
ယခုရက်ပိုင်းအတွင်း တရုတ်အစိုးရက စစ်ကောင်စီကို အကူအညီများ ဆက်တိုက်ပေးအပ်နေရာ စစ်ရေး၊ နိုင်ငံရေး အခက်တွေ့နေသည့် စစ်ကောင်စီအတွက် အားတက်စရာ ဖြစ်နေသည်ဟု လေ့လာသူတချို့က ပြောသည်။
ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တရုတ်နိုင်ငံ၏ နည်းပညာပိုင်းနှင့် ငွေကြေးအကူအညီဖြင့် တည်ဆောက်ခဲ့သော အဆောက်အအုံသစ်တစ်ခုကို စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးသင်တန်းကျောင်း အဆောက်အအုံမှာ ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အကူအညီပေးသော အကြီးမားဆုံးစီမံကိန်းလည်းဖြစ်သည်ဟု ရန်ကုန်မြို့ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။
သင်တန်းကျောင်းတွင် ဇီဝလုံခြုံမှု အဆင့် – ၃ (Biosafety level 3) ဓာတ်ခွဲခန်း၊ တုပ်ကွေးရောဂါဓာတ်ခွဲခန်း၊ ဗိုင်းရပ်စ်ပိုးဓာတ်ခွဲခန်း၊ အစားအစာအဏုဇီဝဓာတ်ခွဲခန်း၊ လူကို အဆိပ်သင့်နိုင်သည့် ပတ်ဝန်းကျင်ရှိ ဓာတ်ပစ္စည်းများကို စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်း၊ သွေး၊ သွေးရည်ကြည်နှင့် မော်လီကျူးများစစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းတို့လည်း ပါဝင်သည်။
ထို့ပြင် စစ်ကောင်စီကို ကင်းလှည့်ရေယာဉ် ၆ စင်း ပေးအပ်ကြောင်းလည်း တရုတ်သံရုံးက ဇွန် ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အထက်ပါ အကူအညီများမှာ ၂၀၁၈ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် နှစ်နိုင်ငံသဘောတူခဲ့သည့် အစီအစဉ်များဖြစ်ပြီး စစ်ကောင်စီတပ် ထိုးစစ်ဆင်ခံရသဖြင့် စစ်စခန်းအများအပြား စွန့်လွှတ်ဆုံးရှုံးနေရသည့် ကာလတွင် အချိန်ကိုက် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု လေ့လာသူတချို့က သုံးသပ်သည်။
စစ်ကောင်စီက စစ်ရေးအတွက်ပါ အသုံးပြုမည့် ရေယာဉ် ၆ စီးကို ယခုအချိန်မှ ပေးအပ်ခြင်းမှာ တရုတ်စီမံကိန်းများ ရှိနေသည့် ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) က အဆက်မပြတ် ထိုးစစ်ဆင်ပြီး မြို့များကို သိမ်းပိုက်နေသည့် စစ်ပွဲများ ရပ်တန့်စေရန် တရုတ်က ဖိအားပေးသည့်သဘော သက်ရောက်သည်ဟု ပြောကြသည်။
ဝါရင့်ရှေ့နေကြီးတစ်ဦးဖြစ်သူ ဦးကြီးမြင့်က ကူညီမှုပမာဏမှာ နိုင်ငံတစ်ခုအတွက် များသည်ဟု မဆိုနိုင်ကြောင်း ပြောသည်။
“သူကတော့ သူတောင်းစား ပေးသလောက်ပဲရှိပါတယ်။ … ရောဂါစင်တာဆိုတာကတော့ လူမှုရေးကျန်းမာရေးဂရုစိုက်တဲ့လူ၊ အကြင်နာတရားကြီးမားတဲ့လူဆိုတာ ပြချင်တာပေါ့ဗျာ၊ ဒါပါပဲ၊ ဒီထက်မပိုပါဘူး” ဟု ပြောသည်။
“စစ်သင်္ဘောခြောက်စီးဆိုတာတော့ ကျောက်ဖြူဆိပ်ကမ်းလုံခြုံရေးနဲ့ AA ကို တိုက်တဲ့နေရာမှာ စစ်ကောင်စီဘက်က နည်းနည်းရပ်ပြပြီး AA ကိုလည်း နည်းနည်းဖိအားပေးတာပေါ့ဗျာ၊ ငါပြောတာ မင်းနားထောင်ဖို့လည်း လိုတယ်နော်ဆိုပြီး warning ပေးတဲ့သဘောလို့ ယူဆပါတယ်။”
ရေယာဉ်ခြောက်စီးကို စစ်ကောင်စီ ရရှိချိန်သည် စစ်တပ်က အရပ်ဘက်ပစ်မှတ်များကိုပါ တိုက်ခိုက်နေချိန်ဖြစ်သည်ဟု တရုတ်မြန်မာနယ်စပ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေးသမားအဖြစ် ၁၅ နှစ်ခန့် ကျင်လည်ခဲ့ဖူးသူ ဦးသန်းစိုးနိုင်က ထောက်ပြသည်။
“ရခိုင်စစ်မျက်နှာဘက်မှာ စစ်သင်္ဘောကနေ အမြောက်နဲ့ပစ်တာကို တွင်တွင်ကျယ်ကျယ်လုပ်ပြီးတော့ AA တပ်တို့၊ လူထုရှိတဲ့နေရာကို ပစ်တဲ့ကိစ္စတွေ သိပ်ပြင်းထန်နေတဲ့ အခြေအနေမျိုးမှာ ဒီသင်္ဘောတွေရောက်ရှိလာတာက တော်တော်ကို ဆိုးဝါးတဲ့တိုက်ဆိုင်မှုပဲ” ဟု နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က ပြောသည်။
“စစ်စခန်းတွေသိမ်းခံရတော့ အမြောက်ပစ်နိုင်တဲ့စွမ်းအားကျတာပေါ့ဗျာ။ ဒီလိုအချိန်မှာ ရေတပ်သင်္ဘောခြောက်စီးရောက်လာတာဆိုတာ့ စစ်ကောင်စီအတွက်တော့ အားတက်စရာဖြစ်တာပေါ့ဗျာ။ ဒါကတော့ တော်တော်ဆိုးရွားမယ့် အကျိုးဆက်ကို ဖြစ်စေမယ့် အကြောင်းတိုက်ဆိုင်မှုလို့ သုံးသပ်ရမှာပေါ့ဗျာ”
၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းစဉ် လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှာ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာပြီးနောက် AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း စစ်ကောင်စီကို ဝိုင်းဝန်းထိုးစစ်ဆင်လျက်ရှိသည်။
စစ်ကောင်စီက ကြည်းရေလေတပ်များသုံးပြီး တိုက်ခိုက်စဉ် အရပ်သားများရှိသည့်နေရာများကိုပါ ပစ်ခတ်လျက်ရှိသည်။
အရပ်သားများ အစုအပြုံလိုက်သတ်ဖြတ်ခံရမှုများထဲမှ နောက်ဆုံးဖြစ်ရပ်တစ်ခုမှာ ဇွန်လ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့ ကျေးရွာတစ်ခုကို လေတပ်က နှစ်ရက်ဆက်တိုက် အကြိမ်ကြိမ် ဗုံးကြဲသဖြင့် ဒေသခံ ၆၄ ဦးထက်မနည်း သေဆုံးခဲ့မှု ဖြစ်သည်။