သတင်း

RCSS တပ်စွဲထား၍ ကျောက်မဲစစ်ရှောင်များ နေရပ်မပြန်နိုင်သေး

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က ကျေးရွာများအနီး တပ်စွဲထား၍ နေရပ် မပြန်ရဲသေးကြောင်း ကျောက်မဲမြို့ပေါ်တွင် စစ်ရှောင်နေရသည့် ဒေသခံများက ပြောသည်။

‌ကျောက်မဲမြို့နယ်၊ လွယ်အံ့ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၅ မှစ၍ RCSS/SSA နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် လွယ်အံ့ကျေးရွာအုပ်စုအတွင်းမှ ဒေသခံ ၁,၀၀၀ ကျော်သည် ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်ခဲ့ရသည်။

၎င်းလွယ်အံ့ရွာကျေးရွာအုပ်စုအနီး တိုက်ပွဲမဖြစ်ပွား‌တော့သည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့် ရှိနေပြီဖြစ်သော်လည်း RCSS က ဆက်လက်တပ်စွဲထား၍ တိုက်ပွဲများပြန်ဖြစ်မည်ကို စိုးရိမ်ကာ နေရပ်မပြန်ကြခြင်း ဖြစ်သည်ဟု ကောင်းခါးရွာသူ မအေးခမ်းက ပြောသည်။

“တိုက်ပွဲ ရှိလို့လာတာ၊ မပြန်သေးဘူး။ အခြေအနေမကောင်းသေးဘူး။ သေနတ်သံတွေ ကြားလို့လာတာ။ ဘယ်သူမှ မပြန်ရဲသေးဘူး” ဟု မအေးခမ်းက ပြောသည်။

လွယ်အံ့ကျေးရွာအုပ်စုအတွင်း လွယ်အံ့၊ ကောင်းခါး၊ ခိုငင်း၊ ကုန်းသာ၊ ပန်မခန်း၊ ပန်လော့နှင့် မန်စပ်ရွာများ ပါဝင်ပြီး ကျောက်မဲမြို့၏ အနောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိကာ ၎င်းရွာများအနီး တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

လွယ်အံ့ရွာအနီး တပ်စွဲထားသည်မှာ ဟုတ်မှန်ကြောင်းနှင့် တိုက်ပွဲဖြစ်၊ မဖြစ် ဆိုသည်မှာ TNLA ပေါ်တွင် မူတည်ကြောင်း RCSS ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ပြောသည်။ 

“တောထဲ တောင်ထဲမှာပဲ နေရာယူထားကြတာပါ။ ပြီးတော့ ‌တိုက်ပွဲကိုလည်း ရွာကို မထိအောင် အတတ်နိုင်ဆုံး ခပ်ဝေးဝေး ရှောင်ရှားပြီးတော့ နေကြတာပါ” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ပြောသည်။

နှစ်ဖက် စစ်ရေးတင်းမာမှုများလည်း ယခင်ကထက် အနည်းငယ်လျော့ကျလာပြီး ဒေသခံများ မစိုးရိမ်ကြရန်လည်း ၎င်းက ဆက်ပြောသည်။ 

RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး TNLA ကမူ လက်မှတ်မထိုးထားဘဲ ရံဖန်ရံခါတွင် တပ်မတော်နှင့်ပါ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

စစ်ရေးတင်းမာနေမှု ရှိ မရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဗိုလ်မှူးတာအိုက်ကျော်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

လွယ်အံ့ကျေးရွားအုပ်စုရှိ ရွာပေါင်း ၇ ရွာကျော်မှ စစ်ရှောင် ၁,၀၀၀ ကျော်သည် ကျောက်မဲမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်း၊ ဓမ္မာရုံတစ်ရုံနှင့် စာသင်း‌ကျောင်းတို့တွင် ခိုလှုံနေပြီး ၎င်းတို့ကို အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် အလှူရှင်များက ကူညီပေးနေသည်ဟု ကျောက်မဲမြို့အခြေစိုက် အုမ်တမာဝ်လူမှုကူညီ‌ရေးအသင်းမှ ကိုဆမဲမ်းရိူန်းက ပြောသည်။

“လောလောဆယ်တော့ စားနပ်ရိက္ခာကတော့ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေနဲ့ အဆင်ပြေနေပါတယ်။ ဒါပေမယ့် ရက်ရှည်မဖြစ်ဖို့တော့ လိုတာပေါ့ဗျာ” ဟု ကိုဆမဲမ်းရိူန်းက ပြောသည်။

ဆောင်းတွင်းကာလဖြစ်သည့်အပြင် နေရာထိုင်ခင်းအခက်အခဲကြောင့် ကျန်းမာ‌ရေးထိခိုက်နိုင်ပြီး လူ ၁,၀၀၀ ကျော်အတွက် စားသောက်ရေးမှာ ရေရှည်တွင် အခက်အခဲဖြစ်လာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

လွယ်အံ့ကျေးရွာအုပ်စုအတွင်း ပါဝင်သည့် ပန်လော့ကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဒေါ်နန်းက စစ်ရှောင်ရသည်မှာ ရက် ၂၀ ခန့် ကြာမြင့်လာပြီဖြစ်သည့်အတွက် ရွာသို့ ပြန်ချင်နေသည်ဟု ပြောသည်။

“တိုက်ပွဲ ကြောက်လို့လာတာ မပြန်သေးဘူး။ အခြေအနေမကောင်းဘူး။ ရွာသတင်း ဘာမှမကြားရဘူး။ အိမ်ပဲပြန်ချင်တယ် ကိုယ့်ရွာပဲလေ။ စစ်ပွဲဖြစ်ရင် ပြန်ပြေးရမယ်။ မလွယ်ဘူးလေနော် ” ဟု ဒေါ်နန်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ရွာအနီး ဇန်နဝါရီ ၄ က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်သောကြောင့် လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ကျောက်မဲမြို့နယ်နှင့် နမ္မတူမြို့နယ်တို့တွင် RCSS နှင့် TNLA တို့ ဒီဇင်ဘာ ၂၅ မှစ၍ တိုက်ပွဲအကြိမ်ရေ ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့နယ် တော့ဆန်ရွာအနီးရှိ စခန်းတစ်ခုအပါအဝင် TNLA ထိန်းချုပ်နေရာအချို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု RCSS ဘက်က ပြောသည်။

တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကြား နိုဝင်ဘာအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မိုးကုတ်မြို့ပေါ်သို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

Show More

Related Articles

Back to top button