
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပေးပို့သော သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်၍ အပြုသဘောဆောင်သော သဘောထားမှတ်ချက်ပေးထားသည်ကို တွေ့ရသည်။
ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သော ရခိုင်ပြည်နယ်ရှိ နယ်မြေတချို့တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးစေလိုသည့် AA ၏ ကြေညာချက်အပေါ် ကြိုဆိုပါကြောင်းနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခံခဲ့ရသည့် AA နှင့် ပတ်သက်၍ အစဉ်တစိုက် သဘောထားတင်းမာခဲ့သည့် တပ်မတော်က လတ်တလောတွင် AA အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည့်အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် AA နှင့်ပတ်သက်၍ ဖော်ပြထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် တပ်မတော်နှင့် AA ကြား ၂ နှစ်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများ ရှိခဲ့သည့်အပြင် ဒေသခံ ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စာမျက်နှာ ၇ မျက်နှာ ပါရှိသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် လတ်တလော AA နှင့် တွေ့ဆုံဆွေးနွေးမှုများအကြောင်း တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိသော်လည်း သမိုင်းအစဉ်အလာကောင်းများနှင့် ပြည့်စုံလှသည့် ရခိုင်ပြည်နယ်ဟု အကျယ်တဝင့်ဖော်ညွှန်းထားသည်။
“သဘာဝက ပေးထားသည့် အဖိုးတန်လက်ဆောင်များနှင့် ပြည့်နှက်နေသည့် ရခိုင်ပြည်နယ်ကို အကြောင်းတရားမျိုးစုံနှင့် ချဉ်းကပ်လာသည့် မတရားမှုတိုင်းအတွက် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ အကာအကွယ်ပေးသွားမည်” ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးစေရေးအတွက် တပ်မတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှ ကြိုးစားပုံဖော်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။
တပ်မတော်တာဝန်ရှိသူများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း AA က ဒီဇင်ဘာ ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ‘ဝ’ ဒေသတွင် တပ်မတော်နှင့် လူချင်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း AA က ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးခြင်းများနှင့် ပတ်သက်၍ တပ်မတော်တာဝန်ရှိသူများက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပပေးလိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင်လည်း ဖော်ပြထားသည်။
တိုင်းရင်းသားများအနေဖြင့် ၎င်းတို့လိုလားချက်များကို ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် တင်ပြတောင်းခံနိုင်သလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှတစ်ဆင့် တွေ့ဆုံဆွေးနွေးနိုင်မည့် လမ်းကြောင်းများ ဖွင့်ထားသည်ဟုလည်း သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။