သတင်း

တွန်းဇံမြို့မကျရန် လေကြောင်းမှ စစ်ကောင်စီ အပြင်းအထန် ခုခံ

ချင်းတော်လှန်ရေးအင်အားစုများက အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ချင်းပြည်နယ် တွန်းဇံမြို့မကျရန် စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်ခုခံနေသည်။

ချင်းတော်လှန်ရေးအင်အားစုများက အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ချင်းပြည်နယ် တွန်းဇံမြို့မကျရန် စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်ခုခံနေသည်ဟု ဒေသခံများက ပြောသည်။

အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ရန် ချင်းတော်လှန်ရေးအင်အားစုများက မေ ၁၇ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့သည်။ မြို့ထဲနေရာအများစုကို သိမ်းပိုက်နိုင်ခဲ့သော်လည်း တိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ (ဧပြီ ၂၂) နံနက် ၂ နာရီဝန်းကျင်မှစပြီး တွန်းဇံမြို့နှင့်အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသည်ဟုလည်း သိရသည်။

“ဗုံးအလုံးရေကတော့ ရေတွက်လို့မရတော့ဘူးတဲ့။ ရာဂဏန်းကြဲတာတဲ့။ ၁၁ နာရီလောက်မှ နောက်တစ်ခါကြဲတယ်” ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တွန်းဇံမြို့တွင်း ရဲစခန်း၊ မီးသတ်စခန်းနှင့် နတလ စသည့် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲခဲ့သည့် နေရာများကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့တောင်ဘက်သို့ ဆုတ်သွားပြီး ဆိုင်ကလုန်းရှဲလ်တာတစ်ခုတွင် ခိုလှုံနေရာ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“အဲ့ဒီတိုက်ပွဲမှာ လက်နက် အလက် ၅၀ ရရှိတယ်။ (စစ်ကောင်စီတပ်ဖွဲ့ဘက်က) အလောင်း ၁၁ လောင်း တွေ့တယ်။ ကျွန်တော်တို့ဘက်က ၂ ယောက်ကျတယ်။ ၁၀ ယောက်ခန့်တော့ ဒဏ်ရာရရှိတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တွန်းဇံမြို့ မြောက်ဘက်ရှိ ကျီခါးမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ဘက် တွန်းဇံမြို့သို့ ဆုတ်ခွာသွားပြီးနောက် ချင်းတော်လှန်ရေးအင်အားစုများက မေ ၁၉ ရက်နေ့မှစပြီး ကျီခါးမြို့ကို ထိန်းချုပ်ထားသည်။

တောင်ပေါ်ဒေသဖြစ်သည့် တွန်းဇံမြို့တွင် တီးတိန်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၉) မှ စစ်ကောင်စီတပ်ဖွဲ့တပ်ဖွဲ့ဝင်များ၊ ရဲများနှင့်အတူ ဇိုမီးတော်လှန်ရေးတပ်မတော် (Zomi Revolution Army – ZRA) အဖွဲ့သည်လည်း စစ်ကောင်စီနှင့်အတူ ပူးတွဲလှုပ်ရှားနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ZRA သည် ၁၉၉၃ တွင် စတင်ဖွဲ့စည်းပြီး ၂၀၀၅ တွင် အိန္ဒိယနိုင်ငံ၏ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲခဲ့ပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်တွင် အခြေစိုက်သည်။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း စစ်တပ်အာဏာသိမ်းပြီး လပိုင်းအကြာတွင် ZRA က ထုတ်ပြန်ခဲ့သေးသည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံများနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ၈,၀၀၀ ကျော်မှာ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများထံမှ သိရသည်။

ထို့ပြင် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများအပါအဝင် ရာနှင့်ချီသည့် ဒေသခံတချို့ မြို့ထဲတွင် ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

“မတိမ်းရှောင်ဘဲနဲ့ ကျန်နေသေးတဲ့ လူရာကျော်လောက်တော့ ရှိသေးတယ်လို့ သိရတယ်။ ၁၀၀ ကျော် လောက်လို့ ပြောတယ်။ မနေ့က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လမ်းဖွင့်ပေးတယ်။ ထွက်ခွာချိန်ပေးတော့ အဲ့ဒီမှာ အားလုံးထွက်ကြပေါ့လေ။ အချိန်မမီတဲ့တချို့တွေရယ်၊ လုံးဝကို မထွက်လည်းရပါတယ်ဆိုတဲ့ လူတချို့လည်း ရှိတယ်လို့ သိရတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ Program Manager က ပြောသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်တွင် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါရ်ဒါ၊ လိုင်လင်းပီ၊ ရေဇွာ၊ ကျင်ဒွေးနှင့် ကျီခါးမြို့တို့ကို ချင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားပြီး ပလက်ဝမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button