အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မတော်သတိပေးသော နိုင်ငံရေးအကျပ်အတည်းကို NLD မစိုးရိမ် 

နိုင်ငံရေးအကျပ်အတည်း ဖြစ်နေသည်ဟူသော တပ်မတော်၏ သဘောထားထုတ်ပြန်ချက်နှင့် ပတ်သက်၍ မစိုးရိမ်ကြောင်းနှင့် ဥပဒေကြောင်းအရ ဖြေရှင်းနိုင်မည်ဟု အပြည့်အဝယုံကြည်ထားကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။

“ဒီမိုကရေစီကို ထိန်းသိမ်းဖို့အတွက်ဆိုပြီး ပုဒ်မတွေ ရည်ညွှန်းဖော်ပြထားပေမယ့် ဒီပုဒ်မအားလုံးဟာ စနစ်တကျ ဥပဒေအတိုင်းပဲ လုပ်မယ်ဆိုရင် ဘာမှစိုးရိမ်ပူပန်မှု မရှိပါဘူး။ ဥပဒေနဲ့အညီ အပြည့်အဝ ဖြေရှင်းနိုင်ပါတယ်။ ဒီဟာတွေဟာ တပ်မတော်ကို အာဏာသိမ်းဖို့အတွက် ခွင့်ပြုထားတဲ့ ပုဒ်မတွေလည်း မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

တပ်မတော်ထုတ်ပြန်ချက်တွင် ပါဝင်သော အခြေခံဥပဒေပုဒ်မ ၂၀(င)နှင့် (စ) တို့ကို ဒေါက်တာမျိုးညွန့်က ရည်ညွှန်းခြင်းဖြစ်သည်။ အထက်ပါပုဒ်မများသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် တာဝန်ရှိကြောင်း အခြေခံဥပဒေ၌ ဖော်ပြထားခြင်းဖြစ်သည်။

‌၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်နိုင်သည့် အခြေအနေများရှိနေပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မှသာ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်ကြောင်း ယမန်နေ့ (ဇန်နဝါရီ ၂၀) ညတွင် ထုတ်ပြန်ခဲ့သည့် တပ်မတော်၏ သဘောထားတွင် နိုင်ငံရေးအကျပ်အတည်းရှိနေကြောင်းလည်း ရည်ညွှန်းထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော်ကသော်လည်းကောင်း၊ အစိုးရကသော်လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်ကသော်လည်းကောင်း ဖြေရှင်းပေးရန်လည်း တပ်မတော်က တောင်းဆိုထားသည်။ 

အခြေအနေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်သည်ဆိုရုံမျှဖြင့် လုံလောက်မည်မဟုတ်ကြောင်း တပ်မတော်၏ထုတ်ပြန်ချက်က ဆိုသည်။ 

ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိနိုင်ကြောင်း ပြောဆိုနေသည့် တပ်မတော်က မဲစာရင်းစစ်ဆေးချက်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲပြီးချိန်မှ ယမန်နေ့အထိ ၂၄ ကြိမ်အထိ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကိစ္စများကို ဖြေရှင်းပေးရန် ပြည်ထောင်စုလွှတ်တော်ခေါ်ယူပေးရန်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနည်းတူ တပ်မတော်က တောင်းဆိုခဲ့သည်။ 

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ဒီမိုကရေစီလိုလားမှုအရ ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း မဲစာရင်းမှားယွင်းမှုများ၊ မဲမသမာမှုဖြစ်နိုင်သော စာရင်းပေါင်း ခုနှစ်သန်းကျော် တွေ့ထားသည်ဟုလည်း တပ်မတော်၏ ယမန်နေ့ညထုတ်ပြန်ချက်က ဆိုသည်။

ဒေါက်တာမျိုးညွန့်ကမူ “ဒီလောက်များပြားတဲ့ မဲစာရင်းတွေကို မသမာမှုဖြစ်နိုင်သောလို့ ထပ်ခါထပ်ခါပြောနေတာ ဘယ်လိုနည်းလမ်းနဲ့ စစ်ဆေးတယ်ဆိုတာလည်း အရေးကြီးပါတယ်။ ဘယ်လိုခိုင်လုံတဲ့ အရည်အသွေးသတ်မှတ်ချက်တွေနဲ့ စစ်ဆေးခဲ့လည်း ကျွန်တော်တို့ ဘာမှမသိရဘူး။ ဖြစ်နိုင်ဖွယ်ရှိသောဆိုတဲ့ ကိစ္စတွေဖြစ်နေတယ်”ဟု မှတ်ချက်ပြုသည်။

ရွေးကောက်ပွဲကိစ္စဖြေရှင်းရန် အပြီးအပြတ်ဖြစ်သည့်တာဝန်မှာ အခြေခံဥပဒေ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုသာ ပေးထားသဖြင့် ပြည်ထောင်စုလွှတ်တော်ခေါ်ယူရန် မလိုအပ်ဟုဆိုကာ လွှတ်တော်အာဏာပိုင်များက ပယ်ချထားပြီးလည်းဖြစ်သည်။

တပ်မတော်၏ သဘောထားနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကမူ ဥပဒေကြောင်းဖြင့် ဖြေရှင်းရန်သာ မစဉ်းစားသင့်ဘဲ နိုင်ငံရေးကိုပါ ထည့်တွက်သင့်သည်ဟု ဆိုသည်။ 

“ဥပဒေကြောင်းအရ ငြင်းတာမဟုတ်ဘူးဗျ၊ နိုင်ငံရေးအကြောင်းပါ ရောယှက်နေတယ်လို့ မြင်တယ်။ ဥပဒေရှုထောင့်ကပဲ သက်သက်စဉ်းစားလို့ မရဘူး။ အဲဒါအဆင်မပြေဘူးဆိုရင် အစိုးရဖွဲ့စည်းရေးတွေ ဘာတွေမှာလည်း အခက်အခဲဖြစ်နိုင်တယ်။ တိုင်းပြည်က နဂိုကတည်းကမှ မကောင်းသေးတာ ပိုပြီးဒုက္ခရောက်ဖို့ပဲရှိမှာ”ဟု ၎င်းက Myanmar Now ကို ပြောသည်။

ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်ခေါ်ယူချိန်တွင် တပ်မတော်က ၂၅ ရာခိုင်နှုန်းကိုယ်စားပြုမတက်ရောက်ခြင်း၊ ဒုတိယသမ္မတတစ်ဦး အမည်စာရင်းတင်သွင်းခွင့်ကို လျစ်လျူရှုခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးနေရာများကို အဆိုမပြုခြင်းများ ပြုမူနိုင်ကြောင်းကို ဦးစိုင်းညွန့်လွင်က ခန့်မှန်းပြောဆိုခြင်းဖြစ်သည်။

“ဒီလိုကိစ္စမျိုးတွေကို မဖြစ်မနေလုပ်ရမယ်လို့ အခြေခံဥပဒေထဲမှာ ရေးထားတာလဲ မတွေ့ဘူး။ အဲဒီတော့ တပ်က ဒါမျိုးလုပ်လာနိုင်မလား မပြောနိုင်ဘူး။ သက်ဆိုင်ရာခေါင်းဆောင်တွေ တွေ့ပြီးဖြေရှင်းတာ အကောင်းဆုံးဖြစ်မယ်။ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ ပြည်သူလူထုဆို ပိုတောင်ဝေးဦးမယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော်၏ ယမန်နေ့ညထုတ်ပြန်ချက်တွင် ၂၀၁၅ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရဖွဲ့စည်းစဉ်က အခြေအနေကိုလည်း တစ်စိတ်တစ်ဒေသ ဖော်ပြထားသည်။ 

“အနိုင်ရပါတီ၏ အစိုးရဖွဲ့စည်းမှုတွင် အငြင်းပွားဖွယ်အချို့ရှိခဲ့သည့်တိုင်အောင် ပြည်သူလူထုဆန္ဒနှင့်ထပ်တူ ဒီမိုကရေစီကို ထောက်ခံအားပေးသည့် တပ်မတော်ကလည်း လက်ခံခဲ့သည်” ဟု ဆိုထားသည်။ 

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁,၁၁၇ နေရာရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေရာ ၉၂၀၊ ဒုတိယနေရာမှ ပြည်ခိုင်ဖြိုးပါတီက ၇၁ နေရာသာ အနိုင်ရရှိခဲ့ပြီး အဆိုပါရလဒ်ကို စတင်အသက်သွင်းမည့် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ရက်တွင် နေပြည်တော်၌ စတင်ကျင်းပရန်ရှိသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့နှစ်ခုနှင့် တပ်မတော်သားကိုယ်စားလှယ်များအဆိုပြုသည့် ဒုတိယသမ္မတ သုံးဦးထဲမှ တစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ရေးလုပ်ငန်းစဉ်ပါဝင်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုလည်း ဖေဖော်ဝါရီ ၅ ရက်တွင် စတင်မည်ဟု လွှတ်တော်အာဏာပိုင်များက ကြေညာထားပြီးဖြစ်သည်။

မဲစာရင်းကိစ္စဖြေရှင်းပေးရန် တပ်မတော်အပါအဝင် ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်ပါတီအချို့က တောင်းဆိုနေသည့်နည်းတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုများလည်း ရှိနေသည်။ 

လာမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ မစတင်မီ သုံးရက်အလို ဇန်နဝါရီ ၂၉ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း တပ်မတော်ကို ထောက်ခံကြောင်း လူထုအစည်းအဝေးနှင့် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူခြင်း အခမ်းအနားပြုလုပ်ရန် ဝရမ်းပြေးဖြစ်နေသည့် မိုက်ကယ်ကျော်မြင့်၏ ပါတီက စိုင်းပြင်းလျက်ရှိသည်။ 

‘တပ်မတော်က တိုင်းပြည်ကို ကယ်တင်ရန်’ ဟူသော ထိုလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်မည်ဖြစ်သည့်အပြင် အထိမ်းအမှတ်ကျောက်တိုင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထဲ တိုက်ရိုက်အပ်နှံဖြစ်ကြောင်း မိုက်ကယ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ တာဝန်ရှိသူက ပြောကြားထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button