
ပဲခူးတိုင်း ကျောက်ကြီးမြို့ ခဲဒဲရွာအနီး တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် အနီးအနားရှိ ကျေးရွာသုံးခုမှ ဒေသခံ ၆၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ကရင်လူငယ်ကွန်ရက် (KYN) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်အတွင်း KNU ၏ လက်နက်ကိုင်တပ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၃ နှင့် တပ်မတော်တို့ကြား ယမန်နေ့ ဇန်နဝါရီ ၁၁ တွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံရာချီ တိမ်းရှောင်နေရခြင်းဖြစ်သည်။
ရွာသား ၆၀၀ ကျော်သည် နီးစပ်ရာတောထဲသို့ ထွက်ပြေးနေကြရသောကြောင့် ၎င်းတို့အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ကရင်လူငယ်ကွန်ရက် အတွင်းရေးမှူးအဖွဲ့ဝင် စောကျော်လင်းက Myanmar Now ကို ပြောသည်။
“အဲဒီကျေးရွာတွေရဲ့ အနေအထားက အတိအကျ မရသေးဘူး။ ဆက်သွယ်ရေး အခက်အခဲလေးတွေ ရှိနေတယ်။ ဒီလိုမျိုးဖြစ်မယ်လို့ မထင်ထားတော့ ထွက်ပြေးနေရတဲ့ ရွာသားတွေကို ထောက်ပံ့နိုင်အောင် ချိတ်ဆက်နေတုန်းပဲရှိသေးတယ်” ဟု စောကျော်လင်းက ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် KNU နှင့် တပ်မတော်သည် ၂၀၁၈ ကတည်းက ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း တပ်မတော်က လမ်းဖောက်လုပ်နေမှုမှ အစပြု၍ တိုက်ပွဲများ မကြာခဏ ပြန်လည်ဖြစ်ပွားနေခြင်း ဖြစ်သည်။
ကျောက်ကြီး-မူသဲ လမ်းဖောက်လုပ်ရန် တပ်မတော်စစ်ကြောင်းများက အင်အားတိုးချဲ့လာသောကြောင့် ၂၀၂၀ ခုနှစ်ကတည်းက စစ်ရေးတင်းမာနေသော နယ်မြေဖြစ်သည်ဟု ကျောက်ကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးက ပြောသည်။
“လမ်းဖောက်တာကို ကရင်ပြည်သူတွေက မလိုဘူး။ အခုဟာက နှစ်ဖက်တွေ့ဆုံမှု မရှိဘဲနဲ့ NCA ပါ အချက်တွေကို လေးစားလိုက်နာမှုမရှိဘဲ သူတို့ (တပ်မတော်) သဘောနဲ့သူတို့ ဖောက်ချင်သလို ဖောက်နေတဲ့ သဘောပေါ့” ဟု ဦးတင်ဆန်းဦးက ပြောသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ရွာသားများကို လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးရန် ဆက်သွယ်နေပြီး ကိုဗစ်နိုင်တင်းရောဂါကာလ ကန့်သတ်ချက်များကြောင့် တိုက်ပွဲဖြစ်ပွားသည့် ဒေသများသို့ မသွားရောက်နိုင်သေးကြောင်း ၎င်းက ဆိုသည်။
အဆိုပါတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။
ညောင်လေးပင်ခရိုင် KNU ဆက်ဆံရေးရုံးထံ Myanmar Nowက ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။
ဖာပွန်ခရိုင်အတွင်း တပ်မတော်နှင့် KNU တပ်မဟာ ၅ တို့ကြား ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံ ၃,၀၀၀ ကျော်သည် စစ်ပြေးတိမ်းရှောင်နေကြရကာ လက်ရှိအချိန်အထိ လက်နက်ကိုင်နှစ်ဖွဲ့ကြား စစ်ရေးတင်းမာနေဆဲဖြစ်သည်။
ထို့အတူ ယခုလဆန်းပိုင်းတွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ကျေးရွာအချို့ရှိ ဘုန်းကြီးကျောင်းနှင့် ဘာသာရေးအဆောက်အအုံများတွင် တပ်မတော်သားများ လာရောက်ညအိပ်သည့်အတွက် နှစ်ဖွဲ့ကြား အခြေအနေတင်းမာလာရာ ရွာသားများ ဗုံးခိုကျင်းတူး၍ နေထိုင်နေကြရသည်ဟု ကရင်လူငယ်အစည်းအရုံး၏ သထုံခရိုင်တာဝန်ခံတစ်ဦးက ပြောသည်။
“ယောက်ျားလေးတွေကျတော့ ပေါ်တာဆွဲတာကြောက်လို့ တောထဲမှာ တဲထိုးသွားနေတယ် ကြားတယ်။ အမျိုးသမီးတွေကျတော့ ရွာထဲမှာ ကတုတ်ကျင်း တူးနေကြတယ်။ တစ်ချက် တစ်ချက် ပစ်တာတွေလောက်ပဲ ရှိတယ်” ဟု စောဘရေလင်းပီတာက ပြောသည်။