သတင်း

တိုက်ပွဲဖြစ်နေသည့် အင်းတော်မြို့ကို လေတပ်ဗုံးကြဲ၊ ဒေသခံ ၁၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာရွာတွင် ဓားစာခံများကို ချုပ်နှောင်ထားရာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရသဖြင့် ၅ နှစ်သားတစ်ဦး၊ ရဟန်းတစ်ပါးနှင့် ဒေသခံအများအပြား သေဆုံးသွားသည်။

တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ကို ဇွန်လ ၂၂ ရက်နေ့ ညသန်းခေါင်တွင် လေတပ်က ဗုံးကြဲသဖြင့် သေဆုံးသွားသည့် ဒေသခံ ၁၇ ဦးထဲတွင် ၅ နှစ်သားတစ်ဦးနှင့် ရဟန်းတစ်ပါး ပါဝင်သည်ဟု သိရသည်။

ည ၉ နာရီခန့်တွင် မြို့အနောက်ဘက် ၈ မိုင်ခန့်အကွာတွင်ရှိသည့် နန့်သာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်တော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့ ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က ဒေသခံ ၄၀ ခန့်ကို ရွာဘုန်းကြီးကျောင်းထဲတွင် ပိတ်ထားခဲ့သည်၊ ည ၁၂ နာရီခန့်တွင် လေတပ်က ဘုန်းကြီးကျောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် သက်တော် ၄၀ အရွယ် ဦးဇင်းတစ်ပါးနှင့် ဒေါ်ကျင်စော (၇၅) နှစ်၊ မပို (အသက် ၄၀)၊ ဦးသန်းစိန် (၅၅) နှစ်၊ ဦးအုန်းကျော် (အသက် ၆၀)၊ ဦးပိန်သေး (၅၉) နှစ်၊ ဒေါ်မနှင်း (၆၂) နှစ်၊ မစန္ဒာလင်း (၃၂) နှစ်၊ မသူဇာမော် (၃၄) နှစ်၊ ဦးကျော်မျိုး (၃၇) နှစ်၊ ဒေါ်တင်အေး (အသက် ၅၀)၊ မကြူကြူ (၄၅) နှစ်၊ ကိုတင်စိုးလွင် (၄၂) နှစ်၊ မခင်စံပယ်ဦး (အသက် ၃၀) နှင့် ၎င်း၏သားဖြစ်သူ ၅ နှစ်အရွယ် ကလေး၊ ဒေါ်ဂျမ်းပုံ (အသက် ၈၀) နှင့် သမီးဖြစ်သူ အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားသည်။

ဗုံးကြဲမှုအတွင်း စစ်ကောင်စီလက်နက်ကိုင်တို့ ထိခိုက်ခြင်း ရှိမရှိ မသိရသေးပေ။

နန့်သာရွာတွင် တော်လှန်ရေးတပ်များ သိမ်းထားသည့် တောင်ပေါ်ဘုန်းကြီးကျောင်းနှင့် စစ်ကောင်စီတပ်အထိုင်ချထားသည့် တောင်အောက်ဘုန်းကြီးကျောင်းတို့ရှိရာ လေတပ်က မှားယွင်းကြဲခဲ့မိခြင်းဖြစ်နိုင်သည်ဟု အင်းတော်ဒေသတွင်း လှုပ်ရှားနေသည့် Indaw Revolution(IR) မှ တာဝန်ခံက အမျိုးသားက ပြောသည်။

“တိုက်ပွဲစဖြစ်တဲ့အခါမှာ စစ်တပ်က ရွာသားအနည်းအကျဉ်းကို ခေါ်ပြီး သူတို့အထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းထဲမှာ ပိတ်ထားလိုက်တာ၊ အဲဒါ ည ၁၂ နာရီထိုးမှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးနှစ်လုံးကြဲချသွားတာ” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်က ဆေးကုသခွင့်မပေးသည့်အတွက် ဒဏ်ရာရသူတချို့ သွေးထွက်လွန်ပြီး သေဆုံးသည်ဟု သိရကြောင်း အထက်ပါ IR တာဝန်ခံ အမျိုးသားက ပြောသည်။

“ဆေးကုသခွင့်မရလို့ သေကျေတာလည်း ပါတယ်၊ သူတို့စစ်တပ်ကတော့ နည်းနည်းပါးပါး ကုပေးရင် ကုပေးမှာပေါ့၊ ဒါပေမဲ့ အများကြီးကျတော့လည်း မကုနိုင်ဘူးထင်တယ်” ဟု သူက ပြောသည်။

သေဆုံးသူများကို ရွာအနီးတွင်ပင် သင်္ဂြိုဟ်ရန် စစ်တပ်နှင့် ညှိနှိုင်းစီစဉ်နေသည်ဟု အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုက သူတို့က ကျန်တဲ့ ပြည်သူတွေကို ဆက်ပြီး ဖမ်းထားတုန်းပဲဆိုတော့ အခုကတော့ ခဏတော့ စစ်တပ်က ခွင့်ပြုတယ်တဲ့ သင်္ဂြိုဟ်ဖို့၊ အခု နေ့လယ်တော့ သင်္ဂြိုဟ်ကြမယ် ပြောတယ်” ဟု အထက်ပါ အမျိုးသားက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

စစ်တပ်က တိုက်ပွဲအခြေအနေ၊ ဒေသခံတို့ ထိခိုက်မှုနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။

နန့်သာရွာမှာ အိမ်ခြေ ၂၀၀ ခန့်နှင့် လူဦးရေ ၅,၀၀၀ ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။ ၂၀၂၃ မတ်လတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာစဉ် ရွာတွင် တပ်စွဲခဲ့သည့်အတွက် တစ်ရွာလုံးနီးပါး ရွာမှ ထွက်ပြေးခဲ့ကြပြီး ရွာအတွင်း၌ လူဦးရေ ၄၀ ခန့်သာ ကျန်ရစ်ခဲ့သည်။

ယခုသေဆုံးသွားသူများမှာ ရွာတွင် ကျန်ရစ်ခဲ့များဖြစ်သည်ဟု သိရသည်။

ဇွန် ၂၃ ရက် နံနက်အထိ နန့်သာရွာတွင် တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း ယနေ့ (ဇွန်လ ၂၄ ရက်) တွင် တိုက်ပွဲများငြိမ်သက်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအားကောင်းသည့် မြို့နယ်များတွင် စစ်ကိုင်း-ကချင်နယ်စပ်မျဉ်းအနီးတွင် ရှိသည့် အင်းတော်မြို့နယ်လည်း အပါအဝင်ဖြစ်သည်။

အင်းတော်မြို့၏ မြောက်ဘက်တွင် ကချင်ပြည်နယ်အဝင် မော်လူးမြို့၊ အရှေ့ဘက်တွင် ကသာမြို့နှင့် တောင်ဘက်တွင် မြို့သိမ်းတိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့တို့ရှိသည်။

KIA တပ်များ၏အကူအညီဖြင့် တော်လှန်ရေးအားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးလေ့ရှိသလို လေကြောင်းတိုက်ခိုက်မှုကိုလည်း အကြိမ်ကြိမ်ခံနေရသည်။

Show More

Related Articles

Back to top button