သတင်း

စစ်အစိုးရခေါင်းဆောင်ဟောင်းများ ကန့်သတ်ခံနေရ

နေပြည်တော်ရှိ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ထိပ်တန်းဗိုလ်ချုပ်ဟောင်းများ နေထိုင်ရာ ခြောက်လုံးတန်းကို ပြင်ပနှင့် မဆက်စပ်ရန် အာဏာသိမ်းခေါင်းဆောင်က ကန့်သတ်ထားသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေအပါအဝင် ယခင်စစ်အစိုးရ ထိပ်သီးခေါင်းဆောင်များ နေထိုင်သည့် နေပြည်တော်ရှိ သီးသန့်အိမ်ခြောက်လုံးကို ပြင်ပနှင့် မဆက်စပ်ရန် စစ်ခေါင်းဆောင်က ကန့်သတ်ထားသည်ဟု သိရသည်။

ထိပ်တန်းဗိုလ်ချုပ်ကြီး ခြောက်ဦးနေထိုင်ရာ ထိုအိမ်ရာမှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်းနှင့် ကြာပန်းအဝိုင်းအကြား၊ တော်ဝင်ရတနာလမ်းနှင့် ရာဇသင်္ဂဟလမ်းအကြားတို့တွင် တည်ရှိသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ဒုတိယသမ္မတဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦး၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဒုတိယဗိုလ်ချုပ်ကြီးတင်အေးတို့ နေထိုင်သည့် နေအိမ်များကို ခြောက်လုံးတန်းဟု လူသိများသည်။

နေအိမ်အားလုံးကို ပတ်လမ်းများမှတစ်ဆင့် ယခင်က ဝင်ထွက်သွားလာနိုင်သည်။ သို့သော် သမ္မတသက်တမ်း ကုန်ခါနီးချိန်တွင် ဦးသိန်းစိန်က ၎င်း၏အိမ်ဘေးရှိ ပတ်လမ်းနှစ်နေရာကို အသေပိတ်လိုက်ရာ ၎င်း၏ခြံအဝင်အထွက်မှာ သီးသန့်ဖြစ်သွားခဲ့သည်။

ခြံဝင်းတစ်ခုချင်းစီ၏ ဂိတ်၌လည်း ရဲတပ်ရင်းက တပ်စိတ်များချ၍ ယခင်ကတည်းက လုံခြုံရေးတင်းကျပ်ထားခဲ့သည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်တွင် ခြောက်လုံးတန်း ပတ်လမ်းကို သံဆူးကြိုးချ၍ လုံးခြုံရေးတင်းကျပ်ခဲ့သလို ထိုခြောက်ဦးထံ ဝင်ထွက်သွားလာမှုများကိုပါ ထိန်းချုပ်ခဲ့သည်ဟု စစ်တပ်သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

“လူကြီး ၆ ဦးလုံးကို ခြံဝင်းပြင်ပ သွားလာလိုရင်၊ ခရီးသွားလိုရင် ကြိုတင်အသိပေးပြီး လုံခြုံရေးအရ အခြေအနေပေးမှသာ သွားလာပါ။ တစ်နည်းအားဖြင့် ခွင့်ပြုချက်ရမှ သွားပါဆိုပြီး ပြောထားပါတယ်” ဟု သူက ပြောသည်။

သီးသန့်အိမ်ခြောက်လုံးအနက် ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့၏ ခြံများတွင်မူ ရဲလုံခြုံရေးသာမက စစ်တပ်တပ်ရင်းတပ်ဖွဲ့များပါ ချထားသည်၊ ထိုအိမ်များသို့ သွားလာသူတို့၏ အမည်နှင့် ကြာချိန်များကိုလည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) သို့သတင်းပို့ရကာ စစ်ခေါင်းဆောင်ထံ တင်ပြရသည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“ပြင်ပနဲ့အဆက်အဆံပြုတာကို ကန့်သတ်ပြီး အထီးကျန်အောင် လုပ်တာ။ ပြီးတော့ အဲဒီတပ်လုံခြုံရေးက အင်အားများပြီး ခြေလျင်တပ်ရော၊ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ရောပါ ပါတယ်။ အဲဒီလူကြီး ၂ ဦး (ဦးသန်းရွှေနှင့် ဦးသိန်းစိန်) ၏ လုံခြုံရေးအတွက်လို့ အမည်တပ်ပြီး အဲဒီလူကြီးတွေကို အကျယ်ချုပ်ထားတဲ့သဘောမျိုးပါ”

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် စစ်ဗိုလ်ချုပ်ကြီးဟောင်း ငါးဦးတို့ နေထိုင်ရာ နာမည်ကျော် ခြောက်လုံးတန်း။

ပြီးခဲ့သည့် ဇွန် ၂၇ က လူမြင်ကွင်းတွင် ပြန်ပေါ်လာပြီး တရုတ်နိုင်ငံသို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ အခမ်းအနား သွားတက်ခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်၏ ခရီးစဉ်သည်လည်း စစ်ခေါင်းဆောင်၏ ခွင့်ပြုချက် ရယူခဲ့ရသည်ဟု အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တရုတ်ပြည်မှ ပြန်လာချိန်တွင်လည်း ဦးသိန်းစိန်သည် ခရီးစဉ်အကြောင်း စစ်ခေါင်းဆောင်ထံ ပြန်လည်တင်ပြပေးခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲကျင်းပနိုင်ရေး လမ်းဖွင့်ပေးသည့်အနေဖြင့် ကြားဖြတ်အစိုးရသစ်ဖွဲ့စည်းရန်၊ စစ်ခေါင်းဆောင်ကို အာဏာစွန့်ရေး နားချပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဦးသိန်းစိန်ကို တိုက်တွန်းခဲ့သည်ဟု စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနက ရေးသည်။

ထိုအခြေအနေများ ပေါ်ပေါက်ခဲ့ပြီးနောက် ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးမကောင်းကြောင်း စစ်ကောင်စီက ဇူလိုင် ၁၉ တွင် အသေးစိတ်ထုတ်ပြန်ခဲ့သည်။ ၄ ရက်အကြာတွင် ယာယီသမ္မတတာဝန်ကို စစ်ကောင်စီဥက္ကဋ္ဌထံ လွှဲအပ်သည်ဟု သတင်းထုတ်ပြန်ကာ အသက် ၆၈ နှစ်အရွယ် စစ်ခေါင်းဆောင်က သူ့ကိုယ်သူ သမ္မတခန့်အပ်လိုက်တော့သည်။

သမ္မတဖြစ်ရေး စစ်ခေါင်းဆောင်အိပ်မက်မှာ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်အတွင်း အာဏာရှင်ဟောင်း ဦးသန်းရွှေက ဦးမောင်အေး၊ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးတင်အောင်မြင့်ဦး၊ ဦးတင်အေးတို့ကို တွေ့ဆုံစဉ် သမ္မတတာဝန်ကို ၂၀၁၁-၂၀၁၅ တွင် ဦးသိန်းစိန် ထမ်းဆောင်ရန်၊ ၂၀၁၆-၂၀၂၀ သက်တမ်းတွင် သူရဦးရွှေမန်း ထမ်းဆောင်ရန် ညွှန်ကြားခဲ့သည်ဟု စစ်တပ်အရာရှိကြီးတစ်ဦးက ပြောသည်။

ထို့နောက် ၂၀၁၃ တွင် ဦးသိန်းစိန်က ပြည်သူတာဝန်ပေးလျှင် ဒုတိယသက်တမ်း ထပ်မံ ထမ်းဆောင်မည်ဟု လေသံပစ်လာပြီး ဗိုလ်ချုပ်မင်းအောင်လှိုင်၏ ထောက်ခံမှုရရေး ကြိုးပမ်းခဲ့သည်ဟု အထက်ပါ စစ်တပ်အရာရှိကြီးက ပြောသည်။

“ဒုတိယသက်တမ်းမှာ သူ (ဦးသိန်းစိန်) ပထမသုံးနှစ်ပဲ လုပ်ပြီး နောက် ၂ နှစ်ကို (မင်းအောင်လှိုင်) သမ္မတလုပ် ဆိုပြီး ဦးသိန်းစိန်က စည်းရုံးပါတယ်။ ၃၊ ဇူလိုင်၊ ၂၀၁၆ မှာ ၆၀ ပြည့်မှာလို့ ပြောတော့ မပူနဲ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားယူရမယ့်အသက်ကို ၆၀ ကနေ ၆၃ ဆိုပြီး ပြင်ပေးမယ်လို့ ဦးသိန်းစိန်က ပြောတယ်” ဟု ၎င်းက ဆိုသည်။

ထို့နောက် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားယူရန် သတ်မှတ်ထားသည့် အသက်ကို ပြင်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ပေ။

ထို့ကြောင့် စစ်ခေါင်းဆောင်သည် တပ်ချုပ်များ အသက် ၆၅ နှစ်ပြည့်မှ ပင်စင်ယူရမည်ဟု အသက်ကန့်သတ်ချက်ကို ပြင်ဆင်ပြီး ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် သမ္မတလုပ်ရန် အသင့်စောင့်ဆိုင်းနေခဲ့သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဦးရွှေမန်း၊ အာဏာရှင်လက်သစ် မင်းအောင်လှိုင်တို့ကို ၂၀၁၀ ခုနှစ် စက်တင်ဘာလအတွင်း တရုတ်ပြည်ခရီးစဉ်တစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ ၂၀၂၀ ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကသာ  အပြတ်အသတ်အနိုင်ရသွားခဲ့ရာမှ စစ်ခေါင်းဆောင်က အာဏာသိမ်းခြင်း ဖြစ်သည်ဟု အထက်ပါ စစ်တပ်အရာရှိဟောင်းက ဆိုသည်။

“သမ္မတဖြစ်ဖို့ စိတ်ကူးယဉ်ထားတာ၊ ရွေးကောက်ပွဲရလဒ်က ခွက်ခွက်လန်အောင် ရှုံးတော့ သမ္မတမဖြစ်တဲ့အပြင် တပ်ချုပ်ရာထူးကပါ သက်ပြည့်ပင်စင်ယူရတော့မှာ၊ ဒါကြောင့် မဲမသမာမှု အကြောင်းပြပြီး သူတင်ထားတဲ့ ဒုသမ္မတကို ယာယီသမ္မတလုပ်ခိုင်းကာ ယာယီသမ္မတကနေ အရေးပေါ်အခြေအနေကြေညာ၍ သူ့ကို အာဏာအပ်တဲ့ပုံစံလုပ်၊ အဲဒီကတည်းက သူအာဏာရူးတာ တိုင်းပြည်က သိသွားပါပြီ” ဟု သူက ပြောသည်။

အာဏာသိမ်းပြီးနောက် ယာယီသမ္မတဖြစ်လာသည့် ဦးမြင့်ဆွေမှာမူ ထိုတာဝန်ကို ယူထားသော်လည်း သမ္မတအိမ်တော်အတွင်း နေထိုင်မှု၊ သုံးစွဲမှုတို့ကို ထိန်းချုပ်ကန့်သတ်ခံရသူဖြစ်သည်ဟု ၎င်းက ပြောပြသည်။

“သမ္မတရုံးမှာ မအလ (မင်းအောင်လှိုင်) ရုံးလာရင် ကားတံခါးနားက စောင့်ကြို၊ အရိုအသေပေး၊ ရုံးဆင်းရင် ကားနားအထိ လိုက်ပို့ အရိုအသေပြုပြီး ကျန်နေရ၊ အဲဒါ နေ့စဉ်ပြုမြဲပါ၊ သမ္မတရုံးက ဝန်ထမ်းတိုင်း သိကြပါတယ်၊ သီဟာသနပလ္လင်နဲ့ သမ္မတဧည့်တွေ့ခန်းကို ဦးမြင့်ဆွေ မဝင်ရ၊ မင်းအောင်လှိုင်ပဲ သုံးနေတာပါ” ဟု ၎င်းက ပြောသည်။

ဦးမြင့်ဆွေသည် ကျန်းမာရေး မထိခိုက်ခင် ကာလကတည်းက ယာယီသမ္မတအဖြစ် ခန့်အပ်ခံထားရသော်လည်း ဒုတိယသမ္မတ ၁ ရုံးခန်းမှာပင် ထိုင်သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီကလည်း ဒုတိယသမ္မတတစ်ဦးဖြစ်သူ ဦးဟင်နရီဗန်ထီးယူကို ကျန်းမားရေးအကြောင်းပြချက်ဖြင့် ရာထူးက အနာပေးခဲ့သည်ဆိုသော်လည်း အသေးစိတ်ကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဦးမြင့်ဆွေ ကျန်းမာရေးအကြောင်း ထုတ်ပြန်ချက်တွင်မူ နေ့စဉ်သွားလာလှုပ်ရှားမှုများ နှေးကွေးသည်၊ အစာမစားနိုင်သည်မှအစချီ၍ အာရုံကြောများအားနည်းကာ တုံ့ဆိုင်းနှေးကွေးနေသည်၊ မျက်စိနှစ်လုံးတွင်လည်း အတွင်းတိမ်များဖြစ်နေသည်ဟု ဖော်ပြထားသည်။

ထို့နောက် ယာယီသမ္မတတာဝန်ကို စစ်ကောင်စီဥက္ကဋ္ဌထံ အပ်နှံလိုက်သည်ဟု ထပ်မံထုတ်ပြန်လာသည်။

“ဘယ်သူကမှ ခန့်တာ၊ ရွေးချယ်တာမျိုး မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးခန့်တာက အရှက်မရှိ၊ မျက်နှာပြောင်တာ ကျင့်ဝတ်အရ မလုပ်အပ်တာပါ၊ (စစ်ကောင်စီ ထုတ်ပြန်ထားသလို) နေ့စဉ် ပုံမှန်စားသောက် နေထိုင်အိပ်စက်မှုမျိုးတောင် မလုပ်နိုင်တော့လောက်အောင် အာရုံကြောရောဂါ ခံစားနေရသူက သူ့ကို လက်မှတ်ထိုးပြီး တာဝန်လွှဲပြောင်းပါတယ်ဆိုပြီး ဖော်ပြချက်ကလည်း သဘာဝမကျပါဘူး၊ အသိသတိ ကောင်းကောင်းမရှိတဲ့သူကို အတင်းအကျပ်လက်မှတ်ထိုးခိုင်းတဲ့ပုံပါ” ဟု အထက်ပါ စစ်တပ်အရာရှိဟောင်းက ဆိုသည်။

Show More

Related Articles

Back to top button