ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီခရိုင်၊ မတူပီမြို့နယ်က စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၃၀၄) တပ်ရင်းကို ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များက ဇွန်လ ၁၇ ရက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်သည်။
ထိုစခန်းသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများအနက် တော်လှန်ရေးတပ်များ ပထမဆုံးသိမ်းဆည်းနိုင်ခဲ့သည့် တပ်ရင်းစခန်းတစ်ခုဖြစ်လာသည်။
အဆိုပါတပ်ရင်းမှ ဟောင်ဝစ်ဇာအမြောက်နှင့် လက်နက်ခဲယမ်းများရထားသည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။
မတူပီမြို့နယ်တွင် စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (စဗခ) တစ်ခုရှိပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) လက်အောက်ခံ ခမရ (၃၀၄) နှင့် ခလရ (၁၄၀) တပ်ရင်းတို့ အခြေစိုက်သည်။
ခမရ (၃၀၄) တပ်ရင်းကို သိမ်းပိုက်ပြီးနောက် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များသည် စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခလရ (၁၄၀) တပ်ရင်းကို သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်နေကြောင်း ချင်းညီနောင်အဖွဲ့က ဆိုသည်။
မတူပီတိုက်ပွဲတွင် ချင်းညီနောင်ဘက်မှ အာရက္ခတပ်တော် (AA) နှင့် မကွေးတိုင်း ယောဒေသအခြေစိုက် Yaw Army တို့လည်း ပါဝင်တိုက်ခိုက်နေသည်။
မတူပီတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ချင်းညီနောင်အဖွဲ့တွင် ပါဝင်သူတစ်ဦးက “တိုက်ပွဲကတော့ တောက်လျှောက်ပြင်းထန်နေတယ်။ လေကြောင်းတိုက်ခိုက်မှုလည်း တောက်လျှောက်လာနေတယ်။ ရဲစခန်းနှင့်တကွ ထွေအုပ်ရုံးနှင့်တကွပေါ့။ မြို့ပေါ်က ဌာနဆိုင်ရာ ရုံးတွေကိုတော့ သိမ်းပြီးသွားပြီ” ဟု ဆိုသည်။
ချင်းညီနောင်အဖွဲ့သည် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့တွင်လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲများ ဖော်ဆောင်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော တီးတိန်မြို့ရှိ လျှပ်စစ်ရုံးနှင့် တာဝါတိုင်စခန်း ၂ ခုကို မေလ ၂၇ ရက်တွင် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေပြီး ၉ ဦးကို အရှင်ဖမ်းမိခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုင်သည့် လက်နက်ကြီးလက်နက်ငယ် ၁၇ လက်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ဆိုသည်။
တိုက်ပွဲအတွင်း ထိခိုက်သေကျေမှုများကို Myanmar Now အနေနှင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ချင်းညီနောင်အဖွဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်၌ စစ်ကောင်စီတပ် အလုံးစုံကင်းစင်နိုင်ရေး ရည်မှန်းချက်ချထားပြီး အဆိုပါရည်မှန်းချက်၏ ကနဦးအဆင့်အနေနှင့် ယခုကဲ့သို့ တိုက်ပွဲများဖော်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ရေးလေ့လာသုံးသပ်သည့် အမျိုးသားတစ်ဦးကလည်း မတူပီမြို့သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်၏ အရှေ့မြောက်ဘက်တွင်ရှိပြီး မတူပီကိုသာ ချင်းညီနောင်အဖွဲ့က အလုံးစုံသိမ်းပိုက်သွားနိုင်ပါက မတူပီနှင့် AA ထိန်းချုပ်ထားသည့် ပလက်ဝဒေသသည် ဆက်စပ်သွားနိုင်ကြောင်း ဆိုသည်။
၎င်းက “ကုလားတန်မြစ်ရဲ့မြောက်ဖျား အိန္ဒိယနယ်စပ်တစ်ကြောကနေ ဆက်လိုက်ရင် ရှင်းလက်ဝကနေ အပေါ်တက်လိုက်ရင် လိုင်လင်းပီ အဲဒီကနေ မတူပီအထိက တစ်ဆက်တည်းဖြစ်သွားမယ်။ ပလက်ဝနဲ့ မတူပီက ဆက်သွားလိမ့်မယ်။ အဲဒီလိုဆက်စပ်သွားရင် ဒေသဖွံ့ဖြိုးရေးတို့ဘာတို့ အကုန်လုံးပူးပေါင်းလုပ်ဆောင်ဖို့ လွယ်သွားပြီ” ဟု ဆိုသည်။
စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေသည့် ချင်းညီနောင်အဖွဲ့သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်လာသည့် ချင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့ဖြစ်သည်။
ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ဆိုသည့် အဖွဲ့ ၆ ဖွဲ့ ပါဝင်သည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်နေသည့် ချင်းအမျိုးသားတပ် (CNA) နှင့် မဟာမိတ်များလည်း အခြေစိုက်ပြီး အဆိုပါအဖွဲ့သည်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနှင့်အပြိုင် ချင်းပြည်နယ်တွင် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ထားသည်။
CNA ဦးဆောင်သည့် တပ်များနှင့် ချင်းညီနောင်အဖွဲ့သည် ချင်းပြည်နယ်တွင် အပြည့်အဝ မပူးပေါင်းနိုင်သေးဘဲ သီးခြားစီ တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။