သတင်း

စစ်ကောင်စီက မန္တလေးကို လုံခြုံရေးတင်းကျပ်ပြီး ခံစစ်ပြင်နေ

မန္တလေးအနီး တိုက်ပွဲပြင်းထန်လာချိန် စစ်ကောင်စီက မြို့ပြင်တပ်စခန်းများမှ တပ်မိသားစုဝင်များကို နန်းတွင်းထဲရှိ စစ်စခန်းထဲသို့ ပြောင်းရွှေ့လိုက်ပြီး မြို့တွင်းကင်းစခန်းများတွင်လည်း အင်အား တိုးချလိုက်သည်။

တော်လှန်ရေးတပ်များ၏ ထိုးစစ် ရှမ်းတောင်တန်းများကို ကျော်လွန်လာချိန်တွင် စစ်ကောင်စီက နိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေးကို လုံခြုံရေးတင်းကျပ်လိုက်ပြီး ခုခံတိုက်ပွဲဝင်ရန် ခံစစ်ပြင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

မြို့ပြင်တပ်စခန်းများမှ တပ်မိသားစုဝင်များကို မန္တလေးနန်းတွင်းထဲရှိ စစ်စခန်းထဲသို့ ပြောင်းရွှေ့လိုက်ပြီး မြို့တွင်းကင်းစခန်းများတွင်လည်း အင်အားတိုးချထားလိုက်ကြောင်း ဆိုကြသည်။

ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးနန်းတော်ဖြစ်ခဲ့သော မန္တလေးနန်းတွင်းထဲတွင် စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ပြီး တပ်ဖွဲ့ဝင်အများအပြားလည်း ရှိသည်။ ထိုစစ်ဌာနချုပ်သည် မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်၏ စစ်ဆင်ရေးများကို ကိုင်တွယ်ရသည်။

မြောက်ပိုင်းမဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်သည့် ဇွန်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို နေပြည်တော်တွင် စစ်ခုံရုံးတင် စစ်ဆေးခဲ့ပြီး သူ၏နေရာတွင် နောက်ထပ်စစ်ဗိုလ်ချုပ်တစ်ဦးဖြင့် အစားထိုးခဲ့သည်။

·   လက်မရွံ့ မန်းတိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေပြည်တော်စစ်ကြောရေးရောက်

နိုင်ငံအလယ်ပိုင်းမှ စစ်ကောင်စီဌာနချုပ်အတွင်း မတည်မငြိမ်ဖြစ်နေချိန်တွင် တအာင်းတပ် TNLA နှင့် မဟာမိတ်များက မန္တလေးနှင့် မိုင် ၅၀ ခန့်သာ ကွာဝေးသည့် နောင်ချိုမြို့ကို ဇူလိုင် ၁၀ ရက်နေ့က အပြီးသတ် သိမ်းပိုက်လိုက်သည်။ နောင်ချိုနှင့် မန္တလေးအကြားတွင် စစ်တက္ကသိုလ်အများအပြားရှိရာ ပြင်ဦးလွင် ခေါ် မေမြို့တစ်ခုသာ ခြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကလည်း မန္တလေး၏မြောက်ဘက် ၁၇ မိုင်ခန့်သာ ကွာဝေးသည့် မတ္တရာနှင့် မိုင် ၄၀ ခန့် ဝေးသည့် စဉ့်ကူးမြို့တို့ကို ထိုးစစ်ဆင်နေသည်။

ထို့ပြင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ် MNDAA ကလည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် ထိုတပ်တည်ရှိရာ လားရှိုးမြို့ကို အပြင်းအထန်ထိုးစစ်ဆင်နေသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇူလိုင်အစောပိုင်းက သိမ်းပိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ – MDY-PDF)

စစ်မီးဝိုင်းနေသည့် မန္တလေးမြို့၏ အဝင်အထွက်ဂိတ်များကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ဒေသခံများက ဆိုသည်။

“မြို့ဝင်မြို့ထွက်ဂိတ်တွေကတော့ ပိုဆိုးလာတယ်။ မှတ်ပုံတင်မပါရင် အဝင်အထွက်ခွင့်မပြုဘူး။ နောက်ပြီး ညဘက်တွေ ဧည့်စာရင်းစစ်တာတွေလည်း များလာတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

မန္တလေးမြို့အတွင်းရှိ အောင်မြေသာစံ၊ ပုသိမ်ကြီးနှင့် ချမ်းအေးသာစံ မြို့နယ်တို့တွင်လည်း လက်နက်ကိုင် စစ်သားများ ဝင်ရောက်တပ်စွဲထားသည်ဟု မန္တလေးမြို့ခံ အသက်၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“မန္တလေးတောင်ပေါ်မှာ လက်နက်ကြီးတွေ တပ်ဆင်ထားတယ်လို့ သိရတယ်။ အရင်က တပ်မစွဲတဲ့ ရပ်ကွက်ရုံးတွေမှာလည်း အခုတပ်စွဲထားတယ်ဗျ။ မြို့တွင်းအစစ်အဆေးကလည်း အတော်ကြမ်းနေတယ်။ ပုသိမ်ကြီးဘက်တွေဆိုရင် ရွာတွေထဲအထိ တပ်စွဲထားတယ် ကြားရတယ်” ဟု ၎င်းက ဆိုသည်။

ပုသိမ်ကြီးမြို့နယ်တွင် ရွာတချို့၊ ရန်ကင်းတောင်၊ ရေထွက်သုသာန်၊ မင်္ဂလာရန်ကင်းအိမ်ရာတို့တွင် အင်အား ဆယ်ဂဏန်းစီဖြင့် တပ်စွဲလိုက်ကြောင်း ပုသိမ်ကြီးမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“ပုသိမ်ကြီးနဲ့ အောင်မြေသာစံကို ပိုပြီးတော့ ပြင်ဆင်လာမယ် ထင်တယ်။ အဲဒီမြို့နယ်နှစ်ခုက မတ္တရာနဲ့ ထိစပ်မှု ပိုရှိတော့ ပုသိမ်ကြီးဘက်ဆို တောင်ကြောတွေက (PDF တွေ) ဆင်းလာမှာကို စိုးရိမ်ပြီး ရွာတွေမှာ လုံခြုံရေးချထားတယ် ကြားရတယ်” ဟု အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကိုင်းတိုင်းအခြေစိုက် တပ်မ (၃၃) လက်အောက်ခံ တပ်ရင်း ၄ ရင်းသည် ပုသိမ်ကြီးမြို့နယ်တွင် အခြေစိုက်ထားသည်။

ပုသိမ်ကြီးမြို့အရှေ့ဘက် မှန်ပင်နှင့် နန်းကြီးရွာတို့တွင် ခြေလျင်တပ်ရင်း ခလရ (၄) ၊ ခြေမြန်တပ်ရင်း ခမရ (၁၁၆) တို့ အခြေစိုက်ပြီး မြို့တောင်ဘက် ကြူဝန်းရွာနှင့် အုန်းချောရွာတို့တွင် ခမရ (၁၁၉) နှင့် ခလရ (၇၆) တို့ အခြေစိုက်ထားသည်။

မန္တလေး‌ အောင်မြေသာစံမြို့နယ်အတွင်းရှိ ဈေးချို၊ အိမ်တော်ရာဘုရားဝင်း၊ မန္တလေးတောင်ပေါ်တို့တွင် တပ်စွဲနေရာယူလိုက်ကြောင်း ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

ယင်းအပြင် ချမ်းအေးသာစံမြို့နယ်၊ မြရည်နန္ဒာအိမ်ရာများအနီး ဘော်လုံးကွင်းတွင်လည်း အင်အား ၃၀ ခန့်ဖြင့် တပ်စွဲလိုက်ကြောင်း၊ မြို့ပေါ်ရပ်ကွက်အချို့၊ ရဲစခန်းအချို့တွင်လည်း သဲအိတ်များ စီရီထပ်ဆင့်နေခြင်း၊ ဘန်ကာများတိုးချဲ့ဆောက်ခြင်းတို့ လုပ်ဆောင်နေသည်ကို မြင်ရကြောင်း ယင်းနေရာများအနီး နေထိုင်သူ မြို့ခံတို့က ဆိုသည်။

စစ်ကောင်စီဘက်က ခံစစ်ပြင်နေသလို မန္တလေးမြို့ခံများကလည်း စစ်ပွဲအရှိန်မြင့်လာမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။ မန္တလေးသည် အာဏာသိမ်းပြီးနောက် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားရာ စစ်ကိုင်းနှင့် ရှမ်းမြောက်မှ စစ်ရှောင်များအဓိက ပြောင်းရွှေ့အခြေစိုက်ရာ မြို့ဖြစ်သည်။

မန္တလေးအနီးသို့ တော်လှန်ရေးတပ်များ ကပ်လာချိန်တွင် တိုက်ပွဲပြင်းထန်လာပါက မြို့ခံတချို့သည် မန္တလေးတောင်ဘက်မှ ကျောက်ဆည်နှင့် ကလော၊ တောင်ကြီး စသည့်မြို့များသို့ ထွက်ခွာရန် ပြင်ဆင်လာနိုင်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

Show More

Related Articles

Back to top button