
စစ်တပ် ခြေမြန်တပ်ရင်းဌာနချုပ်တစ်ခုကို လက်လွှတ်လိုက်ရသော စစ်ကောင်စီက ယမန်နေ့ (မေ ၂၁) ညတွင် KIA ဌာချုပ် လိုင်ဇာမြို့ကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် တရုတ်နိုင်ငံဘက်မှ မီးကျည်ပစ်ဖောက် သတိပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၈ နာရီခန့်တွင် ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားနှင့် မိုင် ၂၀ ခန့်အကွာ ရွှေညောင်ပင်ကျေးရွာ အခြေစိုက် ခမရ (၃၂၁) ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ရာ စစ်ကောင်စီဘက်က အတွဲလိုက်ဒုံးများ ပစ်ခတ်ခဲ့သည်။
ထို့နောက် တရုတ်နယ်စပ်အနီး တည်ရှိသော လိုင်ဇာမြို့ကိုလည်း ယမန်နေ့ ည ၁၁ နာရီခန့်က လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကြဲခဲ့ပြီး အထိအခိုက်မရှိခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“သူတို့ ဗုံးကြဲတာ ဘယ်မှာကျတယ်ဆိုတာ ရှာဖွေနေဆဲဖြစ်ပါတယ်။ ညသန်းခေါင်ဆိုတော့ ဘယ်မှာကြဲတယ်ဆိုတာ တိတိကျကျပြောဖို့တော့ အခက်အခဲရှိတယ်”
နောက်ဆုံးအကြိမ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်စဉ် တရုတ်နိုင်ငံဘက်မှ မီးကျည်ပစ်ဖောက်ကာ သတိပေးနေသည်ကို ဒေသတွင်းသတင်းများဖော်ပြနေသည့် Kachin Waves သတင်းဌာနက ရုပ်သံဖိုင်နှင့်တကွ ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
လေကြောင်းဗုံးကြဲမှုဖြစ်စဉ်အတွင်း ဒေသခံများ ထိခိုက်၊ သေဆုံးမှုရှိမရှိကိုလည်း မသိရသေးသလို တရုတ်နိုင်ငံဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုလာခြင်းမရှိသေးကြောင်း KIA ဘက်က ဆိုသည်။
ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားနှင့် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသော ခမရ (၃၂၁ ) ကို မေ ၁၈ ရက်ကတည်းက KIA ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ညတွင်မှ အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။
ယနေ့နံနက် နယ်မြေရှင်းလင်းရေး လုပ်နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသော်လည်း ဖြစ်စဉ်အသေးစိတ်ကို မသိသေးဟု ဆိုသည်။
“စခန်းသိမ်းတဲ့အချိန်မှာတော့ မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကနေ အတွဲလိုက်ဒုံးနဲ့ ပစ်တာတွေရှိတယ်၊ တစ်ညလုံး ဆိုသလိုပေါ့ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေတော့ရှိတယ်။ ဒီနေ့အခြေအနေကိုတော့ မသိရသေးပါဘူး။ ကျွန်တော်တို့အဖွဲ့တွေကတော့ အဲဒီနေရာတွေကို နယ်မြေရှင်းလင်းတာတွေတော့ ဆက်လုပ်နေပါတယ်”

ဝိုင်းမော်မြို့ဘက်မှ ကြည့်ပါက အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသော ထိုခမရစခန်းသည် ဝိုင်းမော်မြို့ကို ထိန်းချုပ်နိုင်ရေးအတွက် အရေးပါသည့် နေရာဖြစ်ပြီး စခန်းလက်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများ တစ်ညလုံးလိုလို ပစ်ခတ်ခဲ့သည်။
မြစ်ကြီးနားမြို့ပေါ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများ ပစ်ခတ်နေသည်ကို မြို့ခံတချို့က ရုပ်သံရိုက်ကူးပြီး ဆိုရှယ်မီဒီယာများတွင် မျှဝေခဲ့ကြသည်။
“(ည) ၈ နာရီကျော်လောက်မှ စပစ်တာ ဟုတ်တယ်၊ တစ်ဂျိမ်းဂျိမ်းနဲ့ တစ်ခါပစ်ရင် အနည်းဆုံးက လေးငါးခြောက်လုံး၊ အတွဲလိုက်က အဲဒီလိုပဲသွားတာ။ ပစ်တဲ့လမ်းကြောင်းက ဝိုင်းမော်ဘက်ခြမ်းပေါ့” ဟု မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ည ၈ နာရီမှ ည ၁၂ ဝန်းကျင်ခန့်အထိ ပစ်ခတ်သံများကို တစ်မြို့လုံး ကြားနေရသည်ဟု ၎င်းက ဆက်ပြောသည်။
KIA ၏ မတ်လဆန်းမှ စတင်သော ထိုးစစ်များသည် ကချင်မြို့ကြီး ၅ မြို့၊ စစ်တပ်စခန်းများကို ဆက်တိုက်သိမ်းယူနေရာ ဝိုင်းမော်မြို့သိမ်းယူနိုင်ရေး နီးစပ်နေပြီဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ပြည်နယ်မြို့တော် မြစ်ကြီးနားအထိ စစ်ရိပ်စစ်ငွေ့သန်းလာသည်။
မြစ်ကြီးနားမြို့ပေါ်တွင်လည်း မေ ၁၈ ရက် နောက်ပိုင်းမှ စတင်၍ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများကို စစ်တပ်က စစ်ဆေးရေးတင်းကျပ်နေသည်ဟု အထက်ပါမြို့ခံက ပြောသည်။
“ညဆိုရင် ၇ နာရီလောက်ဆိုရင် စစ်ပြီ၊ လမ်းဆုံလမ်းခွတွေ ပြီးရင် နည်းနည်း လူအသွားအလာများတဲ့ နေရာမျိုးတွေမှာ မထင်ရင်မထင်သလို စစ်တယ်။ ဆိုင်ကယ် တူးဘောက်တွေ ဖွင့်၊ ကားတွေဆိုရင်လည်း အကုန်လုံး ထဲထဲဝင်ဝင်ကို စစ်တာ”
ဝိုင်းမော်မြို့တွင် ခမရ (၃၂၁) တပ်နှင့် မြို့အနီးရှိ ခြေလျင်တပ်ရင်း (၅၈) တို့ အခြေစိုက်ထားရာ KIA တိုက်ယူရန်မှာ ခလရ (၅၈) တပ်တစ်ခုသာ ကျန်တော့သည်။
မပခ အခြေစိုက် မြစ်ကြီးနားမြို့နှင့် ဧရာဝတီမြစ်သာ ခြားသည့် ဝိုင်းမော်မြို့ကို ထိန်းချုပ်နိုင်ရန် KIA က မတ်လ ပထမပတ်ကတည်းက ကြိုးပမ်းနေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ယခင်နှင့်မတူဘဲ အပြင်းအထန် ခုခံနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“(အရင်တိုက်ပွဲများနှင့်) ကွာခြားတယ်လို့ ပြောလို့ရမှာပေါ့၊ တစ်နေကုန်ကို ညဆိုလည်း မိုးလင်းပေါက် သူတို့ လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်။ လေကြောင်းနဲ့ပစ်တာတွေရှိတယ်၊ အတွဲလိုက်ဒုံးနဲ့ ပစ်တာတွေရှိတယ်ဆိုတော့ တခြားတိုက်ပွဲထက်ကတော့ နည်းနည်းပြင်းထန်ပြီး ကွာခြားတယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။
အကြိမ်ရေစိပ်လာသော စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မေလ ၂၀ ရက်က ဝိုင်းမော်မြို့နှင့် တစ်ဆက်တည်းရှိသည့် ခပ်ချိုရွာမှ ကလေး ၂ ဦး အပါအဝင် ဒေသခံ ၆ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်။
နောက်တစ်နေ့တွင် မြို့ခံအများစုမှာ ဝိုင်းမော်မြို့ကို စွန့်ခွာထွက်ပြေးသွားကြသော်လည်း မြို့အထွက်ရှိ မိုင်းနား (KBC) နှင့် မိုင်းနား (RC) စစ်ရှောင်စခန်းနှစ်ခုမှ စစ်ရှောင် ၂၀၀၀ ခန့်မှာ သောင်တင်နေဆဲဖြစ်သည်ဟု စခန်းတာဝန်ခံက ပြောသည်။
“ပြေးဖို့နေရာတော့ မရှိတော့ဘူးလို့ ပြောလို့ရတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ Camp မှာက ဟိုနေ့က လမ်းကြောင်းကတော့ ဖွင့်ထားပေးတယ်ပေါ့။ အခုချိန်ကတော့ ကိုယ့်ရဲ့ အသက်လုံခြုံရေး ကိုယ်ပဲ တာဝန်ယူရမှာဆိုတော့ တချို့ကတော့ မြစ်ကြီးနားက ဆွေမျိုးတွေရှိတဲ့ဘက်မှာ အဘိုးအဘွားတွေကို တစ်အိမ်နှစ်အိမ် ထားတာ ရှိတယ်၊ ကျန်တဲ့သူတွေကတော့ ပြေးစရာမရှိသလောက်ဖြစ်သွားပြီ” ဟု စခန်းတာဝန်ခံက ဆိုသည်။
ယနေ့ နံနက်တွင် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားသံများ မကြားရသေးသော်လည်း မေလ ပထမပတ်ကတည်းက စစ်ရေးပြင်းထန်နေသည့် မိုးမောက်နှင့် မံစီမြို့နယ်တို့တွင် ယနေ့နံနက် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေသည်ဟု KIA ထံမှ သိရသည်။
မတ် ၇ ရက်က စတင်သည့် ကချင်ထိုးစစ်သည် ကချင်ပြည်နယ် နေရာအတော်များများတွင် အရှိန်အဟုန်ဖြင့် ဆက်လက်အားကောင်းနေသည်။
ကချင်ထိုးစစ်အတွင်း KIA နှင့်အတူ အာရက္ခတပ်တော် (AA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့လည်း ပူးပေါင်းတိုက်ခိုက်နေကြသည်။
ကချင်ပြည်နယ်တွင်း ထိုးစစ်စတင်ခဲ့ပြီး နှစ်လကျော်အတွင်း တပ်ရင်းဌာနချုပ်ပေါင်း ၇ ခုအပါအဝင် စစ်စခန်းပေါင်း ၁၀၀ ခန့်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်၊ မြို့လှမြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။
