ကရင်နီ (ကယား) ပြည်နယ်ကို တော်လှန်ရေးတပ်ပေါင်းစုထံမှ ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက မတ်လကုန်မှစတင်ကာ တန်ပြန်ထိုးစစ်အရှိန်မြှင့်နေသည်ဟု တော်လှန်ရေးတပ်များနှင့် ဒေသခံများထံမှ သိရသည်။
နယ်မြေအများစုကို လက်လွှတ်ထားရပြီးနောက် ခုခံစစ်မှ တန်ပြန်ထိုးစစ်အဖြစ် ပြောင်းလဲလာသည်ကို တွေ့ရကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှတစ်ဆင့် ကရင်နီဒေသထဲ ချီတက်လာခြင်း ဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ တာအယ်စိုးက ပြောသည်။
စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNA) ပြည်သူ့စစ်သည် မတ်လအကုန်တွင် တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို သိမ်းပိုက်ပြီးနောက် တောင်ဘက်ရှိ ကရင်နီပြည်နယ်ထဲသို့ ဆက်လက်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
စစ်ကောင်စီ၏ စစ်ကြောင်းသည် အင်အား ၅၀၀ ကျော် ပါဝင်ပြီး လက်ရှိတွင် ဆီဆိုင်မြို့၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်တို့ကို သွားနိုင်သည့် ကားလမ်းမဆုံရာ လမ်းခွဲတွင် ဖြန့်ခွဲနေရာယူထားကြောင်း KNDF က ဆိုသည်။
မြောက်ဘက်မှ စစ်ကြောင်းလာနေစဉ် လွိုင်ကော်မြို့တွင် ရှိနေသည့် တပ်ကလည်း စစ်ကြောင်းငယ်များ ပြန်ထွက်ကာ လှုပ်ရှားလာသည်ကို တွေ့ရကြောင်း KNDF က ပြောသည်။
“လွိုင်ကော်-ဆီဆိုင်-မိုးဗြဲလမ်းခွဲမှာတော့ သူတို့က စစ်ကြောင်းတွေ ဖြန့်ထားတာရှိတယ်ပေါ့။ အဲဒီဘက်မှာတော့ တိုက်ပွဲက ကြီးကြီးမားမားမရှိသေးဘူးပေါ့။ လွိုင်ကော်မြို့ထဲမှာတော့ တိုက်ပွဲတွေက နေ့စဉ်နဲ့အမျှ ကြိုကြားကြိုကြားဖြစ်တာရှိပါတယ်” ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ တာအယ်စိုးက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းသည် ဆီဆိုင်နှင့် လွိုင်ကော်ကြားရှိ လွိုင်လင်လေးမြို့ကို ပြန်သိမ်းပြီးနောက် ဆီဆိုင်၊ မိုးဗြဲ၊ လွိုင်ကော်သွားနိုင်သည့် လမ်းဆုံသို့ ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းကို KNDF ပါဝင်သည့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်သော်လည်း ရပ်တန့်သည်အထိ မဟန့်တားနိုင်သေးပေ။
ကရင်နီပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စတင်သည့် ၁ လေးလုံး စစ်ဆင်ရေးသည် လက်ရှိတွင် စစ်ဆင်ရေးကာလ ကျော်လွန်သွားပြီဖြစ်ပြီး လက်ရှိတွင် အဆိုပါစစ်ဆင်ရေး၏ နောက်ဆက်တွဲ နယ်မြေစိုးမိုးမှုနှင့် နယ်မြေလုံခြုံရေး တိုက်ပွဲများ ဆက်ဖြစ်နေခြင်းဖြစ်ကြောင်း KNDF ဗဟို ပြန်ကြားရေးဌာနဘက်က ဆိုသည်။
“စစ်ဆင်ရေးရဲ့နောက်ဆက်တွဲ နယ်မြေစိုးမိုးမှုကိစ္စတွေ နယ်မြေလုံခြုံရေးကိစ္စတွေနဲ့ ဆက်ပြီးတော့ တိုက်ခိုက်နေရတဲ့ ဟာမျိုးတွေရှိပါတယ်။ လွိုင်ကော်မြို့ပေါ်မှာတော့ စစ်ကောင်စီကို ဆက်ပြီးတိုက်ခိုက်နေရတဲ့ အခြေအနေဖြစ်တယ်။ စစ်ဆင်ရေးကတော့ အခြားနည်းနဲ့ဆက်ပြီး သွားနေရတာတော့ရှိပါတယ်” ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ တာအယ်စိုးက ပြောသည်။
KNDF ဒုစစ်ဦးစီးချုပ် မာဝီက စစ်ဆင်ရေး စတင်ပြီးနောက် ဧရာဝတီသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ၁ လေးလုံးစစ်ဆင်ရေးတွင် လွိုင်ကော်တစ်မြို့လုံးမှတစ်ဆင့် ပြည်နယ်တစ်ခုလုံးထိန်းချုပ်နိုင်စေရန် ကြိုးစားမည်ဟု ပြောဖူးသည်။
သို့သော် စစ်ဆင်ရေးစတင်ပြီး ၆ လကျော်လာသည့်အချိန်တွင် ကရင်နီပြည်နယ်၌ အလုံးစုံသိမ်းပိုက်နိုင်သည်က ရှားတောနှင့် မယ်စဲ့ ၂ မြို့နယ်သာရှိသည်။
ကျန်မြို့နယ်များတွင် စစ်ကောင်စီတပ်များကို မချေမှုန်းနိုင်သဖြင့် မြို့များကို အလုံးစုံမသိမ်းပိုက်နိုင်သေးခြင်းဖြစ်သည်။
တန်ပြန်ထိုးစစ်နှင့်ပတ်သက်၍ သိရှိနိုင်ရန် စစ်ကောင်စီ၏ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းမကိုင်သဖြင့် အဆက်အသွယ်မရပါ။
လွိုင်ကော်မြို့တွင် နေထိုင်ခဲ့ဖူးသည့် ဒေသခံအမျိုးသားတစ်ဦးကမူ စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ကြိုးစားနေသည်ဟု ကြားရကြောင်း Myanmar Now ကို ပြောသည်။
လွိုင်ကော်ဒေသခံစစ်ရှောင်များသည်လည်း ခြောက်လခန့် အိုးအိမ်စွန့်ခွာ၍ စစ်ရှောင်ခဲ့ရသဖြင့် နေရပ်ပြန်လိုကြကြောင်း ၎င်းက ဆိုသည်။
“တချို့တွေကတော့ အခြေအနေကြည့်နေကြသေးတာပေါ့။ တောင်ကြီးတို့ ပင်လောင်းတို့ဘက်ကလည်း လွိုင်ကော်စစ်ရှောင်တွေ၊ ၂ မျဉ်းစောင်းတွေ (ကယားပြည်နယ် မှတ်ပုံတင်လက်မှတ် ကိုင်ထားသူတွေ) ဆိုရင် တအား နှိမ်လည်းနှိမ်တယ်။ အိမ်ငှားတာကအစ တအားလည်းအနှိမ်ခံရတယ်ပေါ့” ဟု လွိုင်ကော်မြို့တွင် နေထိုင်ခဲ့ဖူးသည့် ဒေသခံအမျိုးသားက ပြောသည်။
စစ်ရေးလေ့လာသည့် မြန်မာသုတေသီအမျိုးသားတစ်ဦးကလည်း စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်သည် ဆီဆိုင်မြို့နှင့် လွိုင်ကော်မြို့ကို ဆက်သွယ်သည့် လမ်းကြောင်းကို ဖွင့်ရန် ရည်ရွယ်သည့် စစ်ဆင်ရေးဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသည်။