သတင်း

ရန်ကုန်ရှိ တောင်ကိုရီးယား CJ Feed မွေးမြူရေးနှင့် အစာထုတ်လုပ်ငန်း ယာယီရပ်မည်

လျှပ်စစ်ဓာတ်အား၊ ကုန်ကြမ်း အခက်အခဲကြောင့် လုပ်ငန်းထိခိုက်လာသူများထဲတွင် ဒေါ်လာသန်းနှင့်ချီ ရင်းနှီးမြှုပ်နှံထားသည့်၊ ရန်ကုန်တွင် စက်ရုံဖွင့်ထားသည့် တောင်ကိုရီးယားကုမ္ပဏီလည်း ပါဝင်လာသည်။

တောင်ကိုရီးယားအခြေစိုက် CJ Feed ကုမ္ပဏီက မွေးမြူရေးနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်နေသည့် ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ လုပ်ငန်းကို မေ ၂၈ မှ စတင်၍ ခေတ္တရပ်ဆိုင်းမည်ဟု သိရသည်။

အရောင်းအဝယ်ခက်ခဲခြင်း၊ ကုန်ကြမ်းရရှိမှုမလွယ်ကူခြင်း၊ ကုန်ကြမ်းစရိတ် ကြီးမြင့်လာခြင်း၊ လုပ်သားမလုံလောက်ခြင်း အစရှိသည့် ဖြစ်ရပ်များကြောင့် ရပ်ဆိုင်းမည်ဟု ကုမ္ပဏီက ဖောက်သည်များထံ အသိပေးကြောင်းကြားသည့် မေ ၁၇ ရက်စွဲတပ် စာတစ်စောင်တွင် ဖော်ပြထားသည်။

CJ Feed Myanmar ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကလည်း ထိုအကြောင်းကြားစာ ထုတ်ပြန်ထားသည်ဟု Myanmar Now ကို ပြောသည်။

“မေလ ၂၈ ရက်နေ့အထိပဲ အစာထုတ်လုပ်မှု ပြုလုပ်ပြီး ယာယီပိတ်သိမ်းမှာ ဟုတ်ပါတယ်၊ ဘယ်လောက်ထိ ကြာဦးမလဲဆိုတာတော့ မသိသေးပါဘူး” ဟု သူက ဆိုသည်။

လတ်တလော စီးပွားရေးအကျပ်အတည်းက ကုမ္ပဏီအပေါ် သက်ရောက်မှုများရှိလာပြီး ယခင်ထက် လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်းနေသည်ဟုလည်း သုံးစွဲသူများထံ ပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။ ကုန်ဖိုးကြွေးကျန်များကို လာမည့် ဇွန် ၂၈ ရက်နေ့ နောက်ဆုံးပေးသွင်းရန် အရောင်းကိုယ်စားလှယ်များကို တောင်းဆိုထားသည်။

CJ Feed Myanmar ကုမ္ပဏီသည် ကြက်သားပေါက်နှင့် ကြက်အစာများ ထုတ်လုပ်ရောင်းချနေသည့် ထိပ်သီးကုမ္ပဏီ ၅ ခုထဲတွင် ပါဝင်သည်၊ ထုတ်ကုန်အရည်အသွေး ကောင်းမွန်ခြင်းကြောင့် လူကြိုက်များသည်ဟု မိတ္ထီလာမြို့မှ မွေးမြူရေးဆေး၊ အစာနှင့် ကြက်သားပေါက် ဖြန့်ချိရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“သူတို့ရဲ့ Quality (အရည်အသွေး) ကောင်းနေတဲ့အချိန်တုန်းက Top 5 ထဲကို ဝင်တယ်။ ဒီနောက်ပိုင်းမှာ အရည်အသွေးတွေ ကျသွားတဲ့နောက်ပိုင်း ကျွန်တော်တို့လည်း ဆက်ပြီးမသုံးဖြစ်တော့ဘူး။ သူတို့လည်း ဈေးကွက်က ပျက်သလိုလိုဖြစ်သွားပြီးတော့ သူတို့ရဲ့ Sale Volume (ဝယ်အား) တွေ လျော့ကျသွားတယ်” ဟု ၎င်းက ပြောသည်။

ကုမ္ပဏီသည် ရာနှုန်းပြည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် မြန်မာရှိ တိရစ္ဆာန်အစာထုတ်လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ကြက်သားပေါက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း ရင်းနှီးမြှုပ်နှံကာ ၂၀၁၇ ခုနှစ်မှစကာ လည်ပတ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

မြောင်းတကာ သံမဏိစက်မှုဇုန်ရှိ မြေ ၁၂ ဒသမ ၃၆၆ ဧကပေါ်တွင် နှစ်ပေါင်း ၇၀ လုပ်ပိုင်ခွင့်ရယူကာ မွေးမြူရေးနှင့် တိရစ္ဆာန်အစာထုတ်လုပ်၍ ပြည်တွင်းဈေးကွက်တွင် ၁၀၀ ရာနှုန်းပြည့် ဖြန့်ချိရောင်းချရန် ဝင်ရောက်လာသည့် ကုမ္ပဏီဖြစ်သည်။

စီမံကိန်းအဆိုပြုစဉ်က တိရစ္ဆာန်အစာထုတ်လုပ်ငန်းအတွက် ဝန်ထမ်း ၁၃၂ ဦး၊ ကြက်သားပေါက် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအတွက် ၁၇ ဦး ခန့်အပ်မည်ဟု ဖော်ပြခဲ့ကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်မှုနှင့် ပြည်ပမှ တင်သွင်းရသည့် ကုန်ကြမ်းများ ပြတ်လပ်မှုကြောင့် CJ Feed Myanmar ကုမ္ပဏီနည်းတူ ရန်ကုန်နှင့် မန္တလေးမြို့မှ စက်ရုံလုပ်ငန်းအများအပြားလည်း ရပ်တည်ရန် ခက်ခဲလာသည်ဟု စက်မှုဇုန်လုပ်ငန်းရှင်များက ဆိုသည်။

စက်မှုဇုန်များတွင် တစ်နေ့လျှင် ၄ နာရီသာ လျှပ်စစ်မီးရ၍ ဒီဇယ်အင်ဂျင်သုံး မီးစက်များကိုသာ လုပ်ငန်းရှင်တို့ အဓိကထား အားပြုလာရသည်။

လျှပ်စစ်အသုံးပြုမှုသည် နိုင်ငံဓာတ်အားစနစ်မှ ရရှိပါက တစ်ယူနစ်လျှင် ကျပ် ၁၅၀ သာ ကုန်ကျသော်လည်း မီးစက်ဖြင့် လည်ပတ်ပါက တစ်ယူနစ်လျှင် ကျပ် ၁,၀၀၀ အထက် ကုန်ကျသည်။ ဒီဇယ်တစ်ဂါလန် ကျပ် ၁၀,၀၀၀ ကျော် ဈေးရှိနေပြီး မီးစက်ထဲ ထည့်မောင်းပါက ၁၀ ယူနစ်ထွက်သော်လည်း ဒီဇယ်ဆီကိုပင် အကန့်အသတ်ဖြင့် ဝယ်ယူနေရသည့်အတွက် လုပ်ငန်းရှင်တို့ အခက်အခဲများရှိနေသည်။

စစ်ကောင်စီ၏ နိုင်ငံခြားအရန်ငွေ အကျပ်အတည်းကြောင့် ကုန်ကြမ်းတင်သွင်းမှုကို ကန့်သတ်ထားရာ စက်ရုံများပုံမှန်လည်ပတ်ရန် ပိုခက်ခဲလာသည်။

လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ကုန်ကြမ်းသယ်ယူပို့ဆောင်နိုင်မှု အဟန့်အတားဖြစ်သည်၊ စစ်ကောင်စီက နိုင်ငံခြားငွေစီးထွက်မှု ကန့်သတ်ထိန်းချုပ်ထားပြီး ပြည်ပမှ တင်သွင်းရသည့် ကုန်ကြမ်းများကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုပေးခြင်းကြောင့်လည်း ကုန်ကြမ်းရှားပါးလာသည်ဟု စက်မှုဇုန်လုပ်ငန်းရှင်များက ဆိုသည်။

နိုင်ငံအတွင်း ပိတ်သိမ်းစက်ရုံအရေအတွက် အတိအကျမသိရသေးပေ။

စက်ရုံများကို လုပ်ငန်းရပ်နားခြင်း၊ ပြန်အငှားချခြင်း ပြုလုပ်လာကြသည်။

နိုင်ငံခြားသားပိုင်စက်ရုံ အများအပြားလည်း အပြီးအပိုင် ပိတ်သိမ်းလာသည်ဟု အမည်မဖော်လိုသည့် ရန်ကုန်မြို့မှ ထိပ်သီးစက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Show More

Related Articles

Back to top button