ကျောင်းဆရာ၊ ဆရာမများ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့်နယ်မြေထဲမှ ကိုင်ပိုင်အစီအစဉ်ဖြင့် ထွက်ခွာလာကြရန် စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်သည်။
လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း အထက်တန်းပြ ဆရာ၊ ဆရာမ ၆၀၀ ခန့်ကို ဧရာဝတီ၊ ပဲခူး၊ မကွေး စသည့်နေရာများသို့ ပြောင်းရွှေ့ကြရန် အမိန့်ထုတ်ထားသည်ဟုလည်း ရခိုင်ပြည်နယ်ထဲမှ ကျောင်းဆရာ၊ ဆရာမများက ဆိုသည်။
စစ်ကောင်စီသည် အလယ်တန်းနှင့် အထက်တန်းပြ ကျောင်းဆရာ၊ ဆရာမများကိုလည်း အလားတူ ပြောင်းရွေ့ရန် အမိန့်ဆက်လက်ထုတ်ပြန်နိုင်သည်ဟုလည်း ၎င်းတို့က ဆိုသည်။
တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် AA က မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့တို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့ကိုပါ သိမ်းပိုက်ထားသည်။
ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဟု ကြေညာထားသည့် AA က လက်ရှိတွင် အမ်း၊ မောင်တော၊ သံတွဲရှိ စစ်စခန်းများကို တိုက်နေသည်။
စစ်ကောင်စီက ခရီးသွားလာရန် ခက်ခဲနေသည့် ပညာရေးဝန်ထမ်းများ ထိုသို့ပြောင်းရွှေ့ကြရန် ညွှန်ကြားခြင်းမှာ အလုပ်ဖြုတ်လိုသည့်ရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်ကြောင်း ရခိုင်မှ အမည်မဖော်လိုသည့် ပညာရေးမှူးတစ်ဦးက ပြောသည်။
“လစာ ၂ သိန်းလောက်နဲ့ ဘယ်သူသွားမှာလဲ။ အခုလိုကာလမှာ။ လစာမပေးချင်လို့ တမင်လုပ်တာပါ” ဟု သူက ပြောသည်။
စစ်ကောင်စီသည် AA ထိန်းချုပ်ရာဒေသများတွင် ပိတ်မိနေသည့် ပညာရေးဝန်ထမ်းအပြင် ၎င်းတို့၏ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း ဇန်နဝါရီလကပင် လစာထုတ်မပေးတော့ဟု သိရသည်။
လစာထုတ်ယူမည်ဆိုပါက ပြည်နယ်မြို့တော် စစ်တွေသို့ လာထုတ်ကြရန် ညွှန်ကြားထားကြောင်း မူလတန်းပြဆရာတစ်ဦးက ပြောသည်။
“အရင်တုန်းက Kpay တို့က လွှဲပေးကြတယ်။ အခုတော့ လစာလိုချင်ရင် စစ်တွေလာခဲ့တဲ့။ သူတို့လမ်းတွေပိတ်ထားတော့ ဘယ်လိုမှသွားမရဘူး။ အသက်အန္တရာယ်တောင် စိုးရိမ်ရပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့နယ်များတွင် စာသင်ကျောင်းဖွင့်လှစ်ထားသည်။
သို့သော်လည်း လက်နက်ကြီးကျည် ထိမှန်မည်ကိုလည်း စိုးရိမ်နေရသည်ဟု ဆရာ၊ ဆရာမများက ပြောသည်။
AA ထိန်းချုပ်နယ်များတွင်လည်း လေကြောင်းဖြင့် ဗုံးကြဲမည်ကို စိုးရိမ်၍ ကျောင်းများမဖွင့်လှစ်နိုင်ပေ။