်။ စကခ ၁၆ ကလည်း အဲဒီအချိန်မှာ ပြန်ထိုးဖို့ကို တင့်ကားတွေ ၄၊ ၅ စင်း နဲ့ လာတာတွေရှိတယ်။ ပြန်တိုက်လာတာတွေရှိတယ်။
ပထမဆုံးစတဲ့နေ့ကတည်းကိုက ကျွန်မတို့ရဲဘော်တွေနဲ့ ဒရုန်းတပ်ဖွဲ့တွေက စကခ ၁၆ ကို ဒရုန်းတွေချတယ်။ မြို့ထဲကိုလဲ ပြိုင်တူကပ်ကြတော့ မြို့ကို စီးလို့ရသွားတယ်ပေါ့၊ အဲဒီ ၁ ရက် ၂ ရက်အတွင်းကို။ နောက်ပြီးတော့ စကခ ၁၆ ကနေပြီးတော့ အပြန်အလှန်ထိုးစစ်တွေ ကျွန်မတို့ဘက်တွေကို ဝင်လာတော့ ကျွန်မတို့က စကခ ၁၆ နဲ့ ကပ်လျက်နေရာတွေကို သွားတိုက်ရတယ်။ တံတားနားမှာလဲ တိုက်ပွဲတွေဖြစ်တယ်။ တံတားနား ကပ်လျက်ရွာက ဟိုတာရွာ။ ဟိုတာရွာကနေ စကခ ၁၆ ဘက်ကို ဆက်သွားလိုက်ရင် ကောင်းဟုန်ကျေးရွာအုပ်စုကရွာတွေရှိတယ်။ ဟိုတာရွာရဲ့ တံတားထိပ်နားက ကင်းစခန်းကို အရင်တိုက်တာပေါ့။ ဒရုန်းတွေနဲ့ ချတိုက်တော့ အဲဒီနားက အိမ်တွေလည်း အပျက်အစီးတွေ အရမ်းများတယ်။
ကျွန်မတို့ရဲဘော်တွေ အထိအခိုက်ကတော့ ရဲစခန်းသိမ်းတဲ့ အချိန်တုန်းက နည်းနည်းရှိတယ်။ နောက်ပိုင်းသိပ်မရှိဘူး။ လူထုအိမ်တွေတော့ ပျက်စီးတာပေါ့။ ဟိုတာရွာပြီးတော့ ကောင်းဟုန်ရွာရှိတယ်။ ကောင်းဟုန်ရွာ ပြီးရင်တော့ စကခ ၁၆ ဧရိယာထဲကို ဝင်တဲ့ ကျောင်းခန်းရွာ ဆိုတာရှိတယ်။ အဲဒါက စကခ ၁၆ နဲ့ မျက်နှာချင်းဆိုင်ပေါ့။ လမ်း ဟိုဘက်ခြမ်းဒီဘက်ခြမ်း စကခ ၁၆ က ဒီဘက်က သိန္နီဘက်က သွားတဲ့လမ်း ညာဘက်ခြမ်းမှာဆိုရင် ဘယ်ဘက်မှာက ကျောင်းခန်းရွာရှိတယ်။ ဟိုဘက်မှာက ကျန်တဲ့ တပ်တွေရှိတယ်။
အဲ့လိုနေရာတွေမှာ ကျွန်မတို့ရဲဘော်တွေနဲ့ဆက်ပြီး တိုက်ပွဲတွေဖြစ်ကြတယ်။ တိုက်ပွဲက ဘယ်လောက်ကြာသွားလဲဆိုတော့ ၁၀၂၇ စတဲ့အချိန်ကနေပြီးတော့ အဲ့ဒီနောက်ပိုင်း သူတို့ကို ၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့မှာ ပြန်ထိုးစစ်ဆင်တဲ့အချိန်နဲ့ အားလုံးတွက်လိုက်ရင် အလုံးစုံသိမ်းမိတဲ့ ဇန်နဝါရီ ၇ ရက်နေ့အထိ တွက်လိုက်ရင် အားလုံး ၇၂ ရက် ကြာခဲ့ပါတယ်။ ဒါက ပထမ စစ်ဆင်ရေးမှာ။ အဲဒီတော့ ဒီသိန္နီတိုက်ပွဲက ပထမဦးဆုံးပေါ့။ ကျွန်မတို့ PLA နဲ့တွက်တယ်ဆိုရင် ကျွန်မတို့ PLA ရဲ့ ပထမဦးဆုံးအောင်မြေပေါ့နော်။
မေး − သန္နီမြို့သိမ်းတိုက်ပွဲမှာ တခြားမဟာမိတ်တွေနဲ့ PLA ပူးပေါင်းစစ်ဆင်တာမျိုးရော ရှိလား။
ဖြေ − မြေပြင်တပ်တွေအနေနဲ့က ကျွန်မတို့ PLA တပ်တွေပါတယ်။ MNDAA က တပ်တွေပါတယ်။ အများစုကတော့ ကျွန်မတို့တပ်တွေပေါ့။ ဒရုန်းအဖွဲ့တွေထဲမှာ ပါတာကတော့ မိတ္ထီလာ PDF တို့အပါအဝင် မန္တလေး PDF အုပ်စုတွေ MOD က ဒရုန်းသင်တန်းပေးထားတဲ့ တပ်တွေပါတယ်။ အဲဒီ သိန္နီဟာ ကျွန်မတို့ PLA ရဲ့ အောင်မြေဖြစ်သလို ကျွန်မတို့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ပထမဆုံးအောင်မြေလဲ ဟုတ်တယ်။ မဟာမိတ်အားလုံးပေါ့၊ ဒရုန်းအဖွဲ့တွေအပါအဝင် မဟာမိတ်အားလုံးရဲ့ အောင်မြေဖြစ်ပါတယ်။ သိန္နီပြည်သူလူထုကိုလဲ ကျွန်မတို့ ရဲဘော်တွေကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
လူထုနဲ့ သောင်းသောင်းဖြဖြကြိုဆိုတာတွေ ထိတွေ့တာတွေ မလုပ်ခဲ့ရပေမဲ့ ဒီမြို့ခံလူထုတွေက ကျွန်မတို့ရဲဘော်လေးတွေကို စောင့်ရှောက်ပေးတာတွေ၊ ချစ်ခင်ပေးတာတွေ မြင်ရကြားရတဲ့အတွက်ကြောင့် ရဲဘော်လေးတွေကလဲ စေတနာ၊ မေတ္တာထားပြီးတော့ အပြန်အလှန်ပေါ့၊ သူတို့ဆီကလဲ ပြန်ကြားရတယ်၊ လူထုဆီကလဲ ပြန်ကြားရတဲ့အတွက်ကြောင့် သိန္နီလူထုကို တအားကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ PLA သမိုင်းမှာလဲ လုံးဝကို မေ့ဖျောက်လို့မရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ နဂိုကလဲ သမိုင်းဝင်မြို့တွေ ဖြစ်တဲ့အတွက်ကြောင့် သိန္နီလူထုကို ကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်။
မေး − ကိုးကန့်တပ် MNDAA ရဲ့ ဦးဆောင်မှု တိုင်းရင်းသားမဟာမိတ်တွေစုပေါင်းပြီး ၆၁၁ တပ်မဟာကို ဖွဲ့စည်းထားတယ်လို့ သိရတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ ၆၁၁ တပ်မဟာရဲ့ အရေးပါမှုကို ပြောပြပါ။
ဖြေ − ဒီ၁၀၂၇ စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ၆၁၁ တပ်မဟာ အများကြီးပါတယ်။ အဓိကပါတာကတော့ MNDAA မှာလဲ ၂၁၁ တပ်မဟာရှိတယ်၊ ၃၁၁ တပ်မဟာရှိတယ်၊ ၅၁၁ တပ်မဟာရှိတယ်၊ ၆၁၁ တပ်မဟာကတော့ တိုင်းရင်းသားတွေပေါ့။ ပြည်မကလာတဲ့ အဖွဲ့တွေပေါ့။ အထူးသဖြင့် (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်) BPLA, PLA, လားရှိုး PDF, မိတ္ထီလာ PDF ပါတယ်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ပါတယ်၊ MNDAA ကလဲ ပါတယ်။ အကုန်ပေါင်းစပ်ပြီးတော့ ၆၁၁ တပ်မဟာဆိုပြီးတော့ ဖွဲ့ထားတာပေါ့နော်။ အဲဒီအဖွဲ့က အဓိကလှုပ်ရှားတယ်၊ ပါဝင်တယ်ပေါ့နော်။ ဒရုန်းအဖွဲ့တွေ အပါအဝင် ၆၁၁ တပ်ရဲ့ အင်အားကလဲ အများကြီးပေါ့နော်၊ ဒီ ၁၀၂၇ စစ်ဆင်ရေးမှာ အားဖြစ်တယ်။
၂၁၁ တပ်မဟာတို့ကလဲ MNDAA စပြီး တည်ထောင်ကတည်းက စဖွဲ့တဲ့ အဖွဲ့တွေဆိုတော့ တိုက်ပွဲအတွေ့အကြုံတွေ အများကြီးရှိတဲ့ တပ်မဟာကြီးပေါ့။ သူတို့တွေလဲ ဦးဆောင်ပြီးတိုက်ကြတယ်။ နောက်ပြီး မြောက်ပိုင်းမဟာမိတ်ညီနောင် AA တို့၊ TNLA တို့ကလဲ တကယ့်ကို ညီရင်းအစ်ကို စိတ်ဓာတ်တွေနဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်တွေနဲ့ တိုက်ပွဲဝင်တဲ့အတွက်ကြောင့် ၁၀၂၇ က အောင်မြင်ခဲ့တာပေါ့။
ရှမ်းမြောက်တစ်ခွင်မှာရှိတဲ့ လူထုအပြင်ကို ဗမာတစ်ပြည်လုံးမှာရှိတဲ့ လူထုတွေရော နိုင်ငံတကာမှာ ရောက်နေတဲ့ လူထုတွေကလဲ တစ်ခဲနက်အားပေးတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်ပေါ့နော်။ ဒီစစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဘယ်အဖွဲ့ကိုမဆို ကြိုဆိုနေတဲ့အတွက်ကြောင့် ၁၀၂၇ စစ်ဆင်ရေးဟာ တစ်ဟုန်တိုးပေါ့ ပထမလှိုင်းအနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေက တစ်တိုင်းပြည်လုံးကိုရော၊ တစ်ကမ္ဘာလုံးကိုရော ရိုက်ခတ်သွားတာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ ပါဝင်ရတဲ့အတွက်ကြောင့် ကျွန်မတို့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလဲ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ မဟာမိတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ အတွေ့အကြုံကောင်းတွေရခဲ့တယ်။ လူထုရဲ့ မေတ္တာတွေလဲ ရရှိခဲ့တဲ့အတွက်ကြောင့်၊ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင်တိုက်ပွဲကြီး ပါဝင်ခဲ့ရခဲ့တဲ့အတွက်ကြောင့် ဂုဏ်ယူပါတယ်။
မေး − ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ − ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ခြေတစ်လှမ်းတိုင်းဟာ အဖိနှိပ်ခံ ပြည်သူလူထုရဲ့ အကျိုးစီးပွားကလွဲပြီး တခြားမရှိပါဘူး။ တစ်မြို့ပြီးတစ်မြို့ လွတ်မြောက်သွားလို့ သူတို့ရဲ့ ပျော်ရွှင်ဝမ်းမြောက်လာတာတွေက ပြည်သူလူထုနဲ့ထပ်တူပေါ့၊ သူတို့ဖြစ်နေတဲ့ ပီတိတွေ၊ ပျော်ရွှင်မှုတွေက ကျွန်မတို့ကိုယ်ထဲမှာ သွေးကြောထဲမှာ အကုန်စိမ့်ဝင်ပြီးတော့ ပျော်ရွှင်မိပါတယ်။ လူထုနဲ့ထပ်တူပေါ့နော်။ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေနဲ့ ထပ်တူဝမ်းမြောက်မိပါတယ်။ တစ်နိုင်ငံလုံး လွတ်မြောက်သည်အထိ ဆက်ပြီးတော့ တိုက်ပွဲဝင်သွားဦးမှာပါလို့ ပြည်သူလူထုကို တင်ပြချင်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းအကျဉ်း
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ၁၉၃၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပါတီ၏ ပထမဆုံးခေါင်းဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် အာဏာရလာသည့် ဖဆပလ ခေါ် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်အတွင်း နိုင်ငံရေးသဘောတရား ကွဲပြားမှုများကြောင့် ၁၉၄၈ မတ်လတွင် ဗကပခေါင်းဆောင်များ တောခိုခဲ့သည်။
ဗကပသည် စစ်ဗိုလ်ချုပ်များ ကြီးစိုးသည့် မြန်မာနိုင်ငံတွင် စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်သည့် အကြီးမားဆုံးသော လက်နက်ကိုင်အဖွဲ့ ဖြစ်ခဲ့သည်။ သို့သော် ဗကပတွင် ပါဝင်သည့် ကိုးကန့်နှင့် ဝ တပ်ဖွဲ့များ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ခဲ့ကြသည်။ ဗကပတွင် လက်နက်ကိုင်တပ်နှင့် ထိန်းချုပ်နယ်မြေများ မရှိတော့သည့်အတွက် ဗိုလ်ချုပ်ကျော်ဇော၊ သခင်ဗသိန်းတင် ကဲ့သို့သော ပါတီခေါင်းဆောင်များ တရုတ်နိုင်ငံတွင် ခိုလှုံခဲ့ကြသည်။