UWSA ‘ဝ’ တပ်များ ဝင်ရောက်သွားသော ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော် လားရှိုးတွင် ယနေ့ (ဇူလိုင် ၂၉) တွင် ပစ်ခတ်မှုများရှိနေသော်လည်း ကိုးကန့်တပ် (MNDAA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအရှိန် လျော့ကျသွားကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၃ ကတည်းက စတင်ခဲ့သည့် ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များ၏ လားရှိုးမြို့သိမ်းထိုးစစ်တွင် မြို့၏ ရာခိုင်နှုန်းအများစုကို သိမ်းပိုက်ထားသည်။
MNDAA ဦးဆောင်ပြီး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ နိုင်ငံအနှံ့မှ စစ်အာဏာသိမ်းဆန့်ကျင်သူများဖြင့် ဖွဲ့စည်းထားသော တပ်မဟာ ၆၁၁ တို့က ပူးပေါင်း တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ယနေ့နံနက်တွင် လက်နက်ကြီးသံတချို့သာ ကြားရပြီး တိုက်ပွဲသံများ ငြိမ်သက်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှု ရပ်ထားသည်ဟု ဒေသခံတချို့က ပြောကြသည်။
“လုံးဝရပ်သွားတာတော့ မဟုတ်ဘူး လက်နက်ကြီးသံတွေ ထွက်နေသေးတယ်၊ ခါတိုင်းထက်တော့ လျော့ပေါ့သွားတယ်၊ တစ်လုံးတလေပေါ့၊ ခါတိုင်း တစ်နာရီ အလုံးနှစ်ဆယ်လောက် ကြားရရင် အခု နှစ်လုံးသုံးလုံးလောက်ပဲ ကြားရတော့တယ်” ဟု မြို့ခံ အမျိုးသားတစ်ဦးက ယနေ့ မွန်းလွဲ ၄ နာရီခန့်က ပြောသည်။
တိုက်ပွဲအရှိန် လျော့ကျလာသည့် အကြောင်းရင်းများထဲတွင် ရှမ်းမြောက်တွင် အင်အားအကြီးဆုံးတပ်ဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တပ်တချို့ လားရှိုးမြို့သို့ ရောက်ရှိ တပ်စွဲထားခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ဒေသခံတချို့က သုံးသပ်သည်။
တိုက်ပွဲများပြင်းထန်နေချိန် ဇူလိုင် ၂၇ ရက် ညဦးပိုင်းတွင် UWSA တပ်ဖွဲ့များ လားရှိုးမြို့တွင်းသို့ ဝင်ရောက်လာပြီး မြို့ပေါ်ရှိ ၎င်းတို့အဖွဲ့၏ ဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် တိုက်ပွဲဖြစ်နေသည့် နှစ်ဖက်တပ်များကို အသိပေးပြီး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု “ဝ” အဖွဲ့က ဆိုသည်။
UWSA တပ်များမှာ ရပ်ကွက် (၁) တွင် ရှိသည့် ၎င်းတို့၏ ဆက်ဆံရေးရုံးအနီးတစ်ဝိုက်တွင် တပ်စွဲထားပြီး ယမန်နေ့ ညက “ဝ” တပ်များ လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
သို့သော် ၎င်းတို့တပ်များ လားရှိုးမြို့ပေါ်မှ ပြန်ထွက်ခွာခြင်းမရှိသေးကြောင်း “ဝ” ပြည်တောင်ပိုင်း အမှတ် (၁၇၁) စစ်ဒေသမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးဆမ်ဘိမ်းက Myanmar Now ကို အတည်ပြုသည်။
“မဆုတ်ဘူးဗျ အဲဒါ သတင်းအမှား။ မဆုတ်ဘူး၊ မြို့ပြင်ဘက် စက်ရုံသွားကြည့်တာ၊ မနေ့က ရဲဘော်တွေ လုံခြုံရေးတွေ သွားကြည့်တာ မဆုတ်ဘူး” ဟု ဦးဆမ်ဘိမ်းက ဆိုသည်။
လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီတပ်များမှာ လားရှိုးတက္ကသိုလ်ဝင်းအနီးအနား၊ ရပ်ကွက် (၁၂) ရှိ အချို့နေရာများနှင့် လားရှိုးလေယာဉ်ကွင်းအနောက်ဘက်ရှိ လက်ရုံးတပ်အချို့ ကျန်ရှိနေသေးသည်ဟု သိရသည်။
လားရှိုးမြို့ပေါ်ရှိ နေရာအနှံ့ ပြန့်ကျဲနေသော စစ်ကောင်စီတပ်များကို ကိုးကန့်တပ်နှင့် ပူးပေါင်းတပ်များက လိုက်လံ ရှင်းလင်းနေပြီး ရပ်ကွက် (၁၂) ရှိ အမှတ် (၂) ရဲစခန်းမှ စစ်သားနှင့် ရဲများမှာ ပြီးခဲ့သည့် ရက်များအတွင်း စခန်းကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု ဒေသခံတချို့က ပြောသည်။
လားရှိုးတစ်မြို့လုံးနီးပါးကို ကိုးကန့်တပ်က စိုးမိုးထားပြီး ၎င်းတို့၏ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူပြီး ကင်းလှည့်နေသည့် ဓာတ်ပုံများကို ကိုးကန့်တပ်က ၎င်းတို့သတင်းများ ဖော်ပြလေ့ရှိသော The Kokang Facebook Page တွင် ယနေ့ ထုတ်ပြန်သည်။
ဇူလိုင် ၂၈ ရက်အထိ လားရှိုးမြို့နေရာတချို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ကလည်း မြို့ပေါ်နေရာတချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နှစ်ရက်အတွင်း ဒေသခံ ၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မြို့ခံတချို့နှင့် ပရဟိတအသင်းများထံမှ သိရသည်။
“မန်ဆူကျောင်းမှာက ပွဲချင်းပြီး ၅ ယောက်သေတယ်၊ ပြီးရင် ကျွန်တော်တို့ ရပ်ကွက် (၃) ဘက်မှာက ပွဲချင်းပြီးက ၁ ယောက်သေတယ်၊ နှစ်ယောက်က ဒဏ်ရာရတယ်” ဟု ပရဟိတအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။
မန်ဆူဘုန်းကြီးကျောင်းသည် ရပ်ကွက် (၁၂) တွင် ရှိပြီး ၁၀၂၇ ပထမလှိုင်းတွင် သိန္နီမြို့မှ စစ်ရှောင်လာသည့် စစ်ရှောင်အများစု ခိုလှုံနေကြသည်။
ထို့ပြင် ရပ်ကွက် (၁) တွင်လည်း ပြီးခဲ့သည့် ရက်များအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့သလို ဇူလိုင် ၂၆ ရက်တွင် အဆိုပါ ရပ်ကွက်ရှိ မဟာမြိုင်ဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါး ကျည်ထိမှန်ကာ သေဆုံးခဲ့သည်ဟု သိရသည်။
“အခြေအနေက ကိုယ့်အိမ်ထဲကိုကျ ကိုယ်သေ ကိုယ့်အိမ်ထဲမှာ ကိုယ်မြှုပ်လို ဖြစ်နေတာ။ ရပ်ကွက် (၁) မဟာမြိုင်ဘုန်းကြီးကျောင်းတစ်ဝိုက်မှာလည်း ဘုန်းကြီးတစ်ပါး ကျည်မှန်လို့လည်း ဘုန်းကြီးကျောင်းထဲ ကျင်းတူးပြီး မြှုပ်ခဲ့ရတာပဲ” ဟု ယမန်နေ့က လားရှိုးမြို့မှ ထွက်ခွာလာသူ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ဇူလိုင် ၂၇၊ ၂၈ ရက်များတွင် စစ်ကောင်စီတပ်က လားရှိုးမြို့ပေါ်ရှိ ထွေအုပ်ရုံး၊ စုဆောင်းရေးတပ်နှင့် လားရှိုးကောလိပ်အနီးရှိ ပြည်ထဲရေးရုံးတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
လားရှိုးမြို့ပေါ်တွင်လည်း တိုက်ပွဲအတွင်း သေဆုံးနေသည့် ဒေသခံများ၏ အလောင်းများ ပြန့်ကျဲနေသည်ဟု လားရှိုးမြို့ခံ စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောသည်။
“လမ်းမှာ သေနေတာရှိတယ်၊ အခန်းထဲမှာ ပိတ်မိပြီး လက်နက်ကြီးထိပြီး သေထားတဲ့ဟာ တွေရှိတယ်၊ ဒါတောင်မှ ကျွန်တော်တို့ လိုင်းတွေပိတ်ထားလို့ အဆက်အသွယ်မရလို့ ပြေးလာတဲ့ ဒေသခံတွေက ပြောတာ၊ တချို့ဆို ရဲတွေ လမ်းမှာ လက်ပြတ်ပြီး သေနေတဲ့ဟာတွေရှိတယ်ဗျာ” ဟု အဆိုပါ ကူညီသူ အမျိုးသားက ပြောသည်။
မြို့တွင်းမှ ထွက်လာသည့် စစ်ရှောင်များကို ပရဟိတအသင်းများက သွားရောက်ကူညီလိုသော်လည်း MNDAA က မြို့တွင်းဝင်ရောက်ခွင့်ကို ပိတ်ထားသည်ဟု သိရသည်။
လားရှိုးမြို့ကို ကိုးကန့်တပ်က ထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင်ရှိသော်လည်း စစ်ကောင်စီလက်ကျန်တပ်များကို မရှင်းလင်းနိုင်သေးသည့်အတွက် လားရှိုးတစ်မြို့လုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ။
ယမန်နေ့ (ဇူလိုင် ၂၈) နံနက်က လားရှိုးအကျဉ်းထောင် ပွင့်သွားပြီးနောက် ထိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် အကျဉ်းသားများ လွတ်မြောက်သွားသည်။
လွတ်မြောက်သွားသူများထဲတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူ ဦးထွန်းထွန်းဟိန်လည်း ပါဝင်သည်။
ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လားရှိုးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူက Myanmar Now ကို ယနေ့ ပြောထားသည်။
ယခုနှစ် ဇွန် ၂၅ ရက်တွင် ပြန်လည်စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် နောင်ချို၊ မိုးကုတ်နှင့် စဉ့်ကူးမြို့တို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ရှမ်းမြောက်ရှိ ကျောက်မဲ၊ မိုးမိတ်၊ လားရှိုး၊ မန္တလေးတိုင်း မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။