သတင်း

RCSS နှင့် TNLA တိုက်ပွဲကြောင့် ကျောက်မဲတွင် အိမ် ၅၀ ကျော် ပျက်စီး

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဇန်နဝါရီ ၄ က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်သောကြောင့် လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ယင်းနေ့ နံနက် ၈ နာရီတွင် စတင်ခဲ့သည့် တိုက်ပွဲသည် တော့ဆန်ရွာတွင်းနှင့် အနီးပတ်ဝန်းကျင်တွင်ပါ ဖြစ်ပွားခဲ့ပြီး ရွာမှ လူအားလုံး နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ‌‌တော့ဆန်ရွာသားများက ပြောသည်။

တော့ဆန်ရွာရှိ နေအိမ်များအတွက် ပြင်ဆင်စရိတ်ကို သက်ဆိုင်ရာအဖွဲ့အစည်းများ ကူညီစေချင်သည်ဟု တော့ဆန်ရွာသား အသက် ၈၀ ကျော်အရွယ် ဦးအိုက်တင်က ပြောသည်။ 

“ဝုန်းဆိုပြီး ကျလာတဲ့အချိန်မှာ ကျွန်တော်တို့အားလုံးက အိမ်အောက်ထပ်မှာ ရှိတယ်။ အားလုံးက အသက်ကြီးတဲ့သူတွေချည်းပဲ။ မိန်းကလေးက ၄ ‌ယောက်၊ ယောက်ျားလေးက ၃ ယောက်ရှိတယ်။ လူတွေတော့ မထိဘူး။ ပစ္စည်းတွေတော့ ပြန့်ကျဲသွားတယ်” ဟု ဦးအိုက်တင်က ပြောသည်။

တိုက်ပွဲနှင့် ဘေးလွတ်ရာသို့ ခေတ္တတိမ်းရှောင်နေခဲ့ရပြီး ပြန်လာသောအခါ နေအိမ်လည်း ထိခိုက်ပျက်စီးသွားသည်ကို တွေ့ရကြောင်း အသက် ၆၀ အရွယ် ဒေါ်နန်းဝေက ပြောသည်။ 

“စက်ပစ္စည်းတွေ ပျက်သွားတယ်။ နောက် ဆိုင်ကယ်ဘီးလည်း ထိသွားတယ်။ (အိမ်)ထရံမှာတော့ အများကြီး၊ မြေမှာလည်း ပေါက်သွားတယ်။ အခန်းထဲမှာ ပေါက်သွားတယ်။ လူအိပ်ထားရင်တော့ ထိမှာ။ ခေါင်းအုံးမှာလည်း ထိတယ်၊ အပေါက်အကြီးကြီးတွေ ဖြစ်သွားတယ်” ဟု ဒေါ်နန်းဝေက ၎င်း၏နေအိမ်တွင် လက်နက်ကြီးထိမှန်ထားမှု အခြေအနေကို ပြောပြသည်။

တော့ဆန်ရွာသည် ကျောက်မဲမြို့နယ်၏ အနောက်မြောက်ပိုင် ၄၅ မိုင်ခန့်အကွာ မိုင်းလုံမြို့နယ်ခွဲအတွင်းရှိ အိမ်ခြေ ၁၀၀ ခန့်ရှိသောရွာ ဖြစ်သည်။

ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအား ဇန်နဝါရီ ၁၂ က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မြတ်မိုးသူ/ Myanmar Now)

၎င်းတော့ဆန်ရွာတွင် ၂၀၁၅၊ ၁၆ ခုနှစ်များကလည်း ယခုထက် ရက်ရှည်ကြာသည့် တိုက်ပွဲဖြစ်ခဲ့ဖူးပြီး အဆိုပါ တိုက်ပွဲများကြောင့် ကျေးရွာတွင် မနေတော့ဘဲ ပြောင်းရွှေ့သွားသူများလည်းရှိကြောင်း ဒေသခံများက ပြောသည်။

RCSS နှင့် ယခုနှစ်ဆန်းတွင် တိုက်ပွဲ ၁၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၄ တွင် ကျောက်မဲမြို့နယ်၊ တော့ဆန်းကျေးရွာအနီးရှိ ၎င်းတို့၏ တပ်စခန်းကို RCSS က ၃ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်က ထုတ်ပြန်ထားသည်။

တိုက်ပွဲကြောင့် ဒေသခံများ၏ နေအိမ်ပျက်စီးရမှုနှင့်ပတ်သက်ပြီး TNLA ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဇန်နဝါရီ ၄ တွင် တိုက်ပွဲဖြစ်ပွားသည်မှာ မှန်ကန်ပြီး တောဆန်ရွာအနီးတဝိုက်နှင့် TNLA ၏ ထိန်းချုပ်ဒေသအချို့ကို RCSS/ SSA က ထိန်းချုပ်လိုက်ပြီး ၎င်းတို့တပ်များ လှုပ်ရှားနေကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက Myanmar Now ကို ပြောသည်။

သို့ရာတွင်  တော့ဆန်ကျေးရွာရှိ လူနေအိမ်များ ပျက်စီးသည့်သတင်းကိုတော့ ကြားသိခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

လတ်တလောတွင် တော့ဆန်ရွာမှ ပျက်စီးသွားသည့် အိမ်ခြေများအတွက် ခန့်မှန်းတန်ဖိုးကို တွက်ချက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံ တင်ပြထားသည်ဟု ကျောက်မဲမြို့နယ် ပြည်လွှတ်တော်အမတ် ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

လက်ရှိ ကောက်ခံထားသည့်စာရင်းများအရ အနည်းငယ်ပျက်စီးသည့် နေအိမ် ၅၀ ရှိကြောင်း၊ လက်နက်ကြီးဒဏ်ကြောင့် အပျက်အစီးကြီးမားသည့် နေအိမ် ၅ အိမ်ရှိပြီး ဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ရရှိပါက သွားရောက်ကူညီမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

” ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်၊ အစိုးရကို တင်ပြထားပြီးတော့ လူကယ်ပြန်ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်။ နောက်နှစ်ရက်လောက်ဆိုရင်တော့ သွားရမယ်ထင်တယ်” ဟု ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် RCSS/SSA တို့အကြား တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာနှောင်းပိုင်းက ကျောက်မဲမြို့နယ် လွယ်အံ့ရွာအနီး တိုက်ပွဲများဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာသည့် ဒေသခံ ၁,၀၀၀ ကျော်မှာ ယနေ့အထိ ကျောက်မဲမြို့ပေါ်တွင် သောင်တင်နေသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာအတွင်းကလည်း တပ်မတော်နှင့် RCSS တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တစ်ဖက်လက်နက်ကိုင်အဖွဲ့၏ နယ်မြေကျော်လွန်လှုပ်ရှားမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း တပ်မ‌တော်နှင့် RCSS/SSA တို့က အပြန်အလှန်စွပ်စွဲခဲ့ကြသည်။ 

RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်တွင် လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့ဖြစ်သော်လည်း TNLA နှင့်လည်း ရှမ်းမြောက်တွင် တိုက်ပွဲများဖြစ်ပွားနေသည်။ 

Show More

Related Articles

Back to top button