အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲကို ရလဒ်ကို လျစ်လျူရှုပြီး အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်က လာမည့်နှစ် ၂၀၂၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပထမဆုံးအကြိမ် ထုတ်ပြောသည်။
၂၀၂၁ အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း အထွေထွေအကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရချိန် ‘ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပမည်’၊ စစ်တပ်ထိန်းချုပ်ထားနိုင်သော မြို့များတွင် ‘အပိုင်းလိုက် ဦးစွာကျင်းပမည်’ စသဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မပြတ်မသား ပြောဆိုသည်။
မြန်မာပြည်သူအများစု၏ ဆန္ဒကို မျက်ကွယ်ပြုပြီး နိုင်ငံတော်ပုန်ကန်ကာ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ‘သောင်မတင်၊ ရေမကျ’ ပြောနေရာမှ ယခုနှစ် အောက်တိုဘာလအတွင်း သန်းခေါင်စာရင်းကောက်ယူပြီးနောက် ‘လာမည့်နှစ် (၂၀၂၅) အတွင်း’ ကျင်းပမည်ဟု ထုတ်ပြောလာခြင်း ဖြစ်သည်။
“လာမည့် အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး၊ လာမည့်နှစ်အတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း” ယမန်နေ့ (ဇွန်လ ၁၅ ရက်) က မိတ္ထီလာမြို့သို့ ရောက်စဉ် စစ်ခေါင်းဆောင်၏ ပြောဆိုချက်ကို စစ်တပ်ထိန်းချုပ်ထားသည့်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်သည်။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် “နိုင်ငံရေးကို အကြောင်းပြပြီး မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိပါက မိမိတို့၏ တိုးတက်မှုများ နောက်ကျနေခဲ့မည်” ဟုလည်း ရွေးကောက်ပွဲနှင့်ဆက်စပ်၍ စစ်ခေါင်းဆောင်က ပြောဆိုသည်။
သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပမည်လော၊ အပိုင်းလိုက်ခွဲ၍ ကျင်းပမည်လော၊ မည်သည့်ပုံစံဖြင့် ရွေးကောက်ပွဲကျင်းပမည်ကို အတိအကျ ထုတ်ပြောခဲ့ခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထပ်မံအနိုင်ရခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မဲစာရင်းမှားသည်ဟု အကြောင်းပြကာ၊ နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် ပါတီနှင့် အစိုးရထိပ်သီးတချို့ကို ဖမ်းဆီးကာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ ရွေးကောက်ပွဲရလဒ်ကိုလည်း ပယ်ဖျက်ခဲ့သည်။
အာဏာသိမ်းပြီးနောက် သုံးနှစ်အတွင်း ကျင်းပခဲ့သည့် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးများတွင် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို “တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပမည်” ဟု အကြိမ်ကြိမ် ကြွားလုံးထုတ်သည်။
ယခုနှစ် မတ်လအတွင်းက ရုရှားအစိုးရပိုင် သတင်းဌာနတစ်ခုနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စစ်တပ်ထိန်းချုပ်ထားနိုင်သော မြို့များတွင် အပိုင်းလိုက်ဦးစွာကျင်းပမည် ဆိုသည့်သဘော စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
“မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့ လုပ်ပါမယ်၊ ပြည့်စုံပြီးလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှုကောင်းပြီ ဆိုတာနဲ့ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့ အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု မင်းအောင်လှိုင်က ရုရှားအစိုးရပိုင် TASS သတင်းဌာနကို ပြောသည်။
၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သတ်သည့် စစ်တပ်ကို နိုင်ငံတစ်ဝန်းရှိ ထောင်ပေါင်းများစွာသော လူငယ်များက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ လက်နက်ကိုင်တော်လှန်နေကြသည်။
စစ်ကောင်စီ၏ လက်ရှိပကတိအခြေအနေမှာ နိုင်ငံအနှံ့ စစ်မျက်နှာအသီးသီးတွင် စစ်ရှုံးနေပြီး၊ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာနေသည်။
အထူးသဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်တို့ရှိ နယ်မြေအားလုံးနီးပါးနှင့် ထက်ဝက်ကျော်ကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်၊ ထိန်းချုပ်ထားသည်။
တစ်ဖက်တွင်လည်း စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကို လိုလားသည့် နိုင်ငံရေးပါတီများလည်း ရှိသည်။ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယခု ဇွန်လဝက်အထိ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီပေါင်း ၄၇ ခုရှိသည်။
စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ထိပ်ဆုံးမှ မှတ်ပုံတင်ထားပြီး၊ ထိုအထဲတွင် စစ်တပ်နှင့် ပလဲနံပသင့်သည့် ဒေါက်တာအေးမောင်၏ ‘ရခိုင့်ဦးဆောင်ပါတီ’ ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကိုကိုကြီး၏ ‘ပြည်သူ့ပါတီ’ တို့လည်း ပါဝင်သည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းတချို့သည် စစ်တပ်ထိန်းချုပ်ထားသော မြို့ကြီးများသို့ သွားရောက်ကာ ပါတီဝင်များနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲအတွက် စတင်လှုပ်ရှားနေကြပြီ ဖြစ်သည်။
ဇွန်လ ၁၄ ရက်က ရန်ကုန်တိုင်းအတွင်းရှိ ပါတီဝင်များနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့ တွေ့ဆုံပွဲတွင် “ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ခရိုင်မြို့နယ်များမှ ဆောင်ရွက်ထားရှိမှုအပေါ် သုံးသပ်တင်ပြခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း ကြံ့ခိုင်ရေးပါတီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ၎င်းတို့ထံ ပါတီမှတ်ပုံတင်ခြင်းမရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် အင်အားကြီးပါတီတစ်ခုဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ကို ပါတီဖျက်သိမ်းခဲ့သည်။
စစ်ကောင်စီကျင်းပမည်ဟု လေသံပစ်ထားသော ရွေးကောက်ပွဲကို တော်လှန်ရေးအစိုးရ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အများစုက ကန့်ကွက်ထားသည်။