သတင်း

MNDAA ထံ စွန့်လွှတ်လိုက်ရသည့် လားရှိုးတွင် ‘ဝ’ တပ်များ တပ်စွဲခွင့် စစ်ကောင်စီ သဘောတူဟု ဆို

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA က ဝင်ရောက်စိုးမိုးနေပြီဖြစ်သော လားရှိုးမြို့အတွင်း UWSA “ဝ” စစ်ကားများ ယမန်နေ့ ညနေက ဝင်ရောက်လာသည့်အတွက် ဒေသတွင်းအခြေအနေကို လူထုက စောင့်ကြည့်နေကြသည်။

ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့တွင် UWSA ‘ဝ’ တပ်ဖွဲ့များ ဝင်ရောက်တပ်စွဲရန်အတွက် စစ်ကောင်စီကလည်း သဘောတူခဲ့သည်ဟု UWSA တပ်ဖွဲ့၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်း ယမန်နေ့ (ဇူလိုင် ၂၇) ညဦးပိုင်းတွင် UWSA “ဝ” တပ်ဖွဲ့အင်အား ရာချီ ဝင်ရောက်လာပြီး စစ်ကောင်စီတပ်နှင့် MNDAA တို့ သဘောတူညီချက်ဖြင့် မြို့ပေါ်ရှိ နေရာတချို့တွင် ဝင်ရောက်တပ်စွဲလိုက်ခြင်း ဖြစ်သည်။

UWSA တပ်ဖွဲ့ဝင်များ အပြည့်တင်ဆောင်လာသည့် စစ်ကားများဖြင့် မြို့တွင်း ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့၏ ဆက်ဆံရေးရုံးအနီးတစ်ဝိုက် တပ်စွဲကာ လုံခြုံရေးယူထားကြသည်ဟု မြို့ခံတချို့ထံမှ သိရသည်။

UWSA တပ်ဖွဲ့၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက “လားရှိုးမြို့ရှိ တိုင်းရင်းသားပေါင်းစုံများရဲ့ လိုလားချက်အရ လားရှိုးမြို့နယ်ရှိ ကျွန်တော်တို့ ပြင်ပဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် “ဝ” ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂၇ ရက်နေ့ ညက လားရှိုးမြို့သို့ တရားဝင် ဝင်ရောက်ခဲ့တာ မှန်ပါတယ်” ဟု ဆိုသည်။

လားရှိုးမြို့သို့ မဝင်မီ တိုက်ပွဲဖြစ်ပွားနေသည့် အဘက်ဘက် (MNDAA, စစ်ကောင်စီ) တို့ကို အကြောင်းကြားခဲ့ပြီး အဆိုပါ နှစ်ဖက်တပ်များ၏ သဘောတူညီချက်ဖြင့် ယခုလို ဝင်ရောက်တပ်စွဲခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားနေသည့် နှစ်ဖက်တပ်များတွင် မည်သည့်ဘက်မှ ပါဝင်ခြင်း၊ ပံ့ပိုးခြင်းနှင့် ဝင်ရောက် စွက်ဖက်ခြင်းတို့လည်း ပြုလုပ်မည် မဟုတ်ကြောင်း ဆိုသည်။

UWSA အဖွဲ့၏ “ဝ”ပြည်တောင်ပိုင်း အမှတ် ၁၇၁ စစ်ဒေသမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးဆမ်ဘိမ်းကလည်း အထက်ပါ အချက်များကို ထပ်မံအတည်ပြုသည်။

“(ဆက်ဆံရေးရုံးကို ကာကွယ်ရန်) အဓိကက အဲဒါလည်း ပါတာပေါ့ဗျာ၊ အားလုံးကလည်း ဒီပြည်သူလူထုရဲ့ တောင်းဆိုချက်ပေါ့ဗျာ၊ အားလုံးတည်ငြိမ်ဖို့ အားလုံး ပြဿနာတွေမဖြစ်အောင်ပေါ့ အဓိကက ဒါပါပဲဗျာ” ဟု ဦးဆမ်ဘိမ်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက်ကတည်းက လားရှိုးမြို့ထိုးစစ်ကို ကိုးကန့်တပ် (MNDAA) ဦးဆောင်ကာ တိုက်ခိုက်နေခြင်း ဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) တစ်ခု အခြေစိုက်သောမြို့ကို သိမ်းယူနိုင်ရန် ကြိုးပမ်းနေကာ ယမန်နေ့ မွန်းလွဲအထိ မြို့ပေါ်ရှိ နေရာအများစုကို MNDAA က သိမ်းယူထားသည်။

မြို့တွင်းသို့ “ဝ”တပ်ဖွဲ့များ ဝင်ရောက်လာခြင်းကို လားရှိုးမြို့ လုံခြုံရေးအတွက် တာဝန်ယူထားသည့် MNDAA အဖွဲ့မှ ရဲအရာရှိ မစ္စတာစိုင်း ဆိုသူကလည်း Myanmar Now ကို အတည်ပြုသည်။

သို့သော် နှစ်ဖက်တပ်ဖွဲ့များ၏ မြေပြင်ဆက်ဆံရေး အခြေအနေနှင့် အသေးစိတ်အချက်အလက်များကို ပြောဆိုရန်မူ သူက ငြင်းဆန်သည်။

UWSA နှင့် MNDAA တို့သည် လက်နက်ကိုင်များ ပေါင်းထားသည့် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ကြသည်။

FPNCC တပ်ပေါင်းစုတွင် ‘ဝ’ တပ် UWSA၊ ကချင်တပ် KIA၊ ရခိုင်တပ် AA၊ ကိုးကန့်တပ် MNDAA၊ ရှမ်းတပ် SSPP၊ တအာင်းတပ် TNLA၊ မိုင်းလား အခြေစိုက်တပ် NDAA တို့လည်း ပါဝင်ပြီး နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းမှုရှိကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၀ ကလည်း တန့်ယန်းမြို့နယ်အတွင်းသို့ UWSA တပ်ဖွဲ့ဝင်အင်အား နှစ်ထောင်ခန့် ဝင်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းရန်ဟုဆိုကာ စစ်ကောင်စီနှင့် ညှိနှိုင်းကာ ဝင်ရောက်ခဲ့ခြင်ဖြစ်သည်ဟု “ဝ” တပ်ဖွဲ့က ပြောထားသည်။

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် MNDAA နှင့် ပူးပေါင်းတပ်များက ၎င်းတို့ သိမ်းပိုက်နိုင်ခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့တို့ကို “ဝ” တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။

ဇူလိုင် ၃ ရက်မှ စတင်သည့် လားရှိုးမြို့သိမ်းတိုက်ပွဲသည် တစ်လနီးပါးခန့် ကြာမြင့်လာပြီးနောက် လားရှိုးမြို့ပေါ်ရှိ နေရာအများစုကို MNDAA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို စတင် လုပ်ကိုင်နေပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

လားရှိုးမြို့တွင် ရှိနေသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို လိုက်နာရန် စည်းကမ်းများနှင့် ပြည်သူများကို ခွဲခြားဆက်ဆံခြင်းမပြုရန် ပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းရန်၊ စစ်သုံ့ပန်းများကို ကောင်းမွန်စွာဆက်ဆံရန် စသည့် အချက်များကိုလည်း ထုတ်ပြန်ထားသည်။

ယမန်နေ့ ညနေ ၆ နာရီတွင် MNDAA ၏ ၆၁၁ တိုင်းရင်းသားတပ်မဟာက ခလရ (၆၈) ခြေလျင်တပ်ရင်းရှိ စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ယာဉ် ၁၀ စီး အပါအဝင် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းနိုင်ခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။

အဆိုပါ တပ်မဟာ ၆၁၁ သည် နွေဦးတော်လှန်ရေးကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာသည့် နိုင်ငံအနှံ့မှ တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အလားတူ ယမန်နေ့က လားရှိုးမြို့ ဆင်တောင်ထိပ်တွင် တည်ရှိသော အာဏာသိမ်းတပ်၏ အသံလွှင့်ကုန်းမြင့်စခန်းကိုလည်း MNDAA က သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကမူ ကိုးကန့်တပ်များသည် အရပ်ဝတ်ဖြင့် မြို့ထဲ ဝင်လာပြီးနောက်မှ စစ်ယူနီဖောင်းဝတ်ကာ အဆောက်အအုံများရှေ့ ဓာတ်ပုံရိုက်ကာ ဝါဒဖြန့်နေကြောင်း စွပ်စွဲထားသည်။

Show More

Related Articles

Back to top button