သတင်း

အမျိုးသမီးစစ်မှုထမ်းစာရင်း ဒေသတချို့တွင် ကောက်ယူ

အမျိုးသမီးများကို စစ်သားသစ်အဖြစ် စုဆောင်းရန် တိုင်းဒေသကြီးတချိူ့တွင် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စာရင်းစတင်ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

လက်နက်ကိုင်အင်အား အကြီးအကျယ် လိုအပ်နေသော စစ်ကောင်စီက တိုင်းဒေသကြီးတချို့တွင် စစ်မှုထမ်းရမည့် အမျိုးသမီးများစာရင်း စတင်ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

တနင်္သာရီတိုင်း၊ ပဲခူးတိုင်းရှိ ဒေသတချို့တွင် အုပ်ချုပ်ရေးမှူးများက ထိုသို့ ကောက်ယူနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်း ကော့သောင်းမြို့နှင့် ဘိတ် ခေါ် မြိတ်မြို့ရှိ ကျေးရွာတချို့တွင် အမျိုးသမီးစစ်မှုထမ်းစာရင်းကို သန်းခေါင်စာရင်းကောက်သည့် ပုံစံဖြင့် ဆောင်ရွက်နေသည်ဟု မြိတ်မြို့ခံတစ်ဦးက ပြောသည်။

“စာရင်းကောက်လည်း ကောက်တာပဲရှိမယ်၊ လူငယ်တွေက မြို့နဲ့ ရွာတွေမှာ မရှိတော့ဘူး၊ အကုန်ထွက်ကုန်ကြပြီ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီး ပြည်သူများကို သတ်ဖြတ်နေမှုကြောင့် နာမည်ပျက်နေသော စစ်တပ်ထဲ ဝင်ရမည်ကို စိုးရိမ်ပြီး မြိတ်မြို့မှ တိမ်းရှောင်သူ အများအပြားက အိမ်နီးချင်း ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသွားကြသည်ဟု သိရသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသတစ်ခုတွင်လည်း စစ်မှုထမ်းရန် စာရင်းပါရှိသည့် အမျိုးသားလူငယ်များ ရွာထဲတွင် မရှိ၍ ရှိသည့် လူငယ်အမျိုးသမီးများကို စာရင်းကောက်ယူထားရန် မြို့နယ်အဆင့်က ညွှန်ကြားထားကြောင်း အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

“အုပ်ချုပ်ရေးမှူးက လူငယ်တွေမရှိဘူး၊ လူမပေးနိုင်လို့ ရွာထဲဝင်ဆွဲရင်လည်း ဆွဲဆိုလို့ ညဘက်တောင် ကောင်းကောင်း မအိပ်ရဘူး၊ ခု ရွာထဲက လူငယ်တွေလည်း မြို့တက်ပြီး အလုပ်လုပ်၊ နိုင်ငံခြားထွက်တာနဲ့ မရှိကြတော့ဘူး” ဟု ထိုဒေသခံက ပြောသည်။

သတင်းတွင် ကျေးရွာအမည်ကို လုံခြုံရေးအရ ဖော်ပြခြင်း မပြုရန် အဆိုပါ ဒေသခံက တောင်းဆိုထားသည်။

စစ်မှုထမ်းရန် အကျုံးဝင်ပြီး စာရင်းပါဝင်သည့် လူငယ်များ တိမ်းရှောင်သွားကြခြင်းကြောင့် ဖိအားပေးခံရသည့် အုပ်ချုပ်ရေးမှူးတို့က စစ်မှုထမ်းဥပဒေသတ်မှတ်ချက်တွင် အကျုံးဝင်သည့် အမျိုးသမီးစာရင်းကို ကြိုတင်၍ ကောက်ယူပြုစုထားခြင်း ဖြစ်နိုင်ကြောင်း နေပြည်တော်မှ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ခုက ရပ်ကွက်ထဲမှာ စာရင်းပါတာ ၁၀ ယောက်ရှိရင် အဲလူအားလုံးက ရပ်ကွက်ထဲမှာ မရှိဘူး၊ နိုင်ငံခြားထွက် အလုပ်လုပ်သူနဲ့ ထွက်ပြေးတဲ့သူနဲ့ဆိုတော့ အုပ်ချုပ်ရေးမှူးတွေလည်း အတော် တိုင်ပတ်နေကြတာ” ဟု သူက ဆိုသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး၊ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တို့ကို ဆက်သွယ်မေးမြန်းရာ အမျိုးသမီးစစ်မှုထမ်း ခေါ်ယူရန်နှင့် စာရင်းကောက်ယူရန် ညွှန်ကြားခြင်းမရှိသေးဟု ဆိုကြသည်။

“ဘယ်အချိန်ခေါ်မလဲဆိုတာ အတိအကျကို ကျွန်တော်တို့လည်း မသိသေးပါဘူးခင်ဗျ၊ စာရင်းကောက်ခိုင်းတာလည်း မရှိသေးပါဘူးခင်ဗျ” ဟု စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌရုံး ဖုန်းဖြေသူက ပြောသည်။

စစ်မှုထမ်းဥပဒေကို အာဏာရှင်ဟောင်း ဦးသန်းရွှေက ၎င်းအနားယူရန် လပိုင်းအလို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။ လက်ရှိ အာဏာရှင်စစ်ခေါင်းဆောင်က အာဏာသိမ်းပြီး ၃ နှစ်အကြာတွင် ထိုဥပဒေအတိုင်း ကျင့်သုံးမည်ဟုဆိုကာ လူငယ်များကို စစ်သင်တန်းကျောင်းသို့ အတင်းအကျပ် ပို့ဆောင်နေခြင်း ဖြစ်သည်။

စစ်မှုထမ်းဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ၊ ဘွဲ့ရပညာတတ်များထဲမှ ၁၀ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများ စစ်ထဲဝင်ရမည် ဖြစ်သည်။

အမျိုးသားများကို ဧပြီလမှစတင်၍ အပတ်စဉ် (၁) နှင့် (၂) အတွက် သင်တန်းသား ၁၀,၀၀၀ ခေါ်ယူကာ အပတ်စဉ် (၃) ကိုလည်း မကြာခင် ခေါ်ယူသွားမည်ဟု သိရသည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကြီးများ၏ ထိုးစစ်ကို အဆက်မပြတ်ရင်ဆိုင်နေရပြီး စစ်သားသစ် စုဆောင်းရေးကို အသည်းအသန် လုပ်ဆောင်နေသည်၊ ထိုသို့ မစုဆောင်းမီကလည်း ဒေသအများအပြားတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များ ဖွဲ့စည်းစေကာ ထိုအဖွဲ့များအတွက်လည်း လက်နက်ကိုင်အင်အားကို နည်းမျိုးစုံဖြင့် စုဆောင်းခဲ့သည်။

Show More

Related Articles

Back to top button