ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်များ ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို ယမန်နေ့ (ဇူလိုင် ၁၅) မှစတင်ပြီး ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်များက သံချပ်ကာကားများဖြင့် ထိုးစစ်ဆင်နေ သောကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။
ယခုနှစ် မေလဆန်းတွင် မိုးမောက်မြို့နှင့် မံစီမြို့တို့၌ KIA နှင့် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ပြီး မိုးမောက်မြို့ အနောက်ဘက်ရှိ ခြေမြန်တပ်ရင်း (၄၃၇)စခန်းတစ်ခုသာ ကျန်ရစ်ခဲ့ကာ KIA က မြို့ပေါ်ကို ထိန်းချုပ်ထားခဲ့သည်။
သံချပ်ကာ နှစ်စီးအပါအဝင် အင်အားအလုံးအရင်းဖြင့် ဗန်းမော်မြို့ဘက်မှ စစ်ကောင်စီတပ်သည် ယမန်နေ့တွင် မိုးမောက်မြို့၏ လက်ကျန် ခမရ(၄၃၇)တပ်ရင်းဘက်သို့ စစ်ကြောင်းထိုးလာ၍ KIA နှင့် တိုက်ပွဲများ ပြန်ပြင်းထန် လာသည်ဟု ဗန်းမော်ဒေသခံတချို့က ပြောသည်။
ယမန်နေ့က တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့လည်း မိုးမောက်နှင့် ဗန်းမော်မြို့ကြား ၆ မိုင်နှင့် ၇ မိုင်ကြား တွင် တိုက်ပွဲများ ဖြစ်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
“ဗန်းမော်ဘက်ကနေ စကစ ဘက်က ထိုးလာလို့ ကျွန်တော်တို့ KIA တပ်ပေါင်းစုတွေက ခုခံတိုက်ပွဲဖြစ်တဲ့ အနေ အထားဖြစ်တယ်လို့ သူတို့ သတင်းပေးပို့လာပါတယ်။ လေကြောင်းတိုက်ခိုက်မှုတော့ မကြားရေသေးဘူး လက်နက်ကြီးနဲ့ လှမ်းပစ်နေတယ်လို့ ကြားပါတယ်” ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့် အသေးစိတ်အချက်အလက်များကို မြေပြင်မှ သတင်းပေးပို့လာ ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဗန်းမော်မြို့နှင့် မိုးမောက်မြို့အကြား ၁၀ မိုင်ခန့်သာ ဝေးပြီး တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ အဆိုပါ နှစ်မြို့ အကြားတွင်ဖြစ်သည်။
တိုက်ပွဲဖြစ်နေသည့် နှစ်ရက်လုံး ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ကူပေး နေခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု မတွေ့ရသေးကြောင်း ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မနေ့ကလည်းပစ်တယ်၊ ဒီနေ့လည်း နေ့လယ် ထမင်းစားချိန်လောက်တည်းက အသံကြားနေရတာ။ ဒီဘက်က တက်သွားတာ တင့်ကားတွေပါ (သံချပ်ကာယာဉ်) ပါတယ်ဆိုတော့ တိုက်ပွဲအရမ်းပြင်းနေတယ် အခုထိ အသံ တွေကြားနေရတုန်းပဲ” ဟု အဆိုပါအမျိုးသားက ယနေ့ညနေ ၅ နာရီခန့်တွင် ပြောသည်။
KIA က ထိန်းချုပ်နိုင်ခဲ့သည့် မံစီမြို့နှင့် မိုးမောက်မြို့တွင် ဇွန်လတစ်လလုံး တိုက်ပွဲများ ငြိမ်သက်နေခဲ့ပြီး ဇူလိုင် ၁၅ ရက်မှစတင်ကာ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားလာခြင်း ဖြစ်သည်။
မံစီမြို့တွင် စစ်ကောင်စီအခြေစိုက်တပ်ရင်း ခမရ(၆၀၁)နှင့် ခမရ(၃၁၉) တပ်ရင်းတို့ ကျန်ရှိနေပြီး မိုးမောက်မြို့ တွင် ခမရ(၄၃၇)တပ်က ဆက်လက်ခုခံနေသည်။
ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)နှင့် စကခ(၂၁)လက်အောက်ခံ ခလရ(၄၇)၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပခ လက်အောက်ခံ ခလရ(၂၃၆)တပ်တို့နှင့် အမြောက်တပ် လက်ရုံး တပ်များလည်း ရှိသည်။
ရှမ်းမြောက်ရှိ “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်း ရပ်တန့်နေချိန် မတ်လမှ စတင်ကာ ကချင်ပြည်နယ်အတွင်း KIA က ထိုးစစ်ဆင်ခဲ့ရာ မေလကုန်အထိ စစ်ကောင်စီတပ်၏ တပ်ရင်းအခြေစိုက်စခန်းများအပါ စခန်းပေါင်း ၁၀၀ ကျော် နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ရှိ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ လွယ်ဂျယ် စသည့် မြို များကို သိမ်းပိုက်နိုင်ခဲ့သည်။