သတင်း

ခုခံစစ်ဆင်နေသော စစ်တွေသို့ ကုန်စည်တန်ချိန်ထောင်ချီ ပို့ဆောင်

စစ်ကောင်စီက ကုန်စည်စီးဆင်းမှုရပ်တန့်နေသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေသို့ ဆန်နှင့် စက်သုံးဆီ ပမာဏအများအပြား ဖြည့်တင်းထားသည်။

စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်ထားပြီး အာရက္ခတပ်တော် (AA) ကလည်း ဝန်းရံပိတ်ဆို့ထားသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေသို့ ဆန်နှင့် စက်သုံးဆီအမြောက်အမြားကို စစ်ကောင်စီဘက်က ရေလမ်းသုံးပြီး ဖြည့်တင်းထားသည်။

၂၄ ပြည်ဆံ့သည့် ဆန်အိတ်ပေါင်း ၃၉၀၀၀ ကျော်နှင့် ပြည်နယ်စစ်ကောင်စီက တောင်းဆိုထားသည့် ဆောက်လုပ်ရေးစ္စည်းများ၊ လောင်စာတောင့်များအပါအဝင် တန် ၂၀၀၀ ကျော်ရှိသည့် ကုန်စည်များကို ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘောဖြင့် ပို့ဆောင်ခဲ့သည်၊ “ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး”အတွက် ဖြစ်သည်ဟု စစ်ကောင်စီ၏ ယနေ့ (ဇွန် ၁၈) ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

မေလ ၁၆ ရက်မှ ဇွန်လ ၁၇ ရက်အတွင်း စစ်တွေသို့ စစ်သင်္ဘောများအပါအဝင် သင်္ဘော ၄၇ စင်းဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ခဲ့သည်ဟု သတင်းတွင် ပါရှိသည်။

ပို့ပေးသည့် ပစ္စည်းများထဲတွင် ဒီဇယ်၊ ဓာတ်ဆီ၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးသုံးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းတို့ ပါဝင်သည်ဟု ဆိုသည်။

ကယ်ဆယ်ရေးခေါင်းစဉ်အောက်မှ ပို့ဆောင်ခဲ့သည့် ထိုကုန်စည်များကို လူထုထံ မည်ကဲ့သို့ ဖြန့်ဝေမည်ကိုမူ ရေးသားထားခြင်းမရှိပါ။

စစ်ကောင်စီ ခုခံစစ်ဆင်နေသော စစ်တွေမြို့သို့ ပို့ဆောင်သည့် ပစ္စည်းများကို ကယ်ဆယ်ရေးပစ္စည်းများဟု ခေါင်းစဉ်တပ်ထားသော်လည်း စစ်တပ်နှင့် စစ်ကောင်စီဝန်ထမ်းများအတွက် ဖြစ်နိုင်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဆိုသည်။

“တပ်ရိက္ခာဖြစ်ဖို့များတယ်။ လူထုကို ပေးတယ်ဆိုရင်တော့ အသံကြားရမှာပေါ့။ စစ်တွေက သူတို့ထိန်းချုပ်မှု ဧရိယာအောက်မှာ ရှိတယ်။ သူတို့အတွက်ပဲ ဖြစ်ဖို့များတယ်” ဟု ၎င်းက ဆိုသည်။

သင်္ဘောဖြင့် မှာယူ အားဖြည့်ထားသည့် ပစ္စည်းများထဲတွင် ရခိုင်ပြည်နယ်စစ်ကောင်စီက မှာယူထားသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများလည်း ပါဝင်သည်။

စစ်တွေမြို့တွင် နေထိုင်နေသော လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးကမူ ဆန်ဈေးနှင့် စက်သုံးဆီဈေးသည် မြင့်တက်နေဆဲဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

မေလအတွင်း ဓာတ်ဆီဈေးသည် ၂ သောင်းကျော်ရှိခဲ့ရာမှ လက်ရှိတွင် ဓာတ်ဆီ ၁ လီတာလျှင် ကျပ်ငွေ ၃ သောင်း ၂ ထောင်မှ ၃ သောင်းခွဲအထိ ပေးနေရကြောင်း စစ်တွေမြို့ခံ အမျိုးသားက ဆိုသည်။

ထို့ပြင် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁ သောင်း ၇ ထောင်မှ ကျပ် ၂ သိန်း ၈ သောင်းအထိ ပေးနေရကြောင်း ၎င်းက ပြောသည်။

“ဆေးဝါးကတော့ အခက်အခဲရှိပါတယ်။ ဆေးကတော့ အစုံမရတော့ဘူးပေါ့။ လူတွေကလည်း ကိုယ့်အိမ်မှာ ရှိတာလေးတွေ မပျက်စီး၊ မပျောက်ပျက်အောင် စောင့်နေတဲ့အခြေအနေမျိုးပဲရှိပါတယ်” ဟု စစ်တွေမြို့ခံ အမျိုးသားက ဆိုသည်။

မြို့တော် စစ်တွေရှိ ပြည်သူများကို AA က ဘေးလွတ်ရာသို့ ​တိမ်းရှောင်ကြရန် ကြေညာထားသဖြင့် ဒေသခံတစ်ဝက်ခန့်မှာ မြို့မှ တိမ်းရှောင်ကြပြီးဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှိသည့်မြို့များတွင် ပြည်သူအများအပြား သတ်ဖြတ်ခံရခြင်း၊ နေအိမ်များ ဖျက်ဆီးခံရခြင်းကို စစ်တွေဒေသခံတို့လည်း သိပြီးဖြစ်သည်။

မြို့တွင်းကျန်ရှိနေသေးသော ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်လိုသော်လည်း စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားသည်။

မြို့ခံတို့ ထွက်ပြေးကြစဉ် မိုင်းနင်းမိခြင်း၊ စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းတို့ကြောင့် ဒဏ်ရာရ၊ သေဆုံးမှုများ ရှိနေသည်။

စစ်ကောင်စီက စစ်တွေမြို့အပြင်တွင်ရှိနေသည့် ရခိုင်ရွာ ၁၂ ရွာကိုလည်း ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အတွင်း မြို့တွင်းသို့ ပြောင်းရွှေ့ကြရန် ဇွန်လ ၉ ရက်တွင် အမိန့်ထုတ်ခဲ့သည်။

စစ်တွေမြို့အနီး ရခိုင်ရွာ ၁၂ ရွာကို မြို့ထဲသို့ ရွှေ့ရခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက AA သည် ရခိုင်ရွာများအတွင်းမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်လေ့ရှိသလို AA ကို ထောက်ခံသည့် ရွာသားများလည်းရှိနေသဖြင့် ၎င်းတို့တပ်အနေနှင့် လုံခြုံရေးဆောင်ရွက်ခြင်းဖြစ်ကြောင်း BBC သတင်းဌာနကို ဖြေကြားထားသည်။

စစ်တွေမြို့တွင် အစုအလိုက်အပြုံလိုက် လူသတ်မှုတစ်ခုလည်း မေလ ၂၉ ရက်နေ့က ပေါ်ပေါက်ခဲ့သည်။

စစ်ကောင်စီတပ်သားများ မြို့မြောက်ဘက်ရှိ ဆတ်ရိုးကျ ရပ်ကွက်ဟုလည်းခေါ်သည့် ဗျိုင်းဖြူရွာထဲသို့ ဝင်ရောက်စီးနင်းပြီးနောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ရာ ရွာကို ဝင်စီးခဲ့သည့် နေ့မှစတင်ပြီး သုံးရက်အတွင်း သတ်ဖြတ်ခံခဲ့ရသူ ၇၆ ဦးအထိရှိကြောင်း အာရက္ခတပ်တော် (AA) က ဇွန်လ ၄ ရက်နေ့က သတင်းထုတ်ပြန်သည်။ 

Show More

Related Articles

Back to top button