တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ၄ ရက်နီးပါး အပြင်းအထန်တိုက်ခိုက်ပြီးနောက် အပြီးသတ် သိမ်းယူနိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းရုံး (KNU) ၏ တပ်မဟာ ၄ ထံမှ သိရသည်။
KNU မြိတ်-ထားဝယ်ခရိုင်၏ အတွင်းရေးမှူးဖြစ်သူ ပဒိုစောအယ်နားကလည်း မြိတ်-ထားဝယ် မော်တော်ကားလမ်းပေါ်ရှိ ထိုစခန်းကို ယနေ့ (မေလ ၈) နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ပြီဖြစ်သလို စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြားကို အရှင်ဖမ်းဆီးရမိထားကြောင်း Myanmar Now ကို အတည်ပြုသည်။
“စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ကတော့ ၃၀ ကျော်မယ် ထင်တယ်။ စခန်းက စခန်းကြီးတော့မဟုတ်ပါဘူး။ လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ယောက်ကို အရှင်ဖမ်းမိထားပါတယ်” ဟု သူက ပြောသည်။
လူမှုကွန်ရက်ပေါ်သို့ ထွက်ပေါ်လာသော ရုပ်သံဖိုင်တွင်လည်း လိုက်ထရပ်ကားတစ်စီးပေါ်၌ လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့်၊ အရပ်ဝတ် ဝတ်ဆင်ထားသည့် သုံ့ပန်းများကို တွေ့ရသည်။ ကားအနီးတွင် ပူးပေါင်းတပ် တပ်ဖွဲ့ဝင်များကို ပြောက်ကျားယူနီဖောင်းဖြင့် တွေ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း တာဝန်ရှိသူတစ်ဦးကလည်း သရက်ချောင်းမြို့နှင့် ပလောက်မြို့ကြားက ပဲဒက်ရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ပြီဟု Myanmar Now ကို ပြောသည်။
“စခန်းကို မေ ၅ ရက်မှာ စပြီးတိုက်ခိုက်ပါတယ်။ ၄ ရက်ကြာတိုက်ပြီး ဒီနေ့ မေ ၈၊ မနက် ၈ နာရီလောက်မှာ စခန်းကို ရပါတယ်” ဟု သူက ဆိုသည်။
ပဲဒက်ရွာသည် ထားဝယ်မြို့နှင့် မြိတ်မြို့ကို ဆက်သွယ်သည့် ပြည်ထောင်စုလမ်းမပေါ်တွင်ရှိပြီး စစ်ကောင်စီတပ်ရှိနေလျှင် တော်လှန်ရေးပူးပေါင်းတပ်များ၏ စစ်ရေးလှုပ်ရှားမှုကို အနှောင့်အယှက်ဖြစ်စေသည်ဟု KNU တပ်မဟာ ၄ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သော တနင်္သာရီတိုင်းသည် KNU တပ်မဟာ ၄ အခြေစိုက်လှုပ်ရှားရာဒေသဖြစ်ပြီး KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်ရ မြိတ်-ထားဝယ်ခရိုင်၏ နယ်မြေလည်းဖြစ်သည်။
စစ်ကောင်စီသည် ၄ ရက်ကြာ တိုက်ပွဲအတွင်း ပဲဒက်ရွာရှိ ၎င်းတို့တပ်စခန်းမကျစေရေးအတွက် ကြည်း၊ ရေ၊ လေတပ်များ စုပေါင်းပြီး ခုခံကာကွယ်ခဲ့သေးသည်။
ယမန်နေ့ (မေ ၇) တွင်လည်း KNU တပ်မဟာ ၄ က ပဲဒက်ကျေးရွာအနောက်တောင်ဘက် ကျောက်ဆည်ရွာ ပြည်သူ့စစ်စခန်းကို တိုက်ခိုက်ရာ ပြည်သူ့စစ်အဖွဲ့ဝင် ၆ ဦးကို လက်နက်နှင့်တကွ အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ပဲဒက်ရွာတိုက်ပွဲကြောင့် ထားဝယ်နှင့် မြိတ်မြို့ကို ဆက်သွယ်ထားသည့် ကားလမ်း ပိတ်ထားရကြောင်း တနင်္သာရီတိုင်းအတွင်း ဖြစ်ရပ်များကို အထူးပြု ရေးသားတင်ဆက်သည့် Dawei Watch သတင်းဌာနက ရေးသားသည်။
ထို့ပြင် မြိတ်မြို့တောင်ဘက် တနင်္သာရီမြို့နှင့် ဘုတ်ပြင်းမြို့အကြားတွင်လည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ကားလမ်းပြန်မဖွင့်နိုင်သည့် အခြေအနေဖြစ်နေသည်။
မဖြစ်မနေ ခရီးသွားနေရသူများကမူ ဘုတ်ပြင်းမြို့မှတစ်ဆင့် စက်လှေဖြင့် ရေလမ်းကြောင်းကို အသုံးပြုနေကြသည်။
တပ်မဟာ ၄ နယ်မြေတွင် တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
KNU တပ်မဟာ ၄ သည် ၂၀၂၄ ခုနှစ် ဧပြီလမှစတင်ကာ တိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာသည်။ ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတည်ရှိရာ ထီးခီးအနီးမှ စစ်ကောင်စီ၏ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းစခန်းကို KNU တပ်မဟာ ၄ လက်အောက်ခံတပ်ဖွဲ့ဝင်များက ဝိုင်းပတ်တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် တပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချခဲ့သည်။
ထို့ပြင် ထားဝယ်ခရိုင်ရှိ မောထတပ်စခန်းကို ဧပြီလ ၂၆ ရက်တွင် KNU နှင့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသည်။ ထိုတိုက်ပွဲအတွင်း ရိုင်ဖယ်သေနတ် ၂၈ လက်၊ စိန်ပြောင်း ၂ လက်နှင့် ခဲယမ်းများသိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည့် ဓာတ်ပုံများအရ သိရသည်။