သတင်း

စဉ့်ကူးမြို့နယ်မှ CDM ဆရာမ လက်နက်ကြီးထိသေဆုံး၊ လသားကလေး ကျန်ရစ်

မန္တလေးတိုင်း၊ စဉ့်ကူးတွင် ရွာထဲ လက်နက်ကြီးကျည်ကျသဖြင့် ကလေးမိခင် ဆရာမတစ်ဦး သေဆုံးသည်၊ စစ်တပ်ကမူ ထိုမြို့တွင် လက်နက်ကြီး ပစ်ခတ်မှုမရှိဟု သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇွန် ၁၁) နံနက်ပိုင်းက မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျေးရွာတစ်ရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းဆရာမတစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများနှင့် စဉ့်ကူးမြို့နယ်ကင်းထောက်မြေပြင်အဖွဲ့တို့က ပြောသည်။

စစ်ကောင်စီတပ်၏ ရိက္ခာသယ် မော်တော်တစ်စီး ရွာသာယာကျေးရွာမှ ထုံးကြီးကျေးရွာသို့ သွားနေစဉ် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့သည်၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားရာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ရွာတချို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ အဆိုပါကျောင်းဆရာမ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

လက်နက်ကြီးစ ဦးခေါင်းကို ထိမှန်သေဆုံးသူသည် အသက် ၃၀ အရွယ်ရှိ ထီးကုန်းကျေးရွာနေ မူလတန်းပြဆရာမ ဒေါ်မေဇင်ဝင်းဖြစ်ပြီး CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူဖြစ်ကြောင်း၊ လသားအရွယ်ကလေးတစ်ဦး ကျန်ရစ်ကြောင်း သိရသည်။

“အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး သူတို့ဘက်က စစ်သားတစ်ဦးဒဏ်ရာရတယ်။ ပြီးတော့ မြစ်အနောက်ဘက် ကျွန်းပေါ်ရွာတွေကို ထုံးကြီးရွာဖောင်ဆိပ်ကနေ လက်နက်ကြီး တပ်ဆင်ပြီးတော့ ရမ်းသန်းထုတယ်။ ဒေသခံအမျိုးသားနှစ်ဦး ဒဏ်ရာရတယ်၊ အမျိုးသမီးတစ်ဦးသေတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။

ဒဏ်ရာရသူတို့နှင့်ပတ်သက်ပြီး အခြေအနေအသေးစိတ် မသိရပေ။

စစ်ကောင်စီက ထိုဒေသတွင် လက်နက်အင်အား၊ စစ်သည်အင်အား များပြားသည်ဟု စဉ့်ကူးမြို့နယ်မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“အပြန်အလှန်ပစ်ခတ်မှုတွေပြီးတော့ ထုံးကြီးကျေးရွာကို အင်အား ၅၀ လောက် ထပ်ဖြည့်လာတယ်။ ပြည်သူပိုင် သံခွံတစ်စီးကိုလည်း ချောဆွဲပြီးတော့ ရွာသာယာဘက်ကို ပြန်ဝင်သွားတယ်။ ညပိုင်းမှာတော့ လက်နက်ကြီးပစ်ခတ်မှုတွေမရှိတော့ဘူး” ဟု သူက ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများက သတင်းမှားဟု ဖော်ပြခဲ့သည်၊ ထိုနေ့တွင်က စဉ့်ကူးတွင် တိုက်ပွဲဖြစ်ခြင်းမရှိ၊ လက်နက်ကြီးပစ်ခတ်မှုမရှိဟု စစ်ကောင်စီက ဆိုသည်။

စဉ့်ကူးမြို့နယ် ရွာသာယာကျေးရွာနှင့် ထုံးကြီးကျေးရွာသည် ပျူစောထီးအားကောင်းသည့် ရွာနှစ်ရွာဖြစ်သည်။ စစ်တပ်က ထိုကျေးရွာနှစ်ရွာတွင် အင်အား ၅၀ ခန့်စီဖြင့် အထိုင်ချကာ အနီးဝန်းကျင် မြစ်ကြောင်းတစ်လျှောက်ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းတို့ ပြုလုပ်လေ့ရှိသည်ဟု စဉ့်ကူးမြို့နယ် ကင်းထောက်စာမျက်နှာတွင် ဖော်ပြထားသည်။

တိုက်ပွဲတွင် ပါဝင်သည့် စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။

စဉ့်ကူးမြို့သည် မြန်မာနိုင်ငံအလည်ပိုင်း မန္တလေးမြို့၏မြောက်ဘက်၊ ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိသည်။ မတ္တရာ၊ သပိတ်ကျင်းတို့နှင့်လည်း ထိစပ်နေပြီး ထိုဒေသများတွင် တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button