
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နမ့်ပိုင်ရွာတွင် ယမန်နေ့ (ဒီဇင်ဘာ ၁၀) က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ လေးဦး ဒဏ်ရာရခဲ့သည့်အပေါ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ အပြန်အလှန် အပြစ်တင်လျက်ရှိသည်။
နမ့်ပိုင်ရွာအနီးတွင် TNLA နှင့် RCSS/SSA တို့ ဒီဇင်ဘာ ၁၀ ရက်နေ့ညပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့မှုနှင့် ပတ်သက်၍ TNLA နှင့် RCSS/SSA နှစ်ဖွဲ့လုံးက ငြင်းဆန်ကြသည်။
၎င်းတို့၏ လှုပ်ရှားစစ်ကြောင်းကို TNLA က လာရောက်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး အရပ်သားများ ဒဏ်ရာရခြင်းမှာ TNLA ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု RCSS/SSA ၏ လူထုဆက်ဆံရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းအုပ်ခေးက ပြောသည်။
“တိုက်ပွဲက ရွာထဲဖြစ်တာ မဟုတ်ဘူး၊ ရွာပြင်မှာပဲ။ ဒါပေမယ့် သူတို့က တိုက်ပွဲအကြောင်းပြပြီး ရွာထဲကို လျှောက်ပစ်တာ၊ လက်နက်ကြီးတွေနဲ့” ဟု ဒုတိယဗိုလ်မှူးကြီးစိုင်းအုပ်ခေးက ပြောသည်။
TNLA အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာအိုက်ကျော်ကမူ ၎င်းတို့တပ်ဖွဲ့များ နမ့်ပိုင်ရွာဘက်မှ သွားသည့်အချိန်တွင် RCSS က လှမ်းပစ်ခြင်းဖြစ်သည်ဟု ပြောသည်။
“တိုက်ပွဲက ရွာရဲ့ အထက်ဘက်မှာဖြစ်တာ။ ကျွန်တော်တို့က ရွာကနေထွက်လာတာဆိုတော့ ကျွန်တော်တို့ပစ်တဲ့ လက်နက်ကြီးတော့ မဖြစ်နိုင်ဘူး” ဟု ဗိုလ်မှူးတာအိုက်ကျော်က ဆိုသည်။
ထို့အပြင် RCSS/SSA တပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားရာနယ်မြေဧရိယာအနီး ဆက်လက်လှုပ်ရှားနေသေးသည့်အတွက် စစ်ရေးတင်းမာမှုများရှိနေသေးသည်ဟုလည်း ၎င်းက ပြောသည်။
လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်လေးလရှိသော နန်းမွန်းခမ်းမှာ ညာဘက် လက်ပြင်တွင် လက်နက်ကြီးစ ထိမှန်ခဲ့ပြီး အသက် ၅၀ ခန့်အရွယ် ဒေါ်နန်းမှာ တင်ပါးဆုံ၊ အသက် ၁၅ နှစ်အရွယ် ကျောင်းသားမှာ ညာဘက်ပေါင်နှင့် ခြေသလုံးတို့တွင် ဒဏ်ရာရခဲ့ပြီး အိမ်နီးနားချင်း အသက် ၅၀ နှစ်အရွယ် အမျိုးသမီးမှာ ဦးခေါင်းတွင် ဒဏ်ရာရခဲ့သည်။
ယခင်က တိုက်ပွဲဖြစ်ပွားမည်ဆိုလျှင် လက်နက်ကိုင်အဖွဲ့များက အကြောင်းကြားကာ ရှောင်တိမ်းခိုင်းလေ့ရှိသော်လည်း ယမန်နေ့တိုက်ပွဲတွင် လက်နက်ကိုင်တပ်ဖွဲ့များက အကြောင်းကြားခဲ့ခြင်း မရှိသလို ၎င်းတို့အနေဖြင့်လည်း ကြိုတင်ရှောင်ရှားနိုင်ခြင်းမရှိခဲ့ကြောင်း နန်းမွန်းခမ်း၏ မိခင် ဒေါ်နန်းက ပြောသည်။
“ဘယ်က ကျလာမှန်းမသိဘူး၊ ဂွမ်းဆိုတော့ ဘေးအိမ်က ပြောင်းဖူးကြိတ်နေတော့ ပစ်နေကြတာ အသံမကြားဘူး။ ခဏကြာလို့ အိမ်ဘေးကို လက်နက်ကြီးကျလာမှ သိရတာ။ ကြည့်လိုက်တဲ့အချိန်မှာ မြေးလေးမှာလည်း သွေးတွေနဲ့။ သမီးကြည့်တော့လည်း သွေးတွေနဲ့ ၊ ကျွန်မတောင် ဘာဖြစ်ထားလည်းမသိလိုက်ဘူး” ဟု ဒေါ်နန်းက ပြောသည်။
နေအိမ်မီးဖိုချောင်အနီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှ တိုက်ပွဲဖြစ်ပွားသည်ကို သိရှိရသောကြောင့် ထွက်ပြေးရန် အချိန်မမီတော့ကြောင်း နန်းမွန်းခမ်းက ပြောသည်။
“ထမင်းချက်ဖို့လုပ်နေတာ၊ ဘေးအိမ်က ပြောင်းဖူးကြိတ်နေတော့ အသံမကြားရဘူး။ ဗုံးသီးကျပြီး ကျွန်မတို့ ထိသွားတော့ လန့်ပြီး ထွက်မပြေးနိုင်တော့ဘူး။ သူများတွေ ကူညီဖို့ လာခေါ်တယ်။ ယောက်ျားလေးအသံဆိုတော့ ထွက်မကြည့်ရဲဘူး။ ဘယ်သူတွေမှန်းမသိလို့ ။ အိမ်မှာ ဒီတိုင်းထားခဲ့ရတယ်”ဟု နန်းမွန်းခမ်းက ပြောသည်။
ကြိုတင်ရှောင်ရှားချိန် မရလိုက်သည့်အတွက် တစ်နာရီခွဲခန့်ကြာသည့် တိုက်ပွဲဖြစ်ပွားချိန်တစ်လျှောက်လုံး ရွာအတွင်း ပုန်းခိုနေခဲ့ရပြီး တိုက်ပွဲအပြီး တစ်နာရီခန့်အကြာ ညနေ ၆ နာရီခွဲခန့်မှ နမ္မတူမြို့ မေတ္တာရှင်လူမှုကူညီရေးအသင်းက လာရောက်ခေါ်ဆောင်၍ နမ္မတူဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။
နမ့်ပိုင်ရွာ ဒေသခံ ၆၀ ကျော်ကို လူမှုကူညီရေးအသင်းများက ယနေ့ ဒီဇင်ဘာ ၁၁ နံနက်တွင် သွားရောက်ခေါ်ဆောင်ခဲ့ပြီး ၎င်းရွာမှ ခုနစ်မိုင်ခန့်အကွာရှိ မန်စံကျေးရွာ စစ်ရှောင်စခန်းမှာ နေရာချထားပေးသည်ဟု ဒေသခံများက ဆိုသည်။
နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကျေးရွာမှ ဒေသခံများ နမ္မတူမြို့မှ ၁၈ မိုင်အကွာ မန်စံကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာ စစ်ရှောင် ၃၀၀ ကျော် ရှိနေပြီဖြစ်သည်။