
ဇူလိုင် ၁၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်လားရှိုးရှိ အမှတ် (၅၀၇) ခြေမြန်တပ်ရင်းစခန်း အရှေ့ဘက်တောင်ကုန်းတွင် တိုက်ပွဲဖြစ်ခဲ့သည်၊ မြို့ပေါ်ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေပြီး လူသေဆုံးမှုလည်း တိုးလာသည်ဟု မြို့ခံတချို့က ပြောသည်။
ယနေ့ (ဇူလိုင် ၁၂) နံနက်တွင် စစ်လေယာဉ်တစ်စီးက မြို့အရှေ့ဘက်ရှိ ကိုးကန့်တပ် (MNDAA) တပ်များ ရှိနိုင်မည့် နေရာများသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အမှတ် (၇) ရပ်ကွက်မှ မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီမနက် ၁၀ နာရီကျော်လောက်ဖြစ်မယ် ဂျက်လေယာဉ်တစ်စီးဝဲပြီးတော့ မြို့အရှေ့ဘက်ကို ကြဲသွားတယ်၊ ခဏပဲ ပစ်ပြီးတော့ ပြန်လှည့်သွားတယ်၊ လက်နက်ကြီးတွေလည်း အဲဒီဘက်ကို ပစ်ကြတယ်” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။
လားရှိုးမြို့အနီး တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း လေကြောင်းမှ နေ့စဉ် လာရောက်ကင်းထောက်လေ့ရှိသည်ဟု သိရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသလို မဟာမိတ်တပ်များကလည်း ပစ်ခတ်မှုများ ရှိနေကာ မြို့တွင်း အရပ်သားထိခိုက်သေဆုံးမှုများ ထပ်တိုးလာနေသည်ဟု လားရှိုးမြို့ခံများက ပြောသည်။
စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လက်အောက်ခံတပ်အများအပြား အခြေစိုက်သည့် လားရှိုးမြို့တွင် ယမန်နေ့က အမှတ် (၁) ၊ (၉) နှင့် (၁၀) ရပ်ကွက်တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
အနည်းဆုံး ၄ ဦးခန့် သေဆုံးခဲ့ပြီး ၆ ဦးခန့် ဒဏ်ရာရကြောင်း လားရှိုးအခြေစိုက် လူမှုကူညီရေးအသင်းများနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ဆိုသည်။
“မနေ့က ရပ်ကွက် (၁၀) မှာ ၃ ယောက် ဒဏ်ရာရတယ်။ ရပ်ကွက် (၁) မှာ ထိတာလည်း ၃ ယောက် ဒဏ်ရာရတယ်၊ နောက်ပြီး ရပ်ကွက် (၁) နားမှာ ပွဲချင်းပြီးသေတာ ၁ ယောက်ရှိတယ်။ မနေ့ညကလည်း ၁၀ နာရီဝန်းကျင်မှာ လက်နက်ကြီးကျလို့ ရပ်ကွက် (၁) မှာ တစ်ယောက် သေတယ်။ ရပ်ကွက် (၁၀) ရွှေကျောက်ဂူနားမှာ ၂ ယောက် ပွဲချင်းပြီး သေတယ်” ဟု ထိုသူက ပြောသည်။
သေဆုံးသူများအနက် ယမန်နေ့ညက မိန်းကလေး ၂ ဦးနှင့် အမျိုးသားတစ်ဦး ပါဝင်ပြီး အသက်အရွယ် ခန့်မှန်းမရကြောင်း ၎င်းက ဆိုသည်။
“အသက်အရွယ် ခန့်မှန်းလို့တော့မရဘူး။ တချို့ဆိုရင် ရုပ်ပျက်ဆင်းပျက်တွေဖြစ်ကုန်တာ၊ ခေါင်းတောင် မပါတော့ဘူး။ အဲ့လောက်ထိကို ဖြစ်တာ” ဟု အဆိုပါမြို့ခံက ဆက်ပြောသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အနီးရှိ အမှတ် (၁) ရပ်ကွက်တွင် ယမန်နေ့နှင့် ယနေ့နံနက်တွင် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒေသခံတချို့သေဆုံးမှုရှိသည်ဟု သိရသော်လည်း အသေးစိတ်ကို မသိရသေးကြောင်း (၈) ရပ်ကွက်တွင် နေထိုင်သည့် မြို့ခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
“မနေ့ကရယ် ဒီနေ့ရယ်ကို ၃ ယောက်သေတယ် ပြောတယ်၊ ဒါပေမဲ့ ကျွန်တော်တို့လည်း သွားမကြည့်ရဲဘူး။ အကုန် လျှောက်ပစ်နေတော့ တိုက်ပွဲနည်းတဲ့ တချို့ရပ်ကွက်တွေလောက်ပဲ သွားလို့ ရတယ်” ဟု အထက်ပါ မြို့ခံအမျိုးသားက ဆက်ပြောသည်။
အလားတူ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၀) နံနက်က အမှတ် (၉) ရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးတစ်ဦး အပါအဝင် လားရှိုးမြို့ခံ ၃ ဦးသေဆုံးကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်း (ရမခ) သည် မြို့အလယ်တွင် တည်ရှိသည်။
လားရှိုးမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်နေသူများနှင့် ကလေးများအပါအ၀င် သေဆုံးသူ ၁၅ ဦးနှင့် သံဃာတော်များ အပါအ၀င် ဒဏ်ရာရသူ စုစုပေါင်း ၁၈ ဦး ရှိသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ဇူလိုင် ၇ ရက်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ကမူ MNDAA ဦးဆောင်သောအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုများ ရှိကြောင်း ဇူလိုင် ၄ ရက်က ထုတ်ပြန်ထားသည်။
လားရှိုးမြို့၊ ဆင်တောင်အနီးတစ်ဝိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီအမြောက်တပ်နှင့် အခြားတပ်ရင်းများက လက်နက်ကြီးများဖြင့် လားရှိုးမြို့ပတ်ဝန်းကျင်တစ်ဝိုက်ကို ပစ်ခတ်လျက်ရှိကြောင်း မြို့တွင် ကျန်နေသူများထံမှ သိရသည်။
“မနေ့ညကရော ဒီနေ့မနက်ရော ကျွန်တော်တို့ရပ်ကွက်မှာ လက်နက်ကြီးတွေကျတယ်။ စစ်တပ်က မြို့ပတ်ဝန်းကျင်ကို ပစ်ကူနေတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့အိမ်နားက တပ်တွေက ပစ်နေတာ။ ကျွန်တော့အိမ်က စစ်တပ်နဲ့အနီးဆုံးပဲ” ဟု (၉) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“ပညရ ၈ (စစ်ပညာရေးကျောင်း) နီးတယ်။ လက်နက်ထိန်းသိမ်းရေးတပ်၊ ဆက်သွယ်ရေးတပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ တင့်ကားတပ်ကြီးနဲ့လည်း နီးတယ်၊ ညညဆိုရင် အဲ့တပ် ၅ ခုစလုံးက ပစ်နေတာ”
လားရှိုးမြို့တောင်ဘက် သုံးမိုင်ခန့်အကွာ လားရှိုး-မန္တလေးကားလမ်းမပေါ်ရှိ မယ်ဟန်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ စခန်းတစ်ခုကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လက်လွှတ်လိုက်ရပြီးနောက် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်သည်ဟု မြို့ခံတချို့က ဆိုကြသည်။
စစ်တပ်နှင့် နီးစပ်သည့် လားရှိုးမြို့ခံတစ်ဦးက မြို့တွင်းရှိ အခြေစိုက်တပ်များက ပစ်ခတ်သည့် လက်နက်ကြီးများ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲမှုရှိသည်ဟု ဆိုသည်။
“မယ်ဟန်ရွာဘက်မှာတော့ ဒီမနက်ထိ စစ်တပ်ဘက်က ပစ်နေတုန်းပဲ။ စစ်တပ်က သူတို့ (ကိုးကန့်) ရှိတဲ့ နေရာကို သွားမတိုက်ဘူး။ သွားမတိုက်ဘဲ မြို့ထဲကနေ လက်နက်ကြီးတွေနဲ့ ထုနေတာ အဲဒါက ဆိုးတာ။ သွားမတိုက်ဘဲ မြို့ထဲကပဲ ပစ်နေတော့ မအောင်တဲ့ ကျည်တွေက ပြုတ်ကျလိုကျ၊ ဖြစ်ချင်ရာ ဖြစ်နေတော့တာပဲ” ဟု ထိုသူက ပြောသည်။

မြို့ခံအများစု စွန့်ခွာသွားကြသည့် လားရှိုးမြို့တွင် ယနေ့ နံနက်တွင် ဆေးရုံ၊ ဈေး၊ အရောင်းဆိုင်များနှင့် ဘဏ်များ ပိတ်ထားပြီး လူသွားလူလာရှင်းလင်း၍ ခြောက်ကပ်နေကြောင်း သိရသည်။
“လားရှိုးမြို့ပတ်ပတ်လည်မှာတော့ လူမနေသလောက်ဖြစ်သွားပြီ။ လားရှိုးမြို့ပေါ်မှာတောင် လူ ၄၀ ရာခိုင်နှုန်းလောက်တောင် မကျန်တော့ဘူးနဲ့တူတယ်။ လမ်းသွားလမ်းလာလူတွေတောင် မရှိတော့ဘူး။ ကုန်စုံဆိုင်လေး အနည်းအကျဉ်းလောက်မှာပဲ အခြောက်အခြမ်းတွေ ဝယ်လို့ရတော့တယ်။ အရင်က တိုးလို့မရတဲ့နေရာတွေမှာ အခု ခွေးတွေ အိပ်နေတယ်” ဟု (၁) ရပ်ကွက်တွင် နေသော အထက်ပါအမျိုးသားက ပြောသည်။
မြို့ခံများစွန့်ခွာသွားသည့် လူနေရပ်ကွက်များတွင်လည်း စစ်ကောင်စီတပ်သားများ တပ်စွဲထားကြောင်း အရပ်သားများက ဆိုသည်။
“သူတို့က သာသနာ ၂၅၀၀ တောင်ကုန်းမှာ တပ်စွဲထားတယ်၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေမှာပါ တပ်စွဲထားတယ်။ ကွင်းကျယ်တဲ့နေရာတွေမှာ ထိုင်နေတာများတယ်။ လားရှိုးမြို့ထဲက အထပ်မြင့်တိုက်နဲ့ ဟိုတယ်ခေါင်မိုးတွေမှာရော တပ်စွဲထားတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
ဆေးရုံဆေးခန်းများ ပိတ်ထားသလို လူနာသစ်များကို လက်မခံတော့ကြောင်း (၁) ရပ်ကွက်နေ မြို့ခံနောက်တစ်ဦးက ပြောသည်။
“တစ်ဖက်ကတော့ ငြိမ်နေပေမဲ့ မြို့ထဲကနေ စစ်တပ်ကနေတော့ လက်နက်ကြီးနဲ့ ထိုင်ပစ်နေတော့ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းတွေ စိတ်ပူရတာပေါ့။ အဲ့လိုလုပ်တော့ ဆေးရုံမှာလည်း ဆရာဝန်တွေ မရှိတော့ဘူးလေ” ဟု သူက ပြောသည်။
“ကျန်းမာရေးအတွက်လည်း စိတ်ပူရတဲ့အနေအထားမျိုး၊ ပုဂ္ဂလိကဆေးရုံတွေကလည်း လူနာသစ်တွေကို လက်မခံတော့ဘူး။ ဆရာဝန်မရှိတာ အဓိက”
လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက် ၁၂ ခုတွင် လက်နက်ကြီးကျရောက်မှုများကြောင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိသည်၊ အထူးသဖြင့် (၅) ရပ်ကွက် နှင့် (၇) ရပ်ကွက်တို့တွင် ထိခိုက်ပျက်စီးမှု ပိုများကြောင်း သိရသည်။
“တစ်ဖက်က (MNDAA က) အခုချိန်ထိ အင်အားကောင်းကောင်းနဲ့ ဝင်မလာသေးဘူး။ လာပြီးတော့ ချဉ်းကပ်တယ်၊ ပြန်ခွာတယ်။ အဲ့အဆင့်မှာပဲ ရှိသေးတယ်။ တွန်းတွန်းတိုက်တိုက်ကြီး လာပြီး တိုက်နေတဲ့ အဆင့်ကို မရောက်သေးဘူး” ဟု အထက်ပါ ဒေသခံက ဆိုသည်။
“ချင်းရွှေဟော်တို့ လောက်ကိုင်တို့ကို တိုက်သလို အင်နဲ့အားနဲ့ ဝင်လာရင်တော့ မြို့က ပျက်စီးသွားနိုင်တယ်”
လတ်တလော လားရှိုးမြို့အနီးတစ်ဝိုက် တိုက်ပွဲများ ပြင်းပြင်းထန်ထန် မဖြစ်သေးသော်လည်း ယမန်နေ့က စစ်ကူနှင့် ခဲယမ်းရိက္ခာများ လေကြောင်းမှ ချပေးခဲ့သည်ဟု မြို့ခံတချို့က ပြောသည်။
“မနေ့က ညမိုးချုပ်ခါနီး လေယာဉ်ကွင်းဘက်ကို လေထီးတွေနဲ့ ချပေးတယ်၊ မြို့ခံတချို့တော့ မြင်လိုက်ရတယ်၊ ဒါပေမဲ့ ကျွန်တော်က မမြင်လိုက်ဘူး၊ အိမ်ထဲမှာပဲ ရှိနေလို့” ဟု အမှတ် (၈) ရပ်ကွက်နေ အမျိုးသားက ပြောသည်။
မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးက မြို့အရှေ့ဘက်နှင့် တောင်ဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ် ရက်ဆက်ပစ်ခတ်နေသည့်အတွက် မြို့ပေါ်ရပ်ကွက်တချို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ရှိနေခြင်း ဖြစ်သည်။
ဇူလိုင် ၅ မှ ၈ ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်တချို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း MNDAA ဦးဆောင်သည့်တပ်များက စစ်ရှိန်လျှော့ချလိုက်သည့်အတွက် နောက်ပိုင်းရက်များတွင် တိုက်ပွဲများ လျော့နည်းသွားခဲ့သည်။
မြို့ခံများ အချိန်မီရှောင်တိမ်းချိန်ရရန် စစ်ရှိန်လျှော့ချလိုက်ခြင်းဖြစ်ကြောင်း MNDAA အဖွဲ့မှ ရှေ့တန်းရောက် ရန်ဦးစီးဌာနမှူးက ယမန်နေ့က Myanmar Now ကို ပြောထားသည်။
မြို့အရှေ့ဘက် ရပ်ကွက် (၅) အနီးတွင် ရှိသည့် ခမရ (၅၀၇) တပ်စခန်း၏ ယမန်နေ့ညက ပစ်ခတ်သံတချို့ ကြားရသော်လည်း ယနေ့နံနက်တွင် တိတ်ဆိတ်နေသည်ဟု လားရှိုးမြို့တွင် ကျန်နေသူများက ဆိုသည်။
“တမြန်နေ့ကလို ဆက်တိုက်ကြီး ပစ်နေတာတော့ မရှိတော့ဘူး။ နောက်ပြီး MNDAA ဘက်က မနေ့က ၅၀၇ မန်အိုင်ကုန်း အနောက်ဘက်ကို ဆုတ်သွားတယ်လို့ ပြောတယ်။ ဒီကနေ့ အဲ့ကုန်းအနောက်ဘက်ကို ဆုတ်သွားတာ တော်တော်လေး လားရှိုးနဲ့ ဝေးသွားပြီ။ သူတို့က နောက်ဆုတ်လိုက် ပြန်တက်လာလိုက်ဆိုတော့ စစ်ရေးအခြေအနေကတော့ ပြောရခက်တယ်” ဟု လားရှိုးမြို့ခံ အခြားတစ်ဦးက ပြောသည်။
လားရှိုးမြို့အနီးတစ်ဝိုက် ဇူလိုင် ၂ ညသန်းခေါင်မှစ၍ ကိုးကန့်တပ်များ ဦးဆောင်ကာ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ၏ မြို့စောင့်တပ်ဟု လူသိများသည့် ခမရ-၅၀၇ ကို သိမ်းပိုက်နိုင်မှသာ မြောက်ပိုင်းမဟာမိတ်တပ်များ လားရှိုးမြို့တွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
ဇူလိုင် ၁၀ ညက လားရှိုးနှင့်အနီးဆုံး စစ်ကောင်စီတပ်များရှိရာ တန့်ယန်းမြို့ပေါ်သို့ မြောက်ပိုင်းတပ်များ၏ မဟာမိတ် UWSA “ဝ” တပ်ဖွဲ့ဝင် ၂၀၀၀ ကျော်က ကားများဖြင့် ဝင်ရောက်သွားခြင်းမှာ လားရှိုးသို့ စစ်ကူလာခြင်းဟု ဒေသခံတချို့က ယူဆခဲ့ကြသည်။
UWSA ကမူ ၎င်းတို့တပ်များ ရောက်သွားခြင်းမှာ တန့်ယန်းသို့ တိုက်ပွဲကူးမလာစေရန် ဖြစ်သည်ဟု ပြောထားသည်။