
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာမဲဆန္ဒနယ်တွင် အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ် မိချိုသဲသည် မြေကွက်လိမ်လည်ရောင်းချမှုတွင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် တရားရင်ဆိုင်နေရသည်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာရှိ မြေကွက်ကို စာချုပ်တံဆိပ်ခေါင်းအတု၊ ပိုင်ဆိုင်မှုအတုပြုလုပ်ကာ လိမ်လည်ရောင်းချခဲ့သည့်အမှုအတွက် ရွေးကောက်ခံ NLD အမတ် မိချိုသဲနှင့် ၎င်း၏ အမျိုးသားဖြစ်သူတို့နှစ်ဦးလုံး အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
ရွှေမြယာကျေးရွာ၊ ဖူးကြီးလမ်းရှိ အကျယ်ပေ ၈၀/၅၈၀ ရှိမြေကွက်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၃ တွင် ကျပ်သိန်း ၂၅၀ ဖြင့် မိချိုသဲဇနီးမောင်နှံနှင့်အတူ ခေါ်ခင်မာဝင်းဆိုသူက ရောင်းချခဲ့သည်ဟု ဆိုသည်။
မိချိုသဲဇနီးမောင်နှံနှင့် ရင်းနှီးမှုကြောင့် ထိုမြေကွက်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူပြီး ငါးလအကြာတွင် မူလမြေကွက်ပိုင်ရှင်ရှိကြောင်း သိရှိခဲ့ရာ ပိုင်ရှင်အဖြစ် လိမ်လည်ရောင်းချသူ ဒေါ်ခင်မာဝင်း၊ သက်သေအဖြစ် လက်မှတ်ထိုးခဲ့သူ ဒေါ်ချိုသဲ (ခ) မိချိုသဲနှင့် ၎င်း၏ခင်ပွန်း ဦးမြတ်မင်းတို့ကို ၂၀၁၅ ဩဂုတ် ၁၃ တွင် မှော်ဘီမြို့နယ်ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
“သူများခြံကို စာချုပ်အတုလုပ်ပြီးတော့ လိမ်ရောင်းတာ။ အဓိကတရားခံကတော့ ဒေါ်ခင်မာဝင်း။ သူနဲ့ မိချိုသဲတို့ (မိချိုသဲဇနီးမောင်နှံ) ပေါင်းလုပ်တာ။ ဒေါ်ခင်မာဝင်းကတော့ အခု အင်းစိန်ထောင်ထဲမှာပါ။ ချိုသဲနဲ့ မြတ်မင်းကတော့ ကြံရာပါ။ မြေစာရင်းရောဘာရော၊ အခြားတစ်ယောက် (ခြံပိုင်ရှင်) ရော (တရားရုံး) ထွက်ဆိုသွားပြီ” မြေကွက်လိမ်လည်ရောင်းချခံခဲ့ရသဖြင့် အမှုဖွင့်တိုင်တန်းသူ ဦးကျော်မျိုးနိုင်၏ညီ ဦးနေမျိုးဇော်က Myanmar Now ကို ပြောသည်။
လိမ်လည်ရောင်းချသူ ဒေါ်ခင်မာဝင်းသည် မြေပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်း ထောက်ခံခဲ့သောကြောင့် မိချိုသဲ၏ ခင်ပွန်းဦးမြတ်မင်းကိုပါ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မြေကွက်ရောင်းချရာတွင် မိချိုသဲဇနီးမောင်နှံပါဝင်မှုအကြောင်း နှုတ်သက်သေသာရှိသည့်အတွက် လိမ်လည်မှုမဖြစ်နိုင်ကြောင်း သုံးသပ်ပြီး မှော်ဘီမြို့နယ်တရားရုံးက စွဲချက်မတင်မီ အမှုလွတ်အမိန့်ချခဲ့ရာ တရားလို ဦးကျော်မျိုးနိုင်က မကျေနပ်သဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်ချက်တက်ခဲ့သည်ဟု ဦးနေမျိုးဇော်က ဆိုသည်။
မြောက်ပိုင်းခရိုင်တရားရုံးမှတစ်ဆင့် ရန်ကုန်တိုင်းတရားလွှတ်တော်ထံ ဆက်တက်ရာတွင် အမှုကို ပြန်လည်စစ်ဆေးရန် ၂၀၁၉ စက်တင်ဘာ ၂၇ တွင် အမိန့်ချခဲ့သည်ဟု သိရသည်။ ရန်ကုန်တိုင်းတရားလွှတ်တော်အမိန့်ကို ကျေနပ်ခြင်းမရှိသဖြင့် မိချိုသဲနှင့် ခင်ပွန်းဖြစ်သူက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတက်ရာတွင် ရှုံးနိမ့်သဖြင့် မှော်ဘီမြို့နယ်တရားရုံးက ယခုနှစ် ဖေဖော် ဝါရီ ၁၃ မှစ၍ ယနေ့အချိန်ထိ ပြန်လည်စစ်ဆေးနေသည်ဟု Myanmar Now က ရရှိထားသည့် တရားရုံးအမိန့်အရ သိရသည်။
ရန်ကုန်တိုင်းတရားလွှတ်တော်၏ စစ်ဆေးတွေ့ရှိချက်များအရ မြေကွက်ရောင်းချရာတွင် အသုံးပြုထားသော တံဆိပ်ခေါင်းမှာ အတုဖြစ်နေခြင်း၊ အရောင်းအဝယ်စာချုပ်တွင် မိချိုသဲ၏ သက်သေခံလက်မှတ်ပါရှိနေခြင်းများကြောင့် ဖြေရှင်းရန် တာဝန်ရှိသည်ဆိုကာ စွဲချက်တင်စစ်ဆေးစေခဲ့သည်။
“တရားခံ သုံးယောက်ရှိတာ၊ ဒေါ်ခင်မာဝင်းနဲ့ ကိုမြတ်မင်းတော့ စစ်ပြီးပြီ။ သူ့ (မိချိုသဲ)ကို စစ်ဖို့ ကိုဗစ် (Covid-19) ဖြစ်တော့ တရားရုံးက ခဏ နားထားရတာ။ သူ့ကို စစ်မဲ့ဆဲဆဲ” ဟု တရားလို ဦးကျော်မျိုးနိုင်၏ အကျိုးဆောင်ရှေ့နေ ဦးဇေယျာမင်းက ပြောသည်။
အမှုရင်ဆိုင်နေရခြင်းနှင့် ပတ်သက်၍ ရွေးကောက်ခံ NLD အမတ် မိချိုသဲကို ဆက်သွယ်မေးမြန်းရာတွင် မီဒီယာကို ဖြေကြားရန် အဆင်သင့်မဖြစ်သေးကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ပြီးမှသာ ထိုမြေအငြင်းပွားမှုနှင့် ပတ်သက်၍ တရားဝင်ပြောကြားမည်ဟု ဆိုသည်။
ရွာပိုင်လမ်းကိုပိတ်ကာ ရောင်းချမှုဖြင့် တိုင်ကြားခံရသူ ခင်ပွန်း
ရွေးကောက်ခံအမတ် မိချိုသဲသည် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ လေးထောင့်ကန်ရပ်ကွက်တွင် ၂၀၁၈ ခုနှစ်အထိ နေထိုင်ခဲ့သူဖြစ်ပြီး၊ ၎င်း၏ခင်ပွန်းဖြစ်သူ ဦးမြတ်မင်းသည် လေးထောင့်ကန်ရပ်ကွက်တွင် ရာအိမ်မှူးအဖြစ် တာဝန်ယူခဲ့စဉ် ရွာချင်းဆက်လမ်းအချို့ကို ပိတ်ဆို့ရောင်းချမှုဖြင့် တိုင်ကြားခံခဲ့ရသည်။
မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ အထိ ရာအိမ်မှူးအဖြစ် တာဝန်ယူခဲ့စဉ် မိချိုသဲ၏ခင်ပွန်း ဦးမြတ်မင်းက ရွာပိုင်လမ်းကိုပိတ်ကာ ရောင်းချမှုကြောင့် ဒေသခံ ၇ ဦးက နီးစပ်ရာရဲစခန်းနှင့် နိုင်ငံတော်သမ္မတရုံးတို့ထံ တိုင်ကြားခဲ့သည်ဟု ဆိုသည်။
ထိုသို့တိုင်ကြားရာတွင် တရားစွဲဆိုရန် ဥပဒေအကြံတောင်းသည့်အဆင့်ထိ အမှုဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရဲအရာရှိအပြောင်းအလဲဖြစ်ပြီး ပစ်မှုမမြောက်ဟုဆိုကာ တရားစွဲဆိုနိုင်ခဲ့ခြင်းမရှိကြောင်း ဦးဆောင်တိုင်ကြားခဲ့သူ ဦးခင်စိုးငြိမ်းက Myanmar Now ကို ပြောသည်။
“လမ်းပိတ်တဲ့ကိစ္စလုပ်တုန်းကတော့ ဒေါ်ချိုသဲ မပါဘူး။ သူ့အမျိုးသားပဲ ပါတာ။ ရပ်ကွက်ထိပ်ကနေ (လမ်းကို) ပိတ်ပစ်လိုက်တာ။ နောက်ဆုံး သူဌေးလက်ထဲ အပ်လိုက်တဲ့ သဘောပဲ” ဟု လေးထောင့်ကန်ရပ်ကွက်တွင် နေထိုင်သူ ဦးခင်စိုးငြိမ်းက ပြောသည်။
ထိုသို့တိုင်ကြားခံရသည်ဆိုသော်လည်း အုပ်ချုပ်ရေးတာဝန်ခံ (ရာအိမ်မှူး) အဖြစ် တာဝန်ယူချိန် မည်သည့်မြေကိုမျှ ရောင်းချခဲ့ခြင်းမရှိကြောင်း ဦးမြတ်မင်းက Myanmar Now ကို ပြောသည်။
ဦးမြတ်မင်း ပိတ်ဆို့ရောင်းချခဲ့သည်ဆိုသော လေးထောင့်ကန်ရပ်ကွက် အ.မ.က(၁၆) ကျောင်းဘေးရှိ မြေနေရာတွင် ‘ကျောင်းမြေမကျူးကျော်ရ’ ဟု သွပ်ပြားဆိုင်းဘုတ်ဖြင့် စာရေးထားသည်ကို ၂၀၂၀ ဒီဇင်ဘာ ၁၅ ရက်တွင် Myanmar Now က တွေ့ရှိခဲ့သည်။ အဆိုပါဆိုင်းဘုတ်နှင့်ပတ်သက်၍ ကျောင်းက လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျောင်းအုပ်ဒေါ်ရီရီမြင့်၏ ထွက်ဆိုချက်အရ သိရသည်။

ထိုသို့ဖြစ်ပွားအပြီး ၂၀၁၈ ခုနှစ်အတွင်း မိချိုသဲသည် လေးထောင့်ကန်ရပ်ကွက်မှ မိသားစုလိုက် ပြောင်းရွှေ့သွားသည်ဟု ရပ်ကွက်နေထိုင်သူများက ဆိုသော်လည်း လေးထောင့်ကန်ရပ်ကွက်မှ ပြောင်းရွှေ့ခဲ့ခြင်းမှာ ဇာတိဖြစ်သော မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နိုင်ငံရေးလုပ်လိုသောကြောင့်ဖြစ်ကြောင်း မိချိုသဲနှင့် ၎င်း၏ခင်ပွန်းက ပြောသည်။
ချောင်းဆုံမြို့နယ်မှ ရွေးကောက်ခံအမတ် မိချိုသဲမှာ ၂၀၁၂ တွင် NLD ပါတီဝင်ရောက်ခဲ့ပြီး ပါတီ၏ ရန်ကုန်မြောက်ပိုင်းခရိုင် အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်လည်းဖြစ်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းအဖြစ် မိချိုသဲလျှောက်ထားစဉ်က တိုင်ကြားမှုများလည်းရှိခဲ့သဖြင့် ပါတီဗဟိုက ကိုယ်စားလှယ်လောင်းထောက်ခံစာ ထုတ်မပေးဘဲ ရပ်ဆိုင်းခဲ့သည်။
သို့သော် ရွေးကောက်ပွဲဝင်ပြိုင်မည့် NLD ပါတီကိုယ်စားလှယ်လောင်းများစာရင်း ကြေညာရာတွင် မိချိုသဲ ပါဝင်လာခဲ့သည်။ တည်ဆဲဥပဒေအရ အရေးယူခံရခြင်းမရှိနိုင်ကြောင်း သုံးသပ်၍ ပြန်လည်လက်ခံခဲ့ကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုသည်။
“သူတို့ (မိချိုသဲနှင့် ၎င်း၏အမျိုးသား)က ငြိစွန်းနိုင်မှု မရှိဘူးလို့ ကျွန်တော်တို့ သုံးသပ်ထားပါတယ်။ ဥပဒေအရ ပုံမှန်ဆောင်ရွက်သွားရင် သူတို့က ဒီလိုဥပဒေအရ အပြစ်ပေးခံရမယ့် အခွင့်အလမ်းနည်းတယ်လို့ ကျွန်တော်တို့ သုံးသပ်လိုက်ပါတယ်။ ဒါကြောင့် သူ့ကို ပြန်လည်ရွေးချယ်လိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ (ဃ) အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ထောင်ဒဏ်ကျခံရပါက ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက ရှုံးနိမ်ခဲ့သော်လည်း ၂၀၂၀ တွင် ပြန်လည်အနိုင်ရရှိခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အထူးလုပ်ဆောင်နိုင်ခဲ့သောကြောင့် အနိုင်ရခြင်းဖြစ်ကြောင်း အနိုင်ရကိုယ်စားလှယ် မိချိုသဲက ပြောသည်။
လာမည့် ပြည်သူ့လွှတ်တော်သက်တမ်းတွင် ချောင်းဆုံမဲဆန္ဒနယ်အတွက် ပထဆုံးတင်သွင်းမည့် အဆိုမှာ တောင်သူလယ်သမားအရေးနှင့် ဒေသဖွံ့ဖြိုးရေးဖြစ်သည်ဟုလည်း မြေကွက်လိမ်လည်ရောင်းချရာတွင် ပါဝင်မှုဖြင့် တရားရင်ဆိုင်နေရသူ ရွေးကောက်ခံအမတ် မိချိုသဲက ဆိုသည်။
(မှတ်ချက် – မူလသတင်းခေါင်းစဉ်တွင် “ရွေးကောက်ခံ NLD အမတ် မြေကွက်လိမ်လည်ရောင်းချမှုဖြင့် တရားရင်ဆိုင်နေရ” ဟု အဓိပ္ပာယ်လွဲမှားဖော်ပြခဲ့ပါသဖြင့် “ရွေးကောက်ခံ NLD အမတ် မြေကွက်လိမ်လည်ရောင်းချရာတွင် ပါဝင်မှုဖြင့် တရားရင်ဆိုင်နေရ” ဟု ပြန်လည်ပြင်ဆင်ထားပါသည်။ ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့ခြင်း မဟုတ်သော်လည်း ထိခိုက်နစ်နာမှုတစ်စုံတစ်ရာ ရှိခဲ့ပါက တောင်းပန်အပ်ပါသည်)