မကြာသေးမီရက်ပိုင်းက စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီး ပစ်ချခံထားရသည့် ကရင်နီ (ကယား) ပြည်နယ်ထဲတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ အေးမနေဘဲ ဆက်လက်ပြင်းထန်နေကြောင်း ပြည်နယ်တွင်းရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်နေသည့် ကရင်နီတော်လှန်ရေးတပ်များထံမှ သိရသည်။
စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တို့အကြား ၂ လကျော်ကြာ တိုက်ပွဲများဖြစ်နေသည့် ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စီးကို မေလ ၆ ရက်တွင် ကရင်နီပူးပေါင်းတပ်များက ပစ်ချလိုက်သည်။
ပွိုင့်ဖိုက်စက်သေနတ် ၂ လက်ဖြင့် ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်သည် စစ်ကောင်စီအခြေချ စစ်ဗျူဟာရှိရာ ဘောလခဲမြို့နယ်သို့ လှည့်ပြန်စဉ် လမ်းတွင် ပျက်ကျသွားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူး ၃ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားသည်ဟု ကရင်နီတော်လှန်ရေးတပ်များက ဆိုသည်။
ဒဏ်ရာရသူများကို စစ်ကောင်စီ၏ ဘောလခဲဗျူဟာမှ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားပြီး ရဟတ်ယာဉ်ကို ဖျက်ဆီးသွားခဲ့ကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ထံမှ သိရသည်။
ကလလတ တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်းစိုးက “ကျွန်တော်တို့က စစ်အာဏာရှင်စနစ်တစ်ခုလုံးကို အပြီးအပြတ်ချေမှုန်းဖို့ လုပ်နေတာ။ ဟတ်စကီးတစ်စီးလောက် ပစ်ချရုံနဲ့ ကျွန်တော်တို့က ကျေနပ်နေမှာမဟုတ်ဘူး” ဟု Myanmar Now ကို ပြောသည်။
ဖားဆောင်းကို ထိန်းချုပ်ရန် ကရင်နီတပ်များ ကြိုးပမ်းခြင်း
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ – လွိုင်ကော်) လက်အောက်ခံ စစ်ဗျုဟာအခြေချထားသော ဘောလခဲခရိုင်ထဲက ဖားဆောင်းမြို့ရှိ စစ်ကောင်စီ တပ်ရင်း ၂ ရင်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်နေသည်မှာ ၂ လကျော်လာပြီ ဖြစ်သည်။
ပြီးခဲ့သည့်၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် စတင်သော ထိုထိုးစစ်ဆင်တိုက်ခိုက်နေမှုသည် လက်ရှိအချိန်အထိ မပြီးသေးဘဲ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။
၂ လကျော်ကာလအတွင်း ဖားဆောင်းအခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၃၅) သည် တပ်စခန်းကို စွန့်ခွာ၍ ခုခံစစ်အတွက် သေချာပြင်ဆင်ထားသော ဖားဆောင်းအနောက်ဘက် တောင်ပေါ်ရှိ ခလရ (၁၃၄) စခန်းသို့ ဆုတ်ခွာကာ ထိုစခန်းရှိတပ်နှင့် ပူးပေါင်းကာ ခုခံနေသည်။
ထို့ကြောင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ရ ပိုခက်နေသည်။
ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏ အထိုင်တပ်ရင်း ၂ ရင်း အပါအဝင် မြို့နယ်မီးသတ်ရုံးနှင့် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်တို့ကို တိုက်စစ်ဆင်ခဲ့ကြောင်း မေလ ၆ ရက်နေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားသည်။
ဖားဆောင်းမြို့တွင်းရှိ စစ်ကောင်စီတပ်များကို အပြည့်အဝ မရှင်းလင်းနိုင်သေးသော်လည်း ဖားဆောင်းကို စစ်ကူလာသည့် စစ်ကောင်စီ၏ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ဧပြီလ ၁၁ ရက်နေ့တွင် ဖားဆောင်းမြို့နယ် ပါပုရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း KNDF က ဆိုထားသေးသည်။
ထိုကြားဖြတ်တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေပြီး တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၅၆ ဦးက KNDF ထံ လက်နက်ချအညံ့ခံခဲ့သည်။ ယင်းစစ်သုံ့ပန်းများနှင့်အတူ လက်နက်ကြီးလက်နက်ငယ် ၇၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ဆိုသည်။
ပြည်နယ်မြို့တော် လွိုင်ကော်ကို ပြန်ရရန် စစ်တပ်ကြိုးစားနေ
အမှန်တကယ်အားဖြင့် ဖားဆောင်းမြို့သိမ်းတိုက်ပွဲတစ်ခုတည်းသာ လနှင့်ချီ ကြာနေခြင်းမဟုတ်ပေ။
၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သော ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ၏ ၁၁၁၁ စစ်ဆင်ရေးအရ ထိုးစစ်ဆင်သော ပြည်နယ်မြို့တော် လွိုင်ကော်မြို့သိမ်းတိုက်ပွဲသည်လည်း မပြီးသေးဘဲ လက်ရှိအချိန်အထိ ကာလကြာရှည်ဆက်ဖြစ်နေသည်။
လွိုင်ကော်တိုက်ပွဲသည် ယခုဆိုလျှင် ၇ လ ကျော်ကြာနေပြီဖြစ်သည်။
လွိုင်ကော်တွင် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိပြီး တိုက်ခိုက်ရေးတပ်ရင်း ၄ ရင်း၊ အမြောက်တပ်ရင်း ၂ ရင်း၊ ထောက်ပို့တပ်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်း စသည့် တပ်များ အထိုင်ချထားသည်။
အဆိုပါ တပ်ရင်းများသည် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ၏ ထိုးစစ်ကို ဆက်လက်ခုခံနေပြီး လွိုင်ကော်အကျဉ်းထောင်သည်လည်း စစ်ကောင်စီတပ်၏ ထိန်းချုပ်မှုအောက်တွင်ပင် ဆက်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဧပြီလ မှစတင်ကာ လွိုင်ကော်တွင် စစ်ကောင်စီဘက်က ခုခံစစ်ကို ပုံစံပြောင်းကာ လှုပ်ရှားစစ်ကြောင်းများပင် ပြန်ထွက်လာနေကြောင်း KNDF ထံမှ သိရသည်။
KNDF ဗဟိုပြန်ကြားရေးဌာန တာဝန်ခံ သာအယ်စိုးက “မြို့ပေါ်ရပ်ကွက်တွေမှာလည်း စစ်ကောင်စီဘက်က ပြန်ပြီးတော့မှ လှုပ်ရှားစစ်ကြောင်းတွေကတော့ ရှိတယ်ပေါ့။ အထူးသဖြင့် စက်မှုဇုန်ရှိတဲ့ဘက်ကို လှုပ်ရှားစစ်ကြောင်းတွေ ထွက်လာတာရှိတယ်။ နှစ်ဖက်ပစ်ခတ်မှုတွေကတော့ မြို့ပေါ်မှာ နေ့တိုင်းနီးပါး ဖြစ်နေပါတယ်” ဟု Myanmar Now ကို ပြောသည်။
သို့သော်လည်း စစ်ကောင်စီ၏ လှုပ်ရှားစစ်ကြောင်းများ နယ်မြေစိုးမိုးမှု ပြန်မရနိုင်ရေး ကရင်နီပူးပေါင်းတပ်များက ထိန်းထားနိုင်နေဆဲဖြစ်ကြောင်း သူက ဆိုသည်။
လေကြောင်းပစ်ကူအများအပြားသုံးပြီး ခုခံနေသည့် မိုးဗြဲ
မိုးဗြဲတိုက်ပွဲဟုဆိုလျှင် ခြေထောက်တစ်ဖက်ပြတ်နေ၍ ခြေတုတပ်ထားသည့် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ ရဲဘော်တစ်ဦးသည် ရှေ့ဆုံးမှနေ၍ အခြားရဲဘော်များနှင့်အတူ စစ်ကောင်စီတပ်စခန်းထဲအထိ သေနတ်ပစ်ရင်း ပြေးဝင်သည့် ရုပ်သံဖိုင်သည် ဧပြီလအတွင်းတွင် လူမှုကွန်ရက် Facebook ၌ ထွက်ပေါ်ခဲ့ပြီး ကြည့်ရှုသူများ အံအားသင့်ခဲ့ကြရသည်။
၁၁၁၁ စစ်ဆင်ရေးကာလအတွင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ခဲ့သော မိုးဗြဲမြို့တွင် မြို့မြောက်ဘက်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၄၂၂) တပ်ရင်းကို တော်လှန်ရေးပူးပေါင်းများက လက်ရှိအချိန်အထိ မသိမ်းနိုင်သေးပေ။
ထိုတပ်ရင်းကို အပြီးသတ်သိမ်းနိုင်ရန် ကြိုးပမ်းသည့် တိုက်ပွဲကို ပြီးခဲ့သည့် ဧပြီလ ၃ ရက်တွင် ကရင်နီတော်လှန်ရေးပူပေါင်းတပ်များက စတင်ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးကာ ပြန်ခုခံနေသည်။
မိုးဗြဲမြို့မြောက်ဘက်၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်ရင်းများကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးသလို လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့တို့ရှိ စစ်ကောင်စီတပ်ရင်းများကလည်း ထိုးစစ်ဆင်လာသည့် ကရင်နီပူးပေါင်းတပ်များကို လက်နက်ကြီးများဖြင့် စုပြုံပစ်ခတ်တုံ့ပြန်လာသည်။
ထို့ပြင် စစ်ကောင်စီသည် ဖယ်ခုံရှိ အထိုင်တပ်များမှ အင်အားထုတ်နုတ်ကာ မိုးဗြဲကို စစ်ကူစေလွှတ်နေသဖြင့် ဖယ်ခုံ-မိုးဗြဲ ကားလမ်းတစ်လျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း KNDF ထံမှ သိရသည်။
ဖယ်ခုံမြို့တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၇ နှင့် လက်အောက်ခံတပ်ရင်း ၂ ရင်းရှိသည်။
Google Earth အက်ပလီကေးရှင်းမှတစ်ဆင့် ကြည့်မည်ဆိုလျှင်လည်း ဖယ်ခုံနှင့် မိုးဗြဲကို ဆက်သွယ်ထားသည့် ကားလမ်း၌ စစ်ကောင်စီ၏ ခြေကုပ်စခန်း ၂ ခုမှ ကတုတ်ကျင်းများကို သေချာမြင်ရသည်။
ကရင်နီစစ်ပွဲ ဘယ်ကို ဦးတည်နေသလဲ
ကရင်နီတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များရည်ရွယ်သည်က တစ်ပြည်နယ်လုံးတွင် စစ်ကောင်စီတပ် ကင်းစင်ပြီး ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေးဖြစ်သည်။
သို့သော်လည်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များသည် ရှားတောနှင့် မယ်စဲ့မြို့နယ် ၂ ခုကိုသာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကင်းစင်သည်အထိ တိုက်ထားနိုင်ပြီး ကျန်မြို့နယ်များတွင် စစ်ကောင်စီတပ်များကို အနိုင်ရရန် ဆက်တိုက်နေရသည့် အခြေအနေဖြစ်သည်။
စစ်ကောင်စီ၏ အထိုင်တပ်ရင်းများကို ကရင်နီပူးပေါင်းတပ်များက လနှင့်ချီကြာသည်အထိ တိုက်ခိုက်သော်လည်း သိမ်းယူ၍ မရနိုင်သေးသည်မှာ အကြောင်းရင်းများစွာရှိနိုင်သည်။
စစ်ကောင်စီတပ်ကို တိုက်နေသည့် ကရင်နီတပ်မတော် KA ၏ စစ်ရေးချုပ်ဖြစ်သည့် ဗိုလ်မှူးကြီးဘုန်းနိုင်ကလည်း ကရင်နီပြည်နယ်ထဲက တိုက်ပွဲများ၏ အခြေအနေနှင့်ပတ်သက်၍ ယခုကဲ့သို့ ဆိုသည်။
၎င်းက “များသောအားဖြင့်က စကစမိုင်းကို ရှင်းလင်းရတာ အချိန်ယူရပါတယ်။ တိုက်လာတဲ့အခါမှာလည်း ဂျက်ဖိုက်တာက အဆမတန်ဗုံးကြဲဒဏ်ခံရတယ်ဆိုတော့ အခြေအနေအပေါ်ကြည့်ပြီး တိုက်ယူရပါတယ်” ဟု Myanmar Now ကို ပြောသည်။
မည်သို့ပင်ဖြစ်စေ စစ်ပွဲသည် အချိန်ကြာလာသည်နှင့်အမျှ ပေးရသည့် တန်ဖိုးများပိုများလာသည်။
ထိခိုက်သေဆုံးမှုသည် နှစ်ဖက်စလုံးတွင် ရှိနေသည်။ KNDF က မထုတ်ပြန်သော်လည်း Myanmar Now က စုံစမ်းသိရသည့် အချက်အလက်အရ ၁၁၁၁ စစ်ဆင်ရေးကာလအတွင်း KNDF ဘက်က အနည်းဆုံး ဗျူဟာမှူး ၁ ဦးနှင့် တပ်ရင်းမှူး ၂ ဦးအထိ သေဆုံးထားကြောင်း သိရသည်။
တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က မေလ ၁ ရက်တွင် ထုတ်ပြန်သည့်အချက်အလက်ရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပြီးချိန်မှ လက်ရှိအချိန်အထိ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များဘက်က တပ်ဖွဲ့ဝင် ၅၅၁ ဦးသေဆုံးထားကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီဘက်ကမူ အင်အား ၃၃၅၈ ဦး ကရင်နီစစ်မြေပြင်တွင် သေဆုံးထားပြီး အရပ်သား ၄၉၈ ဦးသေဆုံးထားကြောင်း PKPF ဘက်က ဆိုသည်။
ပြည်နယ်တွင် နေထိုင်သည့် လူဦးရေ ၃ သိန်းကျော်ရှိသည့်အနက် စစ်ဘေးရှောင်အရေအတွက်သည် လက်ရှိတွင် ၃ သိန်းကျော်လာနေပြီဖြစ်ရာ၊ တစ်ပြည်နယ်လုံးနီးပါး စစ်ဘေးသင့်နေသည့်အခြေအနေဖြစ်နေကြောင်း ကြားကာလကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) ၏ အချက်အလက်များအရ သိရသည်။
စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် သောက်ရေလိုအပ်ချက်မှာ ပိုမိုမြင့်တက်လာနေပြီး စစ်ကောင်စီဘက်ကလည်း ကရင်နီပြည်သို့ ဝင်မည့် ကုန်စည်နှင့် ဆေးဝါးကို ပိတ်ဆို့ထားသည်။
ပြည်နယ်၏ အခြေအနေသည် ဆိုးဝါးလာနေသော်လည်း တိုက်ပွဲကို စစ်ကောင်စီဘက်ကရော၊ တော်လှန်ရေးတပ်များဘက်ကပါ ရပ်တန့်လိုသည့် ဆန္ဒရှိပုံမရပေ။
KA ၏ စစ်ရေးချုပ်ဖြစ်သည့် ဗိုလ်မှူးကြီးဘုန်းနိုင်က ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များအနေနှင့် အရှိန်မလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု Myanmar Now ကို ပြောသည်။
လာမည့် ဇွန်လသည် မြန်မာနိုင်ငံတွင် မိုးရာသီသို့ ချင်းနင်းဝင်ရောက်မည့်လဖြစ်ရာ နှစ်ဖက်တပ်များအကြား တိုက်ခိုက်မှုလျှော့ပြီး အင်အားပြန်လည်ဖြည့်တင်းမှုများ လုပ်လာနိုင်သည့် အခြေအနေလည်းရှိပြန်သည်။
စစ်ရေးလေ့လာသည့် မြန်မာအမျိုးသားသုတေသီတစ်ဦးကမူ မိုးတွင်းတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်နိုင်ရန် အကန့်အသတ်များရှိလာနိုင်သဖြင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များသည် စစ်ကောင်စီအတွက် အားနည်းချက်ကို အခွင့်ကောင်းအဖြစ် အသုံးပြုလာနိုင်ဖွယ်ရှိကြောင်း မှတ်ချက်ပြုသည်။
၎င်းက “ကျွန်တော်ထင်တာတော့ မိုးတွင်းဖြစ်လို့ တော်လှန်ရေးတပ်တွေဘက်က ရပ်မယ်မထင်ဘူး။ စခန်းသိမ်းတိုက်ပွဲကတော့ ကြာတာတွေလည်း ရှိတယ်။ မြောက်ပိုင်းမှာတောင်မှ တချို့ ကြာတဲ့စခန်းတွေ ရှိတယ်။ နမ့်ခမ်းစခန်းသစ်ကုန်းတို့ မိုင်းကျက်တို့မှာဆိုရင် တော်တော်ကြာတယ်။ ၁ လကျော်လောက် ကြာတယ်။ ခက်တဲ့ စခန်းတွေလည်းရှိသလို လွယ်တဲ့စခန်းတွေလည်း ရှိပါတယ်” ဟု ပြောသည်။