သတင်း

RCSS နှင့် TNLA တိုက်ပွဲကြောင့် နမ္မတူဒေသခံ ၆၀၀ ခန့် စစ်ရှောင်ရ

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/ SSA တို့ ယနေ့ (ဇန်နဝါရီ ၅) နံနက်ပိုင်းတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ အနီးအနားရွာများတွင် နေထိုင်သည့် ဒေသခံ ၆၀၀ ခန့် တိုက်ပွဲရှောင်နေကြရသည်ဟု နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ကြား ပစ်ခတ်မှုများကြောင့် နမ္မတူမြို့နယ်အတွင်းရှိ ညောင်ဆွယ်၊ ပန်ချင်၊ လုပ်လေ၊ မိုက်ဟုန်း စသည့်ကျေးရွာများမှ စစ်ရှောင် ၆၀၀ ခန့်သည် နားဆိုင်းနှင့် မန်စံကျေးရွာရှိ ရွေစကားဝါကျောင်းတို့၌ ခိုလှုံရန် ရောက်ရှိနေကြကြောင်း နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောသည်။

“ဒီအချိန်က ဆောင်းတွင်းဆိုတော့ သူတို့အတွက် အနွေးထည်တွေ၊ အနွေးဝတ်စုံတွေ လိုလိမ့်မယ်” ဟု  ဒေါ်နန်းခမ်းအေးက ပြောသည်။

နမ္မတူမြို့နယ်၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ ကျေးရွာများအနီးတွင် ယနေ့နံနက်ပိုင်း ၇ နာရီခန့်မှစ၍ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု  RCSS/ SSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းအုပ်ခေးက Myanmar Now ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် ဧရိယာအတွင်း TNLA ဘက်က တပ်အင်အားတိုးချဲ့နေသည်ဟု သတင်းကြားရသည့်အတွက် ပစ်ခတ်မှုများ ထပ်မံ ပေါ်ပေါက်လာနိုင်ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး စိုင်းအုပ်ခေးက ဆိုသည်။ 

“RCSS အနေနဲ့ဆိုရင်တော့ ဘယ်တပ်ဖွဲ့ ဘယ်သူ့ကိုမှ မတိုက်ချင်ဘူး။ ဒါပေမဲ့ TNLA က မထင်မှတ်သလို ဝင်တိုက်ရင်တော့ တိုက်ပွဲလည်း နည်းနည်းပါးပါး ပြန်ဖြစ်ချင် ဖြစ်နိုင်တယ်လို့တော့ ယူဆမိတယ်” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၂၅ ကတည်းက စတင်ခဲ့သည့် တိုက်ပွဲများသည် နှစ်သစ်ကူးပြီး ၅ ရက်ကြာသည်အထိ ဆက်လက်ဖြစ်ပွားနေခဲ့ကာ ကျောက်မဲမြို့နယ်အတွင်း အများဆုံးပေါ်ပေါက်ခဲ့သည်ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းအုပ်ခေးက ဆိုသည်။

TNLA နှင့် RCSS တို့ကြား ယခုနှစ်ဆန်းတွင် တိုက်ပွဲ ၁၀ ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့နယ် တော့ဆန်းကျေးရွာအနီးရှိ ၎င်းတို့၏ တပ်စခန်းကို RCSS က ဇန်နဝါရီ ၄ တွင် ၃ ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ TNLA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာအိုက်ကျော်ကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ဖြစ်ပြီး TNLA မှာ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အပြင် တပ်မတော်နှင့်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ကျောက်မဲနှင့် နမ္မတူမြို့နယ်တို့တွင် TNLA နှင့် RCSS တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံထောင်ချီ မြို့ပေါ်ဒေသများသို့ သွားရောက်ခိုလှုံကြရသည်။ 

ကျောက်မဲမြို့ပေါ်တွင် လတ်တလောခိုလှုံနေကြရသည့် စစ်ရှောင်များ၏ စားရေးသောက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ကူညီပေးနေကာ ၎င်းတို့နေထိုင်ရာ ကျေးရွာများအနီး တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းမရှိတော့ပါက စစ်ရှောင်များနေရပ်ပြန်နိုင်ရေး ကူညီပေးသွားမည်ဟု ကျေက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ဆိုသည်။ 

Show More

Related Articles

Back to top button