သတင်း

ရခိုင် ၃ မြို့နယ်တွင် MSF အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်း

နိုင်ငံတကာအကူအညီပေးရေးရုံးတချို့ ဖျက်ဆီးခံနေရချိန်တွင် နယ်စည်းမထား ဆရာဝန်များအဖွဲ့က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု ရပ်ထားလိုက်ရသည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) က ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ရပ်ဆိုင်းကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကြေညာလိုက်ရာ ဒေသခံတို့က အကူအညီပေးရေးလုပ်ငန်းများ ပစ်မှတ်ထား ဖျက်ဆီးခံရသဖြင့် ထိုသို့ ရပ်ဆိုင်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။

ရပ်ဆိုင်းသည့် မြို့နယ်များမှာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့ ဖြစ်ကြောင်း ဇွန် ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ အရပ်သားများကို ထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ဆောင်မှုများ လုပ်ဆောင်ရန် ကန့်သတ်ချက်များစွာ ရှိနေခြင်းကြောင့် ရပ်ဆိုင်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

လတ်တလောတိုက်ပွဲများ ဖြစ်ပွားနေချိန် ထိုဒေသရှိ ပြည်သူတို့ အသက်အိုးအိမ်ပိုင်ဆိုင်မှုများ ဖျက်ဆီးခံရခြင်း၊ အတင်းအကျပ် ခေါ်ယူစေခိုင်းခံရခြင်း၊ နေရပ်ရွှေ့ပြောင်းရခြင်း၊ ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်မည့် အခွင့်အရေး မရှိသည့်ကြားတွင် လူသားချင်းစာနာမှုအထောက်အပံ့များ ရယူရာ၌ ကန့်သတ်ခံရခြင်းတို့ကို ရွေးချယ်စရာမရှိဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရသည်ဟု MSF က ဆိုသည်။

“ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းကြောင့် အဆိုပါ လူထုအတွက် လိုအပ်ချက်များပြားနေချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခြင်း အခွင့်အလမ်း​တွေ အလုံးစုံ ပြတ်တောက်သွားရပါတယ်” ဟု MSF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် မဖြစ်နိုင်သော်လည်း လိုအပ်သော လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်ရန် ဆက်လက်လုပ်ဆောင်သွားမည်၊ အခြေအနေများ တိုးတက်လာသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် MSF အနေဖြင့် ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

နိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်မှ ဒေသခံများက အဆိုပါ မြို့နယ်များတွင် နိုင်ငံတကာအကူအညီပေးရေးရုံးများ ပစ်မှတ်ထား ဖျက်ဆီးခံရသဖြင့် အကူအညီပေးရေးအဖွဲ့များ လုပ်ငန်းရပ်ဆိုင်းခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

ဘူးသီးတောင်ရှိ MSF ရုံးတစ်ရုံး ဖျက်ဆီးခံရသလို မောင်တောမြို့နယ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းရုံးများ၊ ကုလသမဂ္ဂလက်အောက်ခံရုံးတချို့ ဖျက်ဆီးခံရသည်ဟု မောင်တောမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

“MSF က အဓိကလုပ်ငန်းတွေကို ထိန်းချုပ်ထားတာက မောင်တောရုံးက ဖြစ်တယ်။ ပထမ ဘူးသီးတောင်မှာ MSF ရုံး ဖျက်ဆီးခံရတယ်။ ဒုတိယ မောင်တောမှာ UN /INGO  ရုံးတွေ၊ ဂိုဒေါင်တွေ ဖျက်ဆီးခံရတယ်။ အဲဒါတွေကြောင့် ရပ်ဆိုင်းတာလို့ ထင်ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ ဒေသခံက ပြောသည်။

MSF သည် မြို့နယ်ကျန်းမာရေးဌာနများ လည်ပတ်နိုင်ရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသလို ဆေးရုံများကို HIV တိုက်ဖျက်ရေးဆေးဝါးများ ပံ့ပိုးနေသည့်အဖွဲ့ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

ရခိုင်မြောက်ပိုင်းတွင် ၂၀၂၂ ခုနှစ်အတွင်းက ကျန်းမာရေးအတွက် အသိပညာပေးမှုများ လာရောက် ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ-MSF Myanmar)

ဘူးသီးတောင်မြို့နယ်ရှိ MSF ရုံးသည် ဧပြီ ၁၅ တွင် မီးရှို့ခံခဲ့ရသည်၊ ဇွန် ၂၁ ညနေကလည်း မောင်တောမြို့နယ် ဝေသာလီရွာအနီး ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)  ဂိုဒေါင်ကို စစ်ကောင်စီတပ်နှင့် စစ်သင်တန်းဆင်း ရိုဟင်ဂျာတို့က မီးရှို့ခဲ့သည်ဟု အာရက္ခတပ်တော် (AA) က ဗီဒီယိုမှတ်တမ်း ထုတ်ပြန်သည်။

စစ်ကောင်စီကမူ ဂိုဒေါင်ကို မီးရှို့သည်မှာ AA ဖြစ်သည်ဟု ဇွန် ၂၇ တွင် တုံ့ပြန်သည်။

စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုဂိုဒေါင်ကို AA ဝင်ရန် ကြိုးစားသဖြင့် ရိုဟင်ဂျာရွာသားတို့က ထိုရိက္ခာပစ္စည်းများကို ယူသည်၊ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မောင်တောမှာ ရှိသည့် ဒုက္ခသည်များကို ထောက်ပံ့ရန် ရည်ရွယ်ထားသည့် ဆန်အိတ်များဖြစ်သောကြောင့် ရပ်ကွက် ၁၊ ၂ ၊ ၃ ၊ ၄ ၊ ကညင်တန်းရပ်ကွက်၊ မောင်နီရပ်ကွက်ရှိ အိမ်ထောင်စု ၂၀၀၀ ကျော်ကို အိမ်ထောင်စုတစ်စုကို တစ်အိတ်စီ ဖြန့်ဝေပေးခဲ့သည်ဟု ဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ထိုရပ်ကွက်များရှိ ဒေသခံတို့အတွက် ဆန်အိတ်ပေါင်း ၂၀၁၉ အိတ် ထောက်ပံ့ကြောင်း စစ်ကောင်စီက ဇွန် ၂၃ တွင်မူ သတင်းဖော်ပြခဲ့သည်။

WFP ဂိုဒေါင်မှ ဖောက်ထွင်းရယူခဲ့သော ပစ္စည်းများဖြစ်ကြောင်းမဖော်ပြဘဲ စစ်ကောင်စီက ပေးသယောင် ဝါဒဖြန့်သတင်းရေးသားခဲ့ကြရာ WFP နာမည် တစ်လုံးတစ်ပါဒမျှ မပါကြောင်း ဒေသခံတချို့က ထောက်ပြသည်။

WFP ဂိုဒေါင်မှ ယူလာသည့် ဆန်ရိက္ခာများကို စစ်ကောင်စီက ပေးအပ်သည့်သဖွယ် ရိုဟင်ဂျာများကို ဇွန် ၂၂ ရက်က ပေးစဉ် (ဓာတ်ပုံ-MOI)

AA က ဗွီဒီယိုဖိုင်ဖြင့် ထုတ်ပြန်လာမှသာ စစ်ကောင်စီက အမျိုးမျိုးအကြောင်းပြကာ ဖြေရှင်းချက်ထုတ်ပြန်သည့်သဘော ဖြစ်နေသည်ဟု ၎င်းတို့က ပြောသည်။

MSF က ကျန်းမာရေးစောင့်ရှောက်မှုရပ်ဆိုင်းလိုက်သည့် မြို့နယ်များအနက် ဘူးသီးတောင်နှင့် ရသေ့တောင်ကို AA သိမ်းပိုက်ပြီးဖြစ်သည်၊ မောင်တောကိုမူ သိမ်းပိုက်ရန် အပြင်းအထန်ကြိုးစားနေဆဲ ဖြစ်သည်။

AA သိမ်းပိုက်ထားသော မြောက်ဦး၊ မင်းပြားတို့တွင်လည်း MSF က ကျန်းမာရေးဝန်ဆောင်မှုပေးရန် ဝန်ထမ်းများခေါ်ယူနေသည်ကို တွေ့ရသည်။ အလားတူ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာနိုင်သည့် စစ်တွေတွင်လည်း MSF က ဝန်ထမ်းဆက်တိုက်ခေါ်နေသည်ကို တွေ့ရသည်။

MSF က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေ့လျားဆေးခန်း ၁၄ ခု ဖွင့်လှစ်ပြီး ရခိုင်၊ ရိုဟင်ဂျာနှင့် အခြား ရွေးချယ်စရာ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းများကို လက်လှမ်းမမီသည့် လူနည်းစုအဖွဲ့များ အပါအဝင် လူမှုအသိုက်အဝန်းအားလုံးအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နေသည်ဟု သိရသည်။

MSF သည် ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးအတွက် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်း ၇၀ ကျော်တွင် ဝန်ထမ်း ပေါင်း ၆၅,၀၀၀ ကျော်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ စတင်၍ ဝန်ထမ်းပေါင်း ၁,၁၀၀ ကျော်ဖြင့် ဆောင်ရွက်နေကြောင်း ယမန်နှစ် ဖေဖော်ဝါရီက ထုတ်ပြန်ထားသည်။

ရခိုင်ဒေသအပြင် မြန်မာနိုင်ငံအနှံ့အပြားတွင်လည်း MSF က လုပ်ငန်း ဆက်လက်လည်ပတ်နေသည်။

လက်ရှိ ရခိုင်မြောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်၌ မောင်တောမြို့နယ်နှင့် စစ်တွေမြို့နယ်တို့သာ ကျန်ရှိနေပြီး မောင်တော၌ တိုက်ပွဲပြင်းထန်နေကာ လေတပ်က ဗုံးကြဲပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားကြသည်။

Show More

Related Articles

Back to top button