
ကိုဗစ်နိုင်တင်း (Covid-19) ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှု တစ်နှစ်နီးပါးကြာမြင့်လာချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရောက်ရှိနေသည့် လူနာအခြေအနေမျိုး ဖြစ်နေပြီဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ပြောဆိုလိုက်သည်။
ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်းများအနက် ခရီးသွားလုပ်ငန်း၊ လက်ခစားအထည်ချုပ်လုပ်ငန်းများ အကြီးမားဆုံးထိခိုက်ခဲ့ပြီး အချိန်ကြာမြင့်လာသည်နှင့်အမျှ အသေးစားလုပ်ငန်းမှ အကြီးဆုံးလုပ်ငန်းအထိ ထိခိုက်လာသည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက Myanmar Now ကို ပြောသည်။
“အသေးစား၊ အလတ်စားလုပ်ငန်းတွေက တချို့ဆို Mortuary (ရင်ခွဲရုံ) ထဲ ရောက်သွားပြီ။ တချို့က ICU မှာ။ တချို့လည်း Ward (လူနာဆောင်) တွေထဲမှာ” ဟု စီးပွားရေးလုပ်ငန်းများ၏ အခြေအနေကို ဒေါက်တာမောင်မောင်လေးက တင်စားပြောဆိုသည်။
အလုပ်သမားအများစုကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးထားသည့် လက်ခစားအထည်ချုပ်လုပ်ငန်းများသည် ကိုဗစ်နိုင်တင်း ကနဦးကာလတွင် ကုန်ကြမ်းပြတ်တောက်မှုကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် ပြည်ပအမှာအော်ဒါများပါ လျော့ကျခဲ့သောကြောင့် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရသည်။
အချို့စီးပွားရေးလုပ်ငန်းများသည် ဘဏ်ချေးငွေများဖြင့် ကျားကန်ရပ်တည်နေရသော်လည်း ယခုကာလတွင် လုပ်ငန်းပြန်လည်ပတ်ရန် အခက်အခဲများစွာရှိနေသေးရာ ချေးငွေအချိန်မီပြန်ဆပ်နိုင်ရန် အကျပ်အတည်းဖြစ်နေကြကြောင်း၊ ကပ်ရောဂါပြီးဆုံးမည့်အချိန်ကိုလည်း မမျှော်မှန်းနိုင်သေးသဖြင့် ဘဏ်ချေးငွေများ ဆက်လက်ရယူရန် အခက်ကြုံနေကြကြောင်း ၎င်းက ဆက်ပြောသည်။
“တော်တော်များများက အကြွေးထူလာတဲ့အပိုင်းတွေ ရှိကြပါတယ်။ တချို့လုပ်ငန်းတွေက ဘဏ်ကနေချေးပြီး လုပ်ငန်းတွေကို လည်ပတ်နေတဲ့အတွက် ဘဏ်ကိုပြန်ဆပ်ရမယ့်ငွေကို အချိန်မီ ပြန်မဆပ်နိုင်တာ ရှိပါတယ်” ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။
၂၀၂၁ တွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ သက်ရောက်မှုများ ဆက်လက်ရှိနေဦးမည်ဖြစ်ရာ ကပ်ရောဂါစီမံခန့်ခွဲမှု အားနည်းမည်ဆိုပါက မြန်မာ့စီးပွားရေး၏ ပင်မထောက်တိုင်များဖြစ်သည့် အသေးစား၊ အလတ်စားလုပ်ငန်းများ၏ ဦးခေါင်းကို ကိုင်ရိုက်သကဲ့သို့ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
လက်ရှိတွင် ကုမ္ပဏီများက ရင်းနှီးမတည်ငွေများလျှော့ချခြင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းများသည် စီးပွားရေးကျဆင်းမှုနှင့် ပတ်သက်ဆက်နွှယ်နေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Asia Foundation အဖွဲ့က ၂၀၂၀ ဇွန်တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုအရ မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ၉၂ ရာခိုင်နှုန်းကျော်သည် ရောင်းအားကျဆင်းပြီး စီးပွားရေးလုပ်ငန်းထက်ဝက်ကျော်မှာ ဆက်လက်ရပ်တည်ရန်ပင် အခက်အခဲရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ကိုဗစ်နိုင်တင်းအတည်ပြုလူနာများကို ၂၀၂၀ မတ် ၂၃ တွင် ပထမဆုံး စတင်တွေ့ရှိခဲ့ပြီးနောက် ကန့်သတ်ပိတ်ပင်မှုများပြုလုပ်ခဲ့ခြင်းသည် ရောဂါကူးစက်မှုနှုန်းကို နှေးကွေးစေခဲ့သော်လည်း စီးပွားရေးလုပ်ငန်းများအတွက်မူ ဆိုးကျိုးသက်ရောက်ခဲ့သည်ဟု Asia Foundation ၏ စစ်တမ်းအရ သိရသည်။
“ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းတွေ တော်တော်များများကတော့ ပြိုကျနေပြီပေါ့။ တချို့ဆိုရင်လည်း လုပ်ငန်း ၃၊ ၄ ခု လုပ်နေတာကနေ လုပ်ငန်းတွေ ဖြုတ်လိုက်ရတာရှိတယ်။ လုပ်ငန်းအားလုံးနီးပါးပါပဲ။ တချို့ လက်ချိုးရေလို့ရတဲ့ လုပ်ငန်းတွေကတော့ အခြေအနေပိုကောင်းလာတယ်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက Myanmar Now ကို ပြောသည်။
ဥပမာအားဖြင့် အွန်လိုင်းအခြေပြုစီးပွားရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများနှင့် ကပ်ရောဂါကာလတွင် လိုအပ်မည့်ကုန်ထုတ်လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာသည့်လုပ်ငန်းများမှာ အခြေအနေကောင်းသည်ဟု ဒေါက်တာတင်ဝင်းက ဆိုလိုခြင်းဖြစ်သည်။
ကိုဗစ်နိုင်တင်းသည် ကမ္ဘာတစ်ဝန်းထိခိုက်ခံစားရသည့် ကပ်ရောဂါဖြစ်ရာ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် လုပ်ငန်းအမျိုးအစားများကို ပြောင်းလဲလုပ်ကိုင်ရန်လိုအပ်ပြီး ပြောင်းလွယ်၊ ပြင်လွယ်မဟုတ်သည့် စီးပွားရေးလုပ်ငန်းများမှာမူ ကာလတစ်ခုအထိ ဆက်လက်ရပ်တည်နိုင်ရေး အသုံးစရိတ်ချွေတာရမည်ဟု ၎င်းက အကြံပြုသည်။
ကျဆင်းနေသော စီးပွားရေးကို ပြန်လည်နှိုးဆွရန် အစိုးရများသည် စီးပွားရေးလုပ်ငန်းများကို ဘဏ္ဍာငွေထောက်ပံ့ခြင်း၊ အခွန်သက်သာခွင့်ပေးခြင်းတို့ ဆောင်ရွက်လေ့ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း လက်တွေ့ကျသည့် စီးပွားရေးကုစားမှုအစီအစဉ်များ ဆောင်ရွက်ရန် လိုအပ်သည်ဟု ဒေါက်တာတင်ဝင်းက ဆိုသည်။
ကပ်ရောဂါကြောင့် ထိခိုက်မှုကို ကုစားရန် စီးပွားရေးလုပ်ငန်းများကို ကိုဗစ်နိုင်တင်းချေးငွေ ထုတ်ပေးနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပါ ဆက်လက်ဝင်ရောက်နေသည်ဟု မြန်မာအစိုးရက ထုတ်ပြန်သည်။
ကိုဗစ်နိုင်တင်း စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်နေပြီး စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် အစိုးရက ကျပ် ၂၀၀ ဘီလျံ မတည်၍ အတိုးနှုန်းသက်သာသည့် ချေးငွေများထုတ်ပေးနေကြောင်း၊ လက်ရှိအချိန်ထိ လုပ်ငန်းပေါင်း ၆,၀၀၀ ကျော်အတွက် ကျပ် ၁၆၆ ဘီလျံ ထုတ်ချေးပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၇ ဘီလျံနီးပါး ဝင်ခဲ့ပြီး လာမည့်နှစ်တွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်လက်စီးဝင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ တွင် ပြုလုပ်ခဲ့သည့် UMFCCI နှစ်ပတ်လည်အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက ပြောကြားခဲ့သည်။
မြန်မာ့စီးပွားရေးသည် ကိုဗစ်နိုင်တင်းကြောင့် ထိခိုက်မှုရင်ဆိုင်နေရသော်လည်း အခြားနိုင်ငံများနှင့် ယှဉ်ပါက အခြေအနေထိန်းထားနိုင်သေးပြီး ယခုဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
သို့သော်လည်း ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းဖြစ်ပွားစဉ်က ကန့်သတ်မှုများကြောင့် ပထမလှိုင်းဖြစ်ပွားစဉ်ကာလထက် စီးပွားရေး ပိုမိုထိခိုက်ခဲ့ပြီး ရန်ကုန်ရှိ စီးပွားရေးလုပ်ငန်းများ၏ ထက်ဝက်ခန့်မှာ အောက်တိုဘာတွင် ရပ်နားခဲ့ရကြောင်း၊ ၃၅ ရာခိုင်နှုန်းမှာ လာမည့်သုံးလအတွင်း ပြန်မဖွင့်လှစ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ သိရသည်။
ပြည်တွင်းကူးစက်မှု လျော့ကျကာ အသွားအလာကန့်သတ်မှုများ ဖြေလျှော့လာပါက လာမည့် ၂၀၂၁ မတ်လတွင် စီးပွားရေးပြန်လည် နာလန်ထူနိုင်လိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ကိုဗစ်နိုင်တင်းရောဂါသည် ရာသီတုပ်ကွေးကဲ့သို့ပင် တစ်နှစ်နှင့်တစ်နှစ် ဖြစ်ပွားမှုအနည်းအများသာကွာခြား၍ နှစ်ပေါင်းများစွာ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးကို ပုံမှန်အတိုင်းလုပ်ကိုင်ရန် ၂၀၂၀ နှစ်ကုန်ခါနီးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားသည်။