သတင်း

စစ်တပ်ချီတက်ရာတွင် ဓားစာခံများကို အသုံးချနေဟု ပဲခူးဒေသခံများပြော

ပဲခူးတိုင်း စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ မြို့နယ်တချို့သို့ စစ်ကြောင်းထိုးရာတွင် ဒေသခံတချို့ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် စစ်တပ်က အသုံးပြုလာသည်။

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ မြို့နယ်တချို့တွင် စစ်တပ်က ဒေသခံတို့ကို ဖမ်းဆီးကာ စစ်ကြောင်းချီရာတွင် အကာအကွယ်အဖြစ် အသုံးချနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

မေလ ၇ ရက်နေ့တွင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ နဂျပ်ကျေးရွာမှ ဒေသခံ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီးလာပြီး အေးသာယာနှင့် ရွှေပြည်သာကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်ဟု ယင်းနယ်မြေတွင် လှုပ်ရှားနေသည့်တော်လှန်ရေးတပ်ဖွဲ့ ပုဝါနီစစ်ကြောင်းက ဆိုသည်။

စစ်ကောင်စီ တပ်သားများက ယင်းတို့သွားလိုသည့် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရွာသို့ လိုက်ပို့ပါက ရွာကို အန္တရာယ်မပေးဟုဆိုကာ အရပ်သားများကို စုဆောင်းပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကို တောင်းဆိုခဲ့သည်ဟု သိရသည်။

စစ်သားနှစ်ယောက်ကြားတွင် ဓားစာခံတစ်ယောက်စီ ထားပြီး စစ်ကြောင်းချီသည်ကို ရင်ဆိုင်မြင်တွေ့ဖူးသည်ဟု ပုဝါနီစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နှစ်ယောက်တစ်ယောက်၊ နှစ်ယောက်တစ်ယောက်၊ သူတို့က ကြားထဲမှာနေတာ” ဟု ပြောခွင့်ရသူ မဟုတ်သဖြင့် အမည်မဖော်လိုသည့် ထိုသူက ပြောသည်။

“သူတို့လာတဲ့ လမ်းကြောင်းမှာ ကျွန်တော်တို့တွေရှိမှန်းသိတော့ ဒေသခံတွေကို စစ်ကြောင်းထဲ ထည့်ခေါ်လာတာပါ။ မိုင်းဆွဲလို့မရအောင် ပစ်ခတ်လို့မရအောင် လုပ်တာပေါ့”

ဓားစာခံများကို ချုပ်နှောင်ထားခြင်းမရှိကြောင်း သူက ဆက်ပြောသည်။

စစ်တပ်သည် စစ်ကြောင်းထိုးလာပြီး ရွာထဲရောက်ရှိလာချိန်တွင် တွေ့ရသည့် ဒေသခံတို့ကို စည်းရုံးကြောင်း၊ တိမ်းရှောင်သူများ နေရပ်ပြန်လာကြစေရန် ဆက်သွယ် ခေါ်ယူခိုင်းကြောင်း ယင်းနယ်မြေတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကလည်း ပြောသည်။

စစ်ကြောင်းက ခရီးတိုအတွက် ဒေသခံ ၅၀ သို့မဟုတ် ၆၀ ခန့်ကို လူသားဒိုင်းအဖြစ် သုံးတတ်သည်ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

“သူတို့ရောက်နေတဲ့ နေရာကနေ နောက်တစ်နေရာကို ဆက်ကူးတော့မယ်ဆိုရင် ရောက်တဲ့နေရာကနေ လူသားဒိုင်းကို ဆက်သုံးတယ်ပေါ့နော်၊ တစ်ရွာနဲ့တစ်ရွာ ပြည်သူပဲ ချိန်းသွားတာပေါ့” ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

ဧပြီလတိုက်ပွဲများ ပြင်းထန်ပြီးနောက်ပိုင်း ဓားစာခံ တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည်ဟုလည်း ယင်းတပ်ဖွဲ့ဝင်က ဆိုသည်။ လူသားဒိုင်းအဖြစ် အသုံးပြုခံရသည့် ရွာသားများကို မနှိပ်စက်ဘဲ စစ်တပ်သွားလိုသည် နေရာသို့ရောက်ပါက ပြန်လွှတ်ပေးလေ့ရှိသည်ဟု သိရသည်။

စစ်ကြောင်းတွင် ဓားစာခံများ ပါရှိသည့်အတွက် တိုက်ခိုက်ရ ခက်ခဲသည်ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးကလည်း ရေတာရှည်၊ ဆွာ၊ မြို့လှတို့ရှိ စစ်ကောင်စီတပ် စစ်ကြောင်း ရှေ့ဆုံးတွင် ဒေသခံများကို တွေ့မြင်ရကြောင်း အတည်ပြုသည်။

ဧပြီ ၁၅ ရက်နေ့နောက်ပိုင်း နေပြည်တော်နှင့် မိုင် ၅၀ ကျော်သာ ဝေးသည့် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်စဉ် ဒေသခံထောင်နှင့်ချီ ထွက်ပြေးခဲ့ကြသည်၊ စစ်တပ်က ထိုသို့ နေရပ်စွန့်ခွာ တိမ်းရှောင်သူများကို လူသားဒိုင်းအဖြစ် သုံးသည်ဟု အထက်ပါ ဒေသခံက ဆိုသည်။

ဧပြီ ၁၇ ရက်နေ့က စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ခင်တန်း၊ ကျိတ်ပုတီး တိုက်ပွဲတွင်လည်း စစ်တပ်က လယ်ထွန်စက်ကို စစ်ကြောင်းထိုးရာတွင် အသုံးပြုခဲ့သည်၊ ထွန်စက်ပေါ်တွင် ပိုင်ရှင် အမျိုးသားကို အဝတ်ဖြင့် ပါးစပ်ပိတ်၊ ကြိုးနှင့် ချည်ထားကာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်က သူ့ဘေးနှစ်ဖက်တွင် ထိုင်နေကြသည်ဟု သိရသည်။

နေအိမ်များမှ ဖောက်ထွင်းယူဆောင်လာသည့် ဆန်၊ ဆီ စသည့် စားနပ်ရိက္ခာတို့ တင်ဆောင်ထားသည့် နွားလှည်းများကို စစ်ကြောင်းရှေ့ဆုံးတွင် ထားတတ်သည်ကို စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင် တွေ့ခဲ့ရသည်ဟု အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့တပ်ဖွဲ့က နောက်မှ လှည်းတွေနဲ့ ဒေသခံတွေကို ရှေ့ကနေ သွားခိုင်းတာ၊ ရွာသားတွေကို ရှေ့မှာထားပြီး အကာကွယ်ယူတာပေါ့ဗျ” ဟု ၎င်းက ဆိုသည်။

၂၀၂၁ နှစ်ဆန်းပိုင်းတွင် အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီကမူ ဒေသခံတို့ကို ဓားစာခံအဖြစ် အသုံးပြုခြင်း မရှိဟု ရံဖန်ရံခါ သတင်းထုတ်ပြန်နေသည်။

ဇန်နဝါရီ ၂၇ ရက်နေ့ စစ်တပ် ထုတ်ပြန်ချက်တစ်ခုတွင် စစ်ကောင်စီလက်နက်ကိုင်တို့ လူသားဒိုင်းအသုံးပြုသည်ဟူသော သတင်းများမှာ သတင်းမှားသာ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Show More

Related Articles

Back to top button