မေးမြန်းခန်း

“စစ်ရေးပန်းတိုင်ရောက်ဖို့ အချိန်တစ်ခုတော့ ပေးရမယ်” – KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး

တနင်္သာရီတိုင်းတွင် စစ်ရှောင် ၉၀၀၀၀ ကျော် ရှိနေပြီး ပြည်သူများက အချင်းချင်း ကူညီနေကြသည်၊ တော်လှန်ရေးအင်အားစုကလည်း စခန်းတချို့ သိမ်းယူလာနိုင်သည်ဟု (KNU)၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၄ သည် ၂၀၂၄ ခုနှစ် ဧပြီလမှစတင်ကာ တနင်္သာရီတိုင်းထဲရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာသည်။

ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သော တနင်္သာရီတိုင်းသည် KNU တပ်မဟာ ၄ အခြေစိုက်လှုပ်ရှားရာဒေသဖြစ်ပြီး KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်ရ မြိတ်-ထားဝယ်ခရိုင်၏ နယ်မြေလည်းဖြစ်သည်။

ဧပြီလ ၁၅ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတည်ရှိရာ ထီးခီးအနီးမှ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းစခန်းကို တပ်မဟာ ၄ လက်အောက်ခံတပ်ဖွဲ့ဝင်များက ဝိုင်းပတ်တိုက်ခိုက်သဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချခဲ့သည်။

ဧပြီလ ၂၆ ရက်နေ့တွင်လည်း ထားဝယ်ခရိုင်ရှိ မောထတပ်စခန်းကို KNU နှင့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မေလတွင်လည်း တော်လှန်ရေးအင်အားစုက တနင်္သာရီမြို့နှင့် ဘုတ်ပြင်းမြို့ကြားရှိ ပွိုင့် ၁၀၂၀ စခန်းကုန်း၊ သရက်ချောင်းမြို့နယ် ပဲဒက်ရွာရှိ စစ်စခန်းတို့ကို သိမ်းပိုက်ခဲ့သည်။

တနင်္သာရီတိုင်းတွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KNU မြိတ်-ထားဝယ်ခရိုင်၏ အတွင်းရေးမှူးဖြစ်သူ ပဒိုစောအယ်နားကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။။  တနင်္သာရီတိုင်းရဲ့ ဘယ်နေရာတွေမှာ တိုက်ပွဲတွေဖြစ်နေပါသလဲ။

ဖြေ။။ လက်ရှိတနင်္သာရီတိုင်းထဲမှာ KNU တပ်မဟာ-၄၊ တပ်ရင်း ၇၊ ၁၀၊ ၁၁၊ ၁၂ နဲ့ ၂၀၃ ထိန်းချုပ်နယ်မြေများ၊ လှုပ်ရှားနယ်မြေများမှာ တိုက်ပွဲဖြစ်နေပါတယ်။ တချို့နေရာမှာ ပြောက်ကျားတိုက်ပွဲဖြစ်နေတယ်။ တချို့မှာတော့ ရန်သူစခန်းများတိုက်နေတာလည်းရှိတယ်။ ကျနော်တို့ KNU မြို့နယ်တွေအရတော့ လယ်ဒိုစိုးမြို့နယ်၊ ကစယ်ဒိုမြို့နယ်၊ လယ်မူလားမြို့နယ်၊ တနောသရီမြို့နယ် တို့မှာဖြစ်တယ်။ တပ်မဟာဧရိယာ ထီးမူးပွာမှာလည်း ဖြစ်တယ်။ မြန်မာအုပ်ချုပ်ရေးစနစ်အရဆိုရင် ရေဖြူမြို့နယ်တို့၊ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ပလောမြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ် အဲဒီတခုလုံးမှာ တိုက်ပွဲဖြစ်နေတာ။ ဘုတ်ပြင်းမြို့နယ်လည်းပါတယ်။

မေး။။ တိုက်ပွဲတွေက ဘယ်လောက်ပြင်းထန်ပါသလဲ။ စစ်ကောင်စီဘက်က ကြည်းတပ်၊ ရေတပ်၊ လေတပ်အကုန်သုံးပြီး တုံ့ပြန်နေတာလား၊ အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။။ တိုက်ပွဲတွေက များသောအားဖြင့် ရန်သူက ခံစစ်အခြေအနေရှိနေတယ်။ ရန်သူတပ်တွေ အတိုက်ခံရရင် စစ်ကူမလာနိုင်တော့ သူတို့က လေကြောင်းတိုက်ခိုက်မှုကိုပဲ အဓိကအသုံးပြုနေတာတွေ့ရတယ်။ တချို့နေရာမှာတော့ လက်နက်ကြီးတွေပဲ ပြန်တုံ့ပြန်တာရှိတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အဓိကက ပြည်သူလူထုတွေပဲ ထိခိုက်တယ်။ သူတို့အိမ်ရာတွေ၊  ရပ်ရွာတွေပဲ ပျက်စီးတာကို တွေ့တယ်။ စစ်တပ်ကလည်း သူတို့အချင်းချင်းတောင်မှ တချို့နေရာမှာ စစ်ကူလိုက်နိုင်သော်လည်း သူတို့မလာပါဘူး။ အတိုက်ခံရတဲ့တပ်ဖွဲ့ကပဲ အသေခံဖို့ပဲ ရှိတယ်။ သူတို့ကံတရားအပေါ်မှာပဲ မူတည်တယ်။ တချို့တပ်ရင်းမှူးတွေက သူတို့စစ်ကူတောင်းတယ်၊ ဗျူဟာက ဘာမှမကူညီပါ။ သူတို့ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေကို ပစ်သတ်ခိုင်းတာလည်းရှိတယ်။ တချို့တပ်ရင်မှူးတွေက သူတို့လက်အောက်ငယ်သား၊ စစ်သားအတွက် အသက်ကို တန်ဖိုးထားပြီး မိမိတို့တပ်ထဲ အသေမခံတော့ဘဲ လက်နက်ချဖို့ ဆုံးဖြတ်နေတယ်။

မေး။။ စစ်အာဏာသိမ်းမှုစဖြစ်တဲ့ ၂၀၂၁ ခုနှစ် နဲ့ ၂၀၂၂ တုန်းက တနင်္သာရီတိုင်းထဲမှာ KNU ဘက်က ထိုးစစ်ဆင်တဲ့သတင်း သိပ်မတွေ့ခဲ့ရဘူး။ အခု ၂၀၂၄ ခုနှစ်မှာတော့ စစ်ကောင်စီတပ်ကို တိုက်တဲ့တိုက်ပွဲတွေ ပိုစိပ်လာတာတွေ့ရပါတယ်။ ဘာကြောင့် ၂၀၂၄ ခုနှစ်မှာ တိုက်ပွဲတွေပိုများလာတာလဲ။

ဖြေ။။ စစ်ရေးဆိုင်ရာကိစ္စတွေက မိမိတို့အစီအစဉ်နဲ့သွားနေတာ။ ပြီးတော့ စစ်တိုက်တာဆိုတာက စနစ်တကျဖြစ်ဖို့၊ အဆင်သင့်ဖြစ်ဖို့ လိုတယ်။ စည်းလုံးညီညွတ်မှုလည်း လိုတယ်။ တိုက်ချင်တိုင်းတိုက်ရင်လည်း ထိရောက်မှုနည်းတယ်။ စစ်တိုက်မယ်ဆိုရင် စစ်ရေးပန်းတိုင်ရောက်ဖို့ အချိန်တစ်ခုတော့ ပေးရမယ်။

မေး။။ KNU တပ်မဟာ ၄ ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ကို တိုက်တဲ့ တိုက်ပွဲပေါင်း ဘယ်လောက်ကို တိုက်ထားပြီးပြီလဲ။ တိုက်ပွဲမှာ ၂ ဘက်ထိခိုက်မှုနဲ့ စစ်လက်နက်သိမ်းပိုက်ရရှိမှုအခြေအနေ ပြောပြလို့ရသလောက် ပြောပြပေးပါ။

ဖြေ။။ တပ်မဟာ ၄ က စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက မိမိဗဟိုမူ၊ ပေါ်လစီနဲ့ မိမိအစီအစဉ်အတိုင်း ပုံမှန်သွားနေကြတယ်၊ ပြင်ဆင်စရာရှိရင် ပြင်ဆင်တယ်၊ လုပ်စရာရှိရင် လုပ်တယ်၊ ပြောက်ကျားတိုက်ပွဲတော့ များသောအားဖြင့် လုပ်ဆောင်နေကြတယ်။ ၂၀၂၄ မှာတော့ နောက်တစ်ဆင့် ရန်သူစခန်းသိမ်းတိုက်ပွဲ လုပ်ဆောင်တာတွေ ရှိလာတယ်၊ ရန်သူစခန်းတော့ အနည်းဆုံး ၇ ခု အသိမ်းခံရနဲ့ ဆုတ်ခွာသွားတာရှိတယ်။ ဒီလိုဖြစ်လာတာက တော်လှန်ရေးအင်အားစုများ မိမိတို့ KNU ပူးပေါင်းမှု အားကောင်းလာတာကြောင့်လည်းဖြစ်တယ်။ KNU ဦးဆောင်မှုတွေလည်း နားလည်လက်ခံလာတာလည်းဖြစ်တယ်။

မေး။။ တနင်္သာရီတိုင်းထဲက စစ်ကောင်စီတပ်ရဲ့ အခြေအနေနဲ့ တိုက်စွမ်းရည်ကို ဘယ်လို ထင်မြင်ပါသလဲခင်ဗျာ။

ဖြေ။။ အသေးစိတ်မပြောတတ်ဘူး။

မေး။။ KNU တပ်မဟာ (၄) ဟာ ထီးခီးဒေသထဲက ဂရမ်းထီးခီးတောင်ကြားအပန်းဖြေစခန်းနဲ့ ရှန်ဂရီလာပျော်ပွဲစားရုံကို စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ပူးပေါင်းပိုင်ဆိုင်တယ်လို့ တနင်္သာရီတိုင်းအခြေစိုက် သတင်းဌာနတစ်ခုက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှာ ဖော်ပြခဲ့ဖူးပါတယ်။ ဒီကိစ္စဟုတ်မဟုတ်နဲ့ လက်ရှိမှာ အခြေအနေဘယ်လိုရှိတယ်ဆိုတာ ပဒိုတို့ဘက်က ပြောပြနိုင်တာရှိရင် သိချင်ပါတယ်။

ဖြေ။။ ထီးခီးဒေသမှာ (Convid-19) ဖြစ်ကတည်းက နယ်စပ်ကုန်သွယ်ရေးနဲ့ အခြားစီးပွားရေးလုပ်ငန်းများရပ်နေကြတယ်။ နယ်စပ်လည်း ပိတ်ထားတယ်။ အခုထိ နယ်စပ်က ပိတ်ထားတယ်။ စစ်အာဏာသိမ်းနောက်ပိုင်းတော့ နယ်စပ်က ဘာမှမရှိတော့ဘူး။

မေး။။ တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေ ပဒိုတို့သိသလောက် ပြောပြပေးနိုင်မလား။

ဖြေ။။ တနင်္သာရီတိုင်းထဲမှာ အများပြည်သူသိတဲ့အတိုင်းဘဲ ပြည်သူလူထုက နေ့တိုင်းလိုလို ကြောက်ရွံ့ခြင်းနဲ့ နေရတယ်။ စကစ (စစ်ကောင်စီ) က ပြည်သူလုထုအပေါ် ဘာမှကာကွယ်ခြင်း မပေးပါဘူး၊ ပြည်သူလုထုကို စားနပ်ရိက္ခာပိတ်ပင်တယ်၊ ပြည်သူလူထုလုပ်ရှားမှုကို ကန့်သတ်တယ်။ နှောင့်ယှက်တယ်။ ပြည်သူလူထုအိုးအိမ်နဲ့ ပစ္စည်းဥစ္စာတွေ မီးရှို့တယ်။ ဖျက်ဆီးတယ်။ လုယုတယ်။ ပြည်သူလုထုတွေကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေတယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ လူငယ်တွေ အတင်းအဓမ္မ စစ်မှုထမ်းဖို့ ဖမ်းဆီးတယ်။ မတရားဖိနှိပ်မှုများနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကျူးလွန်တယ်။

မေး။။ တနင်္သာရီတိုင်းထဲမှာ စစ်ဘေးရှောင်အရေအတွက် ဘယ်လောက်အထိရှိနေပါသလဲ။ သူတို့တွေ ဘယ်လိုနေထိုင်စားသောက်နေရသလဲ သိပါရစေ။

ဖြေ။။ အခု တနင်္သာရီတိုင်းထဲမှာ စစ်ဘေးရှောင် ၉၀၀၀၀ ကျော်အထိ ရှိလာတယ်။ စစ်ဘေးရှောင်တွေအတွက် အများပြည်သူတွေ သူတို့အချင်းချင်းတတ်နိုင်သလောက်၊ ရှိသလောက် သူတို့အချင်းချင်း ကူညီကြတယ်။ ဝေငှကြတယ်။ မိမိအဖွဲ့အစည်းလည်း အတတ်နိုင်ဆုံးကူညီတယ်။ အခက်အခဲနဲ့ လိုအပ်ချက်များတော့ ရှိနေပါတယ်။ တချို့နေရာမှာ အကူအညီရောက်ဖို့ ခက်တယ်။ များသောအားဖြင့် အမျိုးသမီးတွေ၊ အသက်ကြီးတဲ့လူတွေနဲ့ကလေးတွေပေါ့နော်၊ နေထိုင်ရန် အမိုးမလုံလောက်တာ၊ စားနားရိက္ခာ အချိန်မီမရတာနဲ့ ကျန်းမာရေးလိုအပ်ချက်တွေများတယ်။ အကူအညီက လိုအပ်ပါတယ်။

Show More

Related Articles

Back to top button