သတင်း

ရခိုင်ပြည်နယ် မဒေးကျွန်းရဲစခန်းမှ ရဲတစ်ဦး လက်နက်တိုက်ဖောက်ကာ သေနတ်များ ယူဆောင်ထွက်ပြေး

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူမြို့ မဒေးကျွန်းရဲစခန်းတွင် တာဝန်ကျသည့် ရဲတပ်သားတစ်ဦးသည် လက်နက်တိုက်ကို ဖောက်ထွင်းကာ သေနတ် ၁၀ လက်နှင့် ကျည်ဆန်ထောင်ချီ ယူဆောင် ထွက်ပြေးသွားသဖြင့် စစ်ကောင်စီဘက်က အပူတပြင်း လိုက်လံရှာဖွေနေသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူမြို့ မဒေးကျွန်းရဲစခန်းတွင် တာဝန်ကျသည့် ရဲတပ်သားတစ်ဦးသည် လက်နက်တိုက်ကို ဖောက်ထွင်းပြီး သေနတ်များ၊ ထောင်နှင့်ချီသည့် ကျည်ဆံများကို ယူငင်သွားရာ အရာရှိ ၂ ဦး ကိုင်ဆောင်သည့် ခြောက်လုံးပြူး သေနတ်နှစ်လက်သာ စခန်းတွင် ကျန်ခဲ့သည်ဟု စုံစမ်းသိရသည်။

ရဲတပ်သားအဆင့်ရှိ ကျော်နု ဆိုသူက ယမန်နေ့ (ဇူလိုင် ၁၇ ရက်) နံနက် ၄ နာရီမှ ၆ နာရီအထိ ကင်းစောင့်တာဝန်ကျနေချိန်တွင် မောင်းပြန်ရိုင်ဖယ် G-3 အမျိုးအစား ၈ လက်၊ G-4 ၁ လက်၊ MA 94 တစ်လက် စုစုပေါင်း သေနတ် ၁၀ လက်၊ ကျည်ဆန် ၃,၀၀၀ ကျော်၊ လက်ပစ်ဗုံး ၂ လုံး ယူဆောင် ထွက်ပြေးသွားသည်ဟု ရခိုင်ပြည်နယ် လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

မဒေးကျွန်းနယ်မြေရဲစခန်းသည် ကျောက်ဖြူမြို့နယ်၊ ဒုမြို့နယ်မှူးရဲတပ်ဖွဲ့မှူးကိုယ်တိုင် အနီးကပ်ကွပ်ကဲပြီး၊ စခန်းမှူး အပါအဝင် အရာရှိ ၂ ဦး၊ တပ်ဖွဲ့ဝင် ၁၀ ဦး၊ စုစုပေါင်း ၁၂ ဦး တာဝန်ထမ်းဆောင်နေသည့် စခန်းဖြစ်သည်။ ဒေသအခေါ် မြဒေးကျွန်းဟု ခေါ်သည့် မဒေးကျွန်းရဲစခန်းသည် ရေနံပိုက်လိုင်း အစပြုရာ တရုတ်စီမံကိန်းကို လုံခြုံရေးယူပေးရသည့် နယ်မြေရဲစခန်းလည်း ဖြစ်သည်။

တရုတ်စီမံကိန်းကြီးများရှိရာ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်း မရှိသော်လည်း၊ ကျောက်ဖြူမြို့ကို အာရက္ခတပ်တော် AA က ဝိုင်းပတ်ပိတ်ဆို့ထားသည်။ သို့ဖြစ်ရာ ရဲတပ်သား ကျော်နုသည် အာရက္ခတပ်တော် AA နှင့် ချိတ်ဆက်၍ လက်နက်ခဲယမ်းအများအပြား ယူဆောင်ထွက်ပြေးခြင်းဖြစ်သည်ဟု ယူဆမှုများလည်း ရှိနေသည်။

ထိုရဲတပ်သားကို ပြန်လည်ဖမ်းမိရန် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပိုက်စိပ်တိုက် ရှာဖွေနေကြကြောင်း သိရပြီး၊ ကျောက်ဖြူမြို့ပေါ်တွင်လည်း ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းတွင် လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝန်း ခုခံတော်လှန်နေကြသည့် တော်လှန်ရေးတပ်ဖွဲ့အသီးသီးက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်နှင့်အတူ ဘက်ပြောင်းလာပါက ဆုငွေအဖြစ် ကျပ်သိန်းဆယ်ဂဏန်းအထိ ဆုငွေပေးလေ့ရှိသည်။

‘တရုတ်ပိုက်လိုင်း’ ဟု ဒေသခံများက ခေါ်ကြသည့် မိုင် ၅၀၀ နီးပါး ရှည်လျားသော တရုတ်-မြန်မာ ရေနံပိုက်လိုင်းသည် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းဖြစ်သည့် ဘင်္ဂလားပင်လယ်ထဲသို့ အဝင်အထွက်ပြုလုပ်နိုင်သည့် ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမဒေးကျွန်းတွင် အစပြုသည်။

ထိုမှတစ်ဆင့် နိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ သွယ်တန်းထားသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းပေါင်း ၂၈ ခုအထိရှိပြီး တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလျံကျော်အထိ ရှိသည်။ ထိုအထဲတွင် အများစုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများဖြစ်ကြသည်ဟု ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) စာရင်းများအရ သိရှိရသည်။

Show More

Related Articles

Back to top button