သတင်း

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအားလုံး NLD ပါတီမှသာ ဖြစ်နိုင်

လာမည့်အစိုးရသက်တမ်းအတွက် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များသည် NLD ပါတီမှသာ ဖြစ်နိုင်ခြေများမည်ဟု အာဏာရ ဒီချုပ်ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က Myanmar Now ကို ပြောသည်။ 

“အခြေခံဥပဒေ ပေးထားချက်ကိုက ဝန်ကြီးချုပ်ဆိုတာက အစိုးရ ဖွဲ့ရတဲ့သူကပဲ ပေးတာပေါ့နော်။ အဲဒီတော့ ဘာပဲပြောပြော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နိုင်လို့ အစိုးရဖွဲ့မယ်ဆိုရင် ဝန်ကြီးချုပ်ကတော့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ဖြစ်ဖို့များပါတယ်” ဟု မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

ယနေ့ ဇန်နဝါရီ ၂၁ က မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်း)၌ ပြုလုပ်သော အခမ်းအနားသို့ တက်ရောက်လာသော ဝန်ကြီးချုပ်က ယင်းအခမ်းအနားအပြီး Myanmar Now သတင်းဌာန၏ မေးမြန်းချက်ကို ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

“အရင်တုန်းကလည်း ဒီအတိုင်းပါပဲ။ ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံက ပေးထားချက်ကို ကျွန်တော်တို့ သုံးတာ။ ကျွန်တော်တို့ ဇွတ်ယူတာမှ မဟုတ်ဘဲနဲ့။ အဲဒီတော့ ဝန်ကြီးချုပ်တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ဖြစ်ဖို့များပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၆၁)အရ နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်း(သို့)ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲက သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသင့်တော်သော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်၍ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်ဟု ပါရှိသည်။ 

လက်ရှိအာဏာရပါတီ NLD သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရပါတီ ၁၉ ခုအနက် ထိပ်ဆုံးက ဦးဆောင်ခဲ့ပြီး ဒုတိယအများဆုံးအနိုင်ရသော ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဖြစ်ပြီး ကျန်အနိုင်ပါတီအားလုံးသည် တိုင်းရင်းသားပါတီများဖြစ်ကြသည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင်လည်း အာဏာရပါတီမှ အမတ်များကို ဝန်ကြီးချုပ်နေရာ ခန့်အပ်ခဲ့သောကြောင့် တိုင်းရင်းသားပါတီများက ဝေဖန်ခဲ့ကြသည်။ 

ထို့ကြောင့် တိုင်းရင်းသားပါတီအများစုက ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုပြီး သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်လွှတ်တော်က ရွေးချယ်သည့်သူများကိုသာ ဝန်ကြီးချုပ်ဖြစ်စေလိုကြသည်။ 

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD သည် မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ပဲခူးနှင့် ဧရာဝတီတို့၌ တိုင်းလုံးကျွတ်အနိုင်ရခဲ့သော်လည်း ကယား၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် ဒေသတွင်းပါတီများကသာ အနိုင်ရခဲ့သည်။ 

ရွေးကောက်ပွဲအနိုင်ရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းပါဝင်ရန်ဟုဆိုကာ တိုင်းရင်းသားပါတီ ၄၈ ခုအား ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၂ တွင် ကမ်းလှမ်းခဲ့သည်။ 

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန် ဦးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့သည် ကချင်၊ ရှမ်း၊ ကယားနှင့် မွန်ပြည်နယ်ရှိ အနိုင်ရ ဒေသတွင်း တိုင်းရင်းသားပါတီများနှင့် သွားရောက်ဆွေးနွေးရန် စီစဉ်ခဲ့သည်။ 

၎င်းခရီးစဉ်များအနက် ကယားပြည်နယ်ရှိ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် မွန်ပြည်နယ်ရှိ မွန်ညီညွတ်ရေးပါတီတို့ဖြင့် နေရာညှိနှိုင်းမရ၍ ဆွေးနွေးပွဲ ပျက်ခဲ့သည်။  

SNLD နှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အစိုးရနှင့် လွှတ်တော်အဆင့်များတွင် လုပ်ပိုင်ခွင့်များ ခွဲဝေပေးရန် တောင်းဆိုထားသည်။ 

“ဘာပဲပြောပြော ခရီးစဉ် (ရှမ်းပြည်နယ်) က ကျွန်တော်တို့ ကမ်းလှမ်းလိုက်တဲ့ဟာက အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ရှမ်းက ကောင်းကောင်းကြိုဆိုတယ်။ ကချင် ကောင်းကောင်းကြိုဆိုပါတယ်။ ပူးပေါင်းဆောင်ရွက်မယ်ပေါ့။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုတာက ဘာပဲပြောပြော တိုင်းပြည်အတွက် ကောင်းတဲ့လက္ခဏာပါ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

SNLD သည် ပြည်ထောင်စုအဆင့်လွှတ်တော်တွင် ၁၅ နေရာ၊ ပြည်နယ်အဆင့်လွှတ်တော် ၂၇ နေရာ အနိုင်ရရှိထားပြီး ရွေးကောက်ပွဲတွင် တတိယအများဆုံးအနိုင်ရရှိခဲ့သည့် ပါတီလည်းဖြစ်သည်။ 

ထို့အတူ ရခိုင်ပြည်နယ်တွင် အများဆုံးအနိုင်ရထားသော ရခိုင်အမျိုးသားပါတီ (ANP) ကလည်း အစိုးရဖွဲ့ရေးအတွက် တောင်းဆိုထားသည်။ 

ANP သည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်၌ အများဆုံးအနိုင်ရရှိခဲ့သော်လည်း ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့် မရရှိခဲ့သဖြင့် အတိုက်အခံပါတီအဖြစ် ရပ်တည်ခဲ့သည်။ 

ထို့ကြောင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား ဒီချုပ်ပါတီမှ ဖြစ်နိုင်ရန်များပါက တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးနိုင်ရေး ခက်ခဲလာနိုင်ဖွယ် ရှိနေသည်။ 

လာမည့်အစိုးရသစ်ကို ရွေးချယ်ပေးမည့် ပြည်ထောင်စုအဆင့် တတိယအကြိမ်လွှတ်တော်များကို ဖေဖော်ဝါရီ ပထမပတ်အတွင်း စတင်ကျင်းပမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်လွှတ်တော်များကိုလည်း လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။ 

လက်ရှိအာဏာရပါတီ NLD သည် အစိုးရအဖွဲ့ဖြစ်လာမည့် သမ္မတ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးစသော နိုင်ငံရေးရာထူးများကို ပြည်သူလူထုထံ တရားဝင်ထုတ်ပြန်ခြင်းမရှိသည့်အတွက် တက်လာမည့် အစိုးရအဖွဲ့ဝင်များ၏ နောက်ခံအချက်အလက်များအား မီဒီယာများအနေဖြင့် အများပြည်သူထံ ချပြနိုင်ခြင်းမရှိပေ။ 

Show More

Related Articles

Back to top button