ဒေသတွင်းတိုက်ပွဲများကြောင့် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့ပေါ်သို့ တိမ်းရှောင်လာကြသူ အများအပြားရှိနေရာ လုံခြုံရေးအပါအဝင် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်ဟု စစ်ရှောင်ထွက်ပြေးလာသူများနှင့် ကူညီရေးအဖွဲ့များက ပြောသည်။
တိမ်းရှောင်လာသူများမှာ တိုက်ပွဲများပြင်းထန်နေသည့် ရှမ်းပြည်မြောက်ပိုင်းနှင့် PDF များ ထိုးစစ်ဆင်နေသည့် မန္တလေးတိုင်း မတ္တရာနှင့် စဉ့်ကူးမြို့နယ်များမှ ဖြစ်ကြသည်။
အခက်အခဲများမှာ အိမ်ငှားခဈေးနှုန်းများ အဆမတန်ကြီးထွားခြင်း၊ ခိုလှုံစရာနေရာရှားပါးလာခြင်း၊ ကုန်ဈေးနှုန်းကြီးမားခြင်းနှင့် စစ်ကောင်စီ၏ စစ်ဆေးအရေးယူမှုများ ဖြစ်သည်ဟု မတ္တရာမြို့မှ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ဘုန်းကြီးကျောင်းတွေကလည်း ကူညီထားရတာများလွန်းတော့ တချို့ကျောင်းတွေက လက်မခံတော့ဘူး၊ လူတွေကလည်း အလုံးအရင်းနဲ့ နေ့စဉ်ထွက်ပြေးနေရတော့ ခိုလှုံစရာနေရာက မရှိဘူး ဖြစ်လာတယ်။ အိမ်အငှား စုံစမ်းကြပြန်တော့ ဈေးတွေက အဆမတန်နဲ့ အတော်ဒုက္ခများကြတာပေါ့” ဟု မတ္တရာမြို့ခံ ယင်းအမျိုးသမီးက ဆိုသည်။
၂၀၂၃ ခုနှစ်မှ စတင်ကာ စစ်ကိုင်းတိုင်းမှ အများစုအပါအဝင် အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်များ မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့သို့ လာရောက်နေထိုင်ကြခြင်းဖြစ်သည်။
ထိုစဉ်ကလည်း လက်နက်ကိုင်ခုခံသူ များပြားသည့် စစ်ကိုင်းတိုင်းမှ လာရောက်သူအများစုသည်လည်း အခက်အခဲများရင်ဆိုင်ခဲ့ကြရပြီး ဖိနှိပ်မှုများ ရင်ဆိုင်ခဲ့ရသည်။
အထူးသဖြင့် လတ်တလောတိုက်ပွဲများ ပြင်းထန်နေသည့် မတ္တရာ၊ စဉ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်း၊ တကောင်းနှင့် စစ်ကိုင်းတိုင်းတို့မှ စစ်ဘေးရှောင်အများအပြားသည် မန္တလေးမြို့သို့ တိမ်းရှောင်ကြပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်များသည် ပြင်ဦးလွင်မြို့သို့ တိမ်းရှောင်မှု များပြားနေခြင်း ဖြစ်သည်။
ထိုအခြေအနေတွင် အထက်ပါအခက်အခဲများကို စစ်ရှောင်လာသူများ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
အိမ်ငှားခ မြင့်တက်မှုနှင့် စားဝတ်နေရေးဒဏ်ကို ရင်မဆိုင်နိုင်သော စစ်ရှောင်များမှာ ဘာသာရေးအဆောက်အအုံများ၊ မိတ်ဆွေများထံတွင် ခိုလှုံခြင်း၊ ကူညီကယ်ဆယ်ရေးစစ်ရှောင်စခန်းများတွင် လူအစုံအပြုံလိုက်နေထိုင်ခြင်း၊ တောထဲ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခြင်းတို့ လုပ်ဆောင်နေရသည်ဟု ဆိုသည်။
“တစ်နှစ်ထဲမှာ နှစ်ကြိမ် အိမ်မီးရှို့ခံလိုက်ရတယ်။ ပထမအကြိမ်ရှို့ခံရအပြီး ဪ..ပြီးပါပြီလေဆိုပြီး အိမ်လေး ထပ်ဆောက်ပြီးနေတယ်။ ထပ်ပြီးလာရှို့တာ ခံရတယ်။ အခုတော့ တောထဲ (စစ်ရှောင်စခန်း) မှာ နေနေတာ။ သူတို့ (စစ်တပ်) လာရင်ပြေး တိုက်ပွဲဖြစ်ရင်ပြေး။ ငြိမ်သွားရင် ပြန်လာကြနဲ့။ ဒီလိုပဲ မတတ်နိုင်ဘူး။ ကလေးကလောင်တွေနဲ့ ဒုက္ခတော့ အတော်များတာပေါ့” ဟု မတ္တရာမြို့နယ် မြွေတလှိုင်းကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
မန္တလေးမြို့နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများတွင်လည်း စစ်ဘေးရှောင်ထွက်ပြေးလာသူ များပြားနေပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေသည်ဟု အသက် ၃၀ အရွယ် မြို့ခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
“တချို့က ဘာမှမသယ်ခဲ့နိုင်ရှာဘူး။ ကိုယ်လွတ်ရုန်းပြီး ပြေးလာကြတာတွေရှိတယ်။ စားဝတ်နေရေးကအစ အကုန်ကူညီမှုတွေ လိုအပ်နေတာပေါ့” ဟု ဆိုသည်။
တိုက်ပွဲပြင်းထန်သည့်ဒေသများမှ အရေးပေါ်ထွက်ပြေးလာစဉ် စစ်ကောင်စီဂိတ်များ၏ စစ်ဆေးမှု တင်းကျပ်ခြင်း၊ မြို့ထဲ အဝင်မခံခြင်း၊ ငွေတောင်းခံခြင်းတို့လည်း ကြုံနေရသည်ဟု ပြင်ဦးလွင်မြို့သို့ ရောက်သွားသည့် စစ်ရှောင်တစ်ဦးက ပြောသည်။
“ကားတွေကို မြို့အဝင်ဂိတ်တွေက ယာဉ်စစ်ဆေး၊ လူစစ်ဆေး စာရွက်စာတမ်းတွေ မပြည့်စုံရင် ငွေညှစ်တာတွေ လုပ်ကြတယ်။ ပြင်ဦးလွင်ဂိတ်တွေက အဆိုးဆုံးပဲ။ လူတွေမှ အသက်မသေအောင် ကိုယ်လွတ်ရုန်းပြေးလာကြရတာဗျာ။ လိုင်စင်မပါလို့ ၃ သိန်းတောင်းတာတို့၊ မှတ်ပုံတင်မပါလို့ တောင်းတာတို့ ဒါတွေက တော်တော်ဆိုးတဲ့အခြေအနေ” ဟု ဆိုသည်။
“မိုးကုတ်ကပြည်သူတွေဆိုလို့ရှိရင် ၁၄၈ ဂိတ်ကနေ ဘာပြောလဲဆိုရင် အဆင်းပဲ လက်ခံတယ်။ မြို့ထဲကို အဝင်လက်မခံဘူးဆိုတာမျိုး ခြိမ်းခြောက်မှုတွေရှိတယ်။ တချို့မြို့ဂိတ်တွေလည်း တူတူပဲ။ ဖြတ်အသွားပဲ လက်ခံမယ်ဆိုတာမျိုးတွေရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
လတ်တလောတိုက်ပွဲများအတွင်း နောင်ချိုမြို့မှ အရေးပေါ် ပြင်ဦးလွင်မြို့သို့ လာရောက်တိမ်းရှောင်ကာ အိမ်ငှားရမ်းနေထိုင်ရသူ အမျိုးသမီးတစ်ဦးကလည်း “နေသာနေရတာ ကြောက်လန့်နေရတာ။ စစ်ရှောင်တွေကို စစ်ဆေးမယ်၊ သူပုန်အားပေးတွေ မြို့အဝင်မခံနဲ့ဆိုတာမျိုး လှုံ့ဆော်နေကြတော့ နေ့စဉ်နဲ့အမျှ ကြောက်နေရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း မကြာခဏ ခေါ်မေးမြန်းတာတွေရှိတယ်” ဟု ဆိုသည်။
“အခက်အခဲတွေကတော့ တစ်ခုနှစ်ခုမဟုတ်ဘူး။ ဘာမှကို အဆင်မပြေတာ။ ပူရတဲ့ အပူတွေက များနေတော့ ညဆို အိပ်လို့တောင် မပျော်ဘူး။ အမြန်ဆုံးအေးချမ်းချင်ပြီ”
လက်ရှိတွင် တိုက်ပွဲများကြောင့် မတ္တရာမြို့နယ်မှ စစ်ဘေးရှောင်ရသူဦးရေ တစ်သောင်းနီးပါးရှိနေပြီး၊ ရှမ်းမြောက်မှ စစ်ရှောင်ဦးရေ ထောင်ဂဏန်းရှိသည်ဟု စစ်ရှောင်အရေးကူညီပေးနေသည့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ (ပကဖ) နဲ့ (ပအဖ) တာဝန်ယူထားတဲ့ စစ်ရှောင်စခန်းလေးတစ်ခုမှာတောင်မှ ၁၃၀၀ ကျော် ရှိတယ်။ အဲဒါက ရွာလေး ၂ ရွာ၊ ၃ ရွာလောက် ပေါင်းထားတာပဲ ရှိသေးတာဗျ။ တခြားစခန်းတွေလည်း အများကြီးရှိသေးတယ်။ မြို့ကြီးတွေမှာ ရှောင်နေသူတွေရော ခန့်မှန်းခြေ စုစုပေါင်းဆို တစ်သောင်းဝန်းကျင်ရှိမယ်ဗျ” ဟု ဆိုသည်။
မတ္တရာပကဖအဖွဲ့မှ တာဝန်ရှိသူကလည်း “တော်တော်လေးကို အခက်အခဲရှိတယ်ဗျ။ ကျွန်တော်တို့ ရိက္ခာတွေ ဘာမှကို မရှိတာဗျ။ လူက အရမ်းများနေတယ်။ စားနပ်ရိက္ခာ အဓိကခက်ခဲတယ်။ မိုးရာသီလည်း ရောက်လာပြီ သွေးလွန်တုပ်ကွေးရောဂါတွေလည်း စိုးရိမ်နေရတယ်။ ဒုက္ခအရောက်ဆုံး စစ်ဘေးရှောင်တွေကတော့ ပြင်ဦးလွင်ဘက်နဲ့ မတ္တရာပဲ။ မတ္တရာကတော့ ပိုဒုက္ခရောက်တာပေါ့” ဟု ပြောသည်။
ဒေသအနှံ့မှ စစ်ရှောင်လာသူအများအပြားသည် လမ်းပန်းဆက်သွယ်ရေးအချက်အချာကျသော မြန်မာပြည်အလယ်ပိုင်းမြို့တော် မန္တလေးနှင့် စစ်တက္ကသိုလ်ကြီးများရှိရာ လုံခြုံရေးကောင်းသော ပြင်ဦးလွင်သို့ အားကိုးတကြီး ခိုလှုံလာကြသည်။
သို့သော် ၎င်းတို့အားထားရာ ထိုမြို့နှစ်မြို့သည်ပင် ယခုအခါ အချိန်မရွေးစစ်ဖြစ်ပွားနိုင်၍ လုံခြုံရေး ခြိမ်းခြောက်ခံနေရသော မြို့ ၂ မြို့ဖြစ်နေသည်ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“အခြေအနေတွေက ဒီမြို့နှစ်မြို့တောင် တိုက်ပွဲက နီးကပ်လာပြီ။ အချိန်မရွေး ထွက်ပြေးရှောင်တိမ်းရနိုင်တဲ့ အခြေအနေဆိုတော့ အားလုံးက သူ့မကယ်နိုင် ကိုယ့်မကယ်နိုင်တော့ ဖြစ်နေကြတာ” ဟု ဆိုသည်။
မန္တလေးမြို့မြောက်ဘက်ကပ်လျက် နှစ်မြို့နယ်ဖြစ်သော မတ္တရာနှင့် စဉ့်ကူးတွင် ဇွန်လ နောက်ဆုံးပတ်မှ စတင်၍ တိုက်ပွဲများ ပြင်းထန်လာရာ PDF က ကျေးရွာစစ်စခန်းများကို သိမ်းနိုင်လာပြီးနောက် မြို့ပေါ်နေသူအများအပြား စတင်တိမ်းရှောင်နေကြပြီဟု သိရသည်။
စဉ့်ကူးမြို့ခံများမှာမူ မြို့တောင်ဘက် မတ္တရာတွင်လည်း တိုက်ပွဲများပြင်းထန်နေသဖြင့် မန္တလေးမြို့ဘက်သို့ တိမ်းရှောင်မရဘဲ ဧရာဝတီမြစ်ကို ကူးကာ မြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်းအတွင်းသို့ တိမ်းရှောင်ကြရကြောင်း သိရသည်။