သတင်း

နာမည်ကျော် ငပလီကမ်းခြေအနီး သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ နာမည်ကျော် ငပလီကမ်းခြေအနီး ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး၊ စစ်တပ်က ကြည်း၊ ရေ၊ လေတပ်များ သုံးပြီး ပြင်းပြင်းထန်ထန် ခုခံနေသည်။

ခရီးသွားများကို ဆွဲဆောင်ရာ အဓိကနေရာတစ်ခုဖြစ်သော ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေအနီး အာရက္ခတပ်တော် (AA) နှင့် ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေရာ စစ်တပ်က ကြည်း၊ ရေ၊ လေတပ်များဖြင့် ခုခံနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်၏ ထက်ဝက်ကျော် သို့မဟုတ် မြို့ ၉ မြို့ကို သိမ်းပိုက်ထားပြီးဖြစ်သော AA သည် ပြည်နယ်တောင်ပိုင်းရှိ သံတွဲမြို့အခြေစိုက်စစ်စခန်းတစ်ခုကို ဇွန် ၂ရက်နေ့က စတင်တိုက်ခိုက်ခဲ့သည်။

ထိုစခန်းမှာ ငပလီကမ်းခြေ၏ ဟိုတယ်ဇုန်အတွင်း ပါဝင်သော ဂေါ့ရပ်ကွက်နှင့်ကပ်လျက် တောင်ပေါ်တွင် အခြေစိုက်ထားသည့် စစ်စခန်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲဖြစ်နေသည့် ဂေါ့ရပ်ကွက်တွင် စစ်ခေါင်းဆောင် တည်းခိုခဲ့ဖူးသည့် Jasmine Ngapali Resort အမည်ရှိ နာမည်ကြီးဟိုတယ် ရှိသည်။ ထို့ပြင် Amara Ocean Resort ကဲ့သို့ ထိပ်တန်းဟိုတယ်များလည်း ရှိသည်။

စစ်တပ်က အပြင်းအထန် ခံစစ်ဆင်နေသည်ဟု မြေပြင်အခြေအနေကို သိရှိရသည့် သံတွဲမြို့ခံတစ်ဦးက ယနေ့ (ဇွန်လ ၅ ရက်) နေ့လယ်ပိုင်းတွင် ပြောသည်။

“ဒီမနက်အထိကို လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ မနေ့ကလည်း တောက်လျှောက်ကြဲတယ်။ သူတို့က သံတွဲမြို့ကို လက်မလွှတ်ရဖို့ အသည်းအသန် ကာကွယ်နေပုံပဲ။ နေဗီ (ရေတပ်) ကလည်း ပစ်တယ်” ဟု သူက ပြောသည်။

ငပလီကမ်းခြေ၏ မြောက်ဘက် ၁၀ မိုင်ကျော်အကွာတွင် တည်ရှိသော အိမ်ခြေ ၁,၀၀၀ ကျော်ရှိ ဆင်ဂေါင်းရွာကို စစ်ကောင်စီလေတပ်က ယနေ့ (ဇွန်လ ၅ ရက်) နံနက်ပိုင်းတွင် ဗုံးကြဲခဲ့သည်၊ လူဒါဇင်နှင့်ချီ သေဆုံးသည်ဟုလည်း နောက်ထပ်သံတွဲမြို့ခံတစ်ဦးက ဒေသခံများကို ကိုးကား၍ ပြောသည်။ ထိုနေရာတွင် ဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် ဒေသခံများနှင့် အဆက်အသွယ်ပြတ်နေရာ သေဆုံးသူအရေအတွက်ကို Myanmar Now က အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဒေသခံအများစု၏ ထောက်ခံမှုရထားသည့် AA သည် သံတွဲမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်၊ ခြေမြန် တပ်ရင်း ၂ ရင်းနှင့် ရေတပ်စခန်းတို့ကို တိုက်ခိုက်နိုင်မှသာ သံတွဲမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်မည် ဖြစ်သည်။

တိုက်ပွဲများပြင်းထန်နေသဖြင့် သံတွဲလေဆိပ် လေကြောင်းပြေးဆွဲမှုများကို ယမန်နေ့ (ဇွန် ၄) မှ ဇွန်လ ၉ ရက်အထိ ပိတ်သိမ်းထားသည်။

“၉ ရက်နေ့အထိ သံတွဲလေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းတယ်လို့ အကြောင်းကြားထားတယ်။ အဲ့နောက်ပိုင်းလည်း မသေချာသေးဘူး” ဟု ရန်ကုန်အခြေစိုက်၊ လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုမှ ဝန်ထမ်းက ပြောသည်။

သံတွဲမြို့၊ ငပလီကမ်းခြေအနီးတိုက်ပွဲများနှင့်ပတ်သက်ပြီး စစ်ကောင်စီ၊ AA တို့ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ခရီးသွားများ မျက်စိကျသည့် နေရာတစ်ခုဖြစ်ခဲ့သော ငပလီကမ်းခြေသည် ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် ဧည့်သည်ဝင်ရောက်မှု အလွန်နည်းပါးသွားခဲ့သည်။ ယခုအခါ ငပလီတွင် ခရီးသွားလုပ်ငန်းတစ်ခုလုံး လုံးဝရပ်တန့်သွားပြီ ဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ခရီးသွားလည်ပတ်ရန် မသင့်သည့် အန္တရာယ်ရှိနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက ၎င်းတို့၏ နိုင်ငံသားများကို သတိပေးချက်များ ထုတ်ပြန်ထားသည်။

လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် အန္တရာယ်ရှိသဖြင့် အမေရိကန်နိုင်ငံသားများ ခရီးမသွားကြရန် အမေရိကန်အစိုးရက ယခုနှစ်ဆန်းပိုင်းတွင် သတိပေးချက် ထုတ်ပြန်ခဲ့သေးသည်။

AA ၏ ထိုးစစ်ကြောင့် ဂေါ့ရပ်ကွက်အနီး တောင်ပေါ်စခန်းမှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံတွဲလေဆိပ်အနီးရှိ အမှတ် ၅၆၆ ခြေမြန်တပ်ရင်း (ခမရ ၅၆၆) နှင့် အမှတ် ၅၅ ခြေလျင်တပ်ရင်း (ခလရ ၅၅) တို့နှင့် ပူးပေါင်းနေသည်။

ထိုပူးပေါင်းတပ်ဖွဲ့သည် AA တပ်ဖွဲ့ဝင်များ ရှိနေသည်ဟု ယူဆသည့် နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို၊ သဗြုချိုင်ကျေးရွာအနီးရှိ စစ်ကောင်စီရေတပ်ကလည်း ပစ်ခတ်သည်ဟု ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် သံတွဲမြို့အတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသေးသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်၍ လူဦးရေထက်ဝက်ခန့်မှာ မြို့ကို စွန့်ခွာသွားကြပြီဟု မြို့မိမြို့ဖတစ်ဦးက ပြောသည်။ ရပ်ကွက်ပေါင်း ၇ ခုရှိသည့် သံတွဲမြို့ပေါ်တွင် လူဦးရေ ၁၅၀,၀၀ ခန့် နေထိုင်ကြောင်း ၂၀၁၄ သန်းခေါင်စာရင်းအရ သိရသည်။

“လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတည်းက တဖွဲဖွဲ ရှောင်နေကြတာ။ ခုဆို တစ်ဝက်လောက် မရှိတော့ဘူး။ ကျန်နေတဲ့သူတွေကတော့ မရှောင်ဘူး၊ အိမ်မှာပဲ ဆက်နေမယ်ဆိုတဲ့ သူတွေ” ဟု သံတွဲမြို့တွင် ဆက်လက်နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် မြို့ခံအမျိုးသားက ဆိုသည်။

ကုန်လမ်း၊ ရေလမ်းပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်နယ်တွင် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်နေပြီး၊ သံတွဲမြို့၏ လက်ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ ဆန်ကြမ်းတစ်ပြည်လျှင် ၅,၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ် ၁၅,၀၀၀၊ ကြက်ဥတစ်လုံး ၇၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅,၀၀၀ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

Show More

Related Articles

Back to top button