သတင်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စစ်တပ်ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် တုတ်ချောင်းရွာကို ယမန်နေ့ (ဇွန် ၁၉ ရက်) ရက် နံနက်ပိုင်းက စစ်ကောင်စီလေတပ်က ဗုံးကြဲရာ ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားသည်။

ယမန်နေ့ (ဇွန် ၁၉)  နံနက်ပိုင်းတွင် စစ်ကောင်စီလေတပ်က ရခိုင်ပြည်နယ် မြေပုံမြို့နယ် တုတ်ချောင်းရွာကို ဗုံးကြဲရာ ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

သေဆုံးသွားသူများမှာ မောင်အောင်နိုင်ဦး (၁၁ နှစ်)၊ ကိုဦးကြည်ရွှေ (၂၇ နှစ်) တို့ဖြစ်သည်။

ဒဏ်ရာရသူများမှာ မခင်စိုးချေ (၂၈ နှစ်)၊ မသီတာ (၂၃ နှစ်)၊ ကိုခိုင်ခိုင်ဦး (၁၆ နှစ်)၊ ဒေါ်မစိန် (၄၈ နှစ်) နှင့် ဦးမောင်နိုင်ဦး (၄၈ နှစ်) တို့ဖြစ်သည်။

အာရက္ခတပ်တော် (AA) နှင့် ပစ်ခတ်မှု မရှိသည့် အချိန်တွင်ပင် စစ်ကောင်စီလေတပ်က ဗုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဗုံးနှစ်လုံးကြဲချခဲ့တာ။ တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ ရွာကို ပစ်သွားတာ။ ပြည်သူတွေကို သတ်ဖြတ်တဲ့ပုံစံဖြစ်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၈ ကလည်း တောင်ကုတ်မြို့နယ် ကံဆိပ်တောင်ကျေးရွာကို စစ်လေယာဉ်ဗုံးကြဲသဖြင့် အမျိုးသမီးသုံးဦးသေဆုံးကာ ဒေသခံ ၇ ဦးခန့် ဒဏ်ရာရသွားသေးသည်။

စစ်ကောင်စီသည် AA ထိန်းချုပ်ထားသည့် မြို့နှင့် ကျေးရွာများကို မကြာခဏ ဗုံးကြဲလေ့ရှိပြီး အရပ်သားများ သေဆုံးနေရခြင်းဖြစ်သည်။

အရပ်သားများမှာ စိုးရိမ်စိတ်နှင့် နေထိုင်နေကြရသည်ဟု ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးက “တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကိုလည်းမဟုတ်ဘဲ ပြည်သူလူထုတွေကိုချည်း ပစ်ခတ် သတ်ဖြတ်နေတယ်၊ လေယာဉ်နဲ့ ဗုံးကြဲမှာကို အမြဲစိုးရိမ်နေရတယ်၊ အရပ်သားတွေကို ပစ်မှတ်မထားဖို့ ပြောချင်ပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၂၃ နိုဝင်ဘာ ၁၃ မှ ၂၀၂၄ မေလ ၁၃ ရက်နေ့ကြား ကြည်းရေလေတပ်များ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၆၈ ဦး သေဆုံးသွားသည်၊ ဒဏ်ရာရရှိသူ ၆၄၀ ရှိသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး၏ မေ ၂၇ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူ ၄၂၅ ဦးရှိကာ စစ်ဘေးရှောင်စုစုပေါင်း ၆၀၀,၀၀၀ ရှိသည်ဟုလည်း ဆိုသည်။

ထိုကိန်းဂဏန်းများကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို အာဏာသိမ်းစစ်တပ်ကလည်း ထိုဖြစ်ရပ်များအကြောင်း သတင်းအမှောင်ချထားတတ်သည်။

AA သည် ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဟု ကြေညာထားသည်။ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။ လက်ရှိတွင် အမ်း၊ မောင်တော၊ သံတွဲရှိ စစ်စခန်းများကိုလည်း ထပ်မံတိုက်နေသည်။

မောင်တောမြို့ရှိ လက်ကျန်စစ်တပ်စခန်းများကို တိုက်ခိုက်တော့မည်ဖြစ်၍ အသက်အန္တရာယ် ကျရောက်နိုင်သဖြင့် ဇွန်၁၆ ညပိုင်းမှစ၍ ဒေသခံများ ထိုဒေသမှ ထွက်ခွာရန် AA က အသိပေးထားသည်။

Show More

Related Articles

Back to top button