သတင်း

ဘင်္ဂလားဒေ့ရှ်အနီး တပ်စခန်းကြီးများကို စစ်ကောင်စီလက်လွှတ်နေရ

မောင်တောခရိုင်ရှိ စကခ (၁၅) ဌာနချုပ်၊ နယ်ခြားစောင့်ရဲစခန်းကြီးများကို AA သိမ်းလိုက်ချိန်တွင် ခံစစ်ဆင်နေသည့် စစ်ကောင်စီက ဘူးသီးတောင် မြို့အဝင်တံတားကို ဖျက်လိုက်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့ရှိ စစ်တပ်စခန်းကြီးများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ ယခုရက်ပိုင်းအတွင်း လက်နက်ချလိုက်ကြရာ စစ်ကောင်စီက ထိုစခန်းများကို လက်လွှတ်လိုက်ရပြီဖြစ်သည်။

မောင်တောမြို့နယ်၊ တာဝါတိုင်စခန်းကုန်း၊ ၆ မိုင်စခန်းကုန်းနှင့် နယ်ခြားစောင့်တပ်စခန်းများဖြစ်သည့် နခခ-၁ ကျီးကန်းပြင်၊ နခခ-၁၀ လှဖိုးခေါင်တို့ကို သိမ်းပိုက်ရရှိသည်ဟု အာရက္ခတပ်တော် (AA) က မေ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထိုစခန်းများကို မည်သို့မည်ပုံတိုက်ခိုက်သိမ်းပိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြမထားသော်လည်း AA က နခခ-၁ ကျီးကန်းပြင်ဌာနချုပ်ကို အဘက်ဘက်မှ ဝိုင်းပတ်ပိတ်ဆို့ကာ ဒရုန်းများဖြင့် တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားသည်ဟု မောင်တောဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

မောင်တောရှိစစ်စခန်းများကို AA က တစ်ခုပြီးတစ်ခု သိမ်းပိုက်နေပြီး နခခ ၆ အင်းဒင်မှ စစ်သားများ ယခုရက်ပိုင်းအတွင်း စခန်းစွန့်ခွာ ထွက်ပြေးသွားကြသည်၊ နယ်ခြားစောင့်စခန်းများဖြစ်သည့် နခခ ၄-မောရဝတီ၊ မောရဝတီဗျူဟာ၊ နခခ ၅-မြို့သူကြီး၊ နခခ ၉-မြင်းလွှတ်၊ နခခ ၆-အင်းဒင်၊ ကျောက်ပန္ဒူ စစ်ကောင်စီစခန်း၊ ၄ မိုင်စခန်းတို့ရှိနေသေးသည်ဟု ၎င်းက ဆိုသည်။

ယမန်နေ့ကလည်း AA က စခန်းများကို တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းအားပြု၍ ခုခံနေကြောင်း၊ နောက်ဆက်တွဲအသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ၎င်းက ပြောသည်။

ယနေ့ (မေ ၇)၊ နံနက် ၁ နာရီခန့်က မောင်တောမြို့နယ်၊ ဝေသာလီရွာကို စစ်ကောင်စီတပ်နှင့် လက်နက်တပ်ဆင်ပေးထားသည့် ရိုဟင်ဂျာများက ဝင်ရောက်မီးရှို့ခဲ့ကာ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ မိသားစုဝင်နှစ်ဦးဒဏ်ရာရရှိသွားကာ နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးသွားသည်။

ထိုဖြစ်ရပ်ကြောင့် ဝေသာလီ၊ သုံးမိုင်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀၀ ခန့်တပ်စွဲထားသည့် မောင်တောမြို့နယ်၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးကိုလည်း AA က ဧပြီ ၁၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။

အလားတူ မောင်တောမြို့မြောက်ပိုင်းရှိ စစ်ဗျူဟာအရအရေးပါသည့် တောင်ပြိုလက်ဝဲ၊ တောင်ပြိုလက်ယာ နယ်ခြားစောင့်စခန်းများကိုလည်း ဖေဖော်ဝါ ရီ ၄ ရက်ကပင် သိမ်းပိုက်ထားသည်။

မောင်တောခရိုင်မှ စစ်ကောင်စီတပ်စခန်းများ AA က သိမ်းယူနေရာ ကာလရှည်ပိတ်ဆို့ခံထားသည့် တမန်းသားရဲစခန်းမှ ရဲ ၁၀၀ ကျော်သည် မတ် ၂၅ ရက်တွင် AA ထံ လက်နက်ချခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲနေ့စဉ်ရှိရာ AA က တိုက်ပွဲသတင်းများကို နေ့တိုင်းလိုလို ထုတ်ပြန်ခဲ့သည်။

ရခိုင်ဒေသ တိုက်ပွဲများ ရပ်တန့်ရန် ကြိုးပမ်းနေသည်ဟု ဘင်္ဂလားဒေ့ရှ်ရှိ တရုတ်သံအမတ်က ဇန်နဝါရီလကုန်ပိုင်းတွင်   ပြောဆိုပြီးနောက်ပိုင်း AA ကလည်း တိုက်ပွဲသတင်းများကို ရံဖန်ရံခါမှသာ ထုတ်ပြန်တော့သည်ကို တွေ့ရသည်။

ဤအတောအတွင်း AA ၏ ထိုးစစ်က အဆက်မပြတ်ရှိနေပြီး စစ်ကောင်စီ၏ လက်နက်ကိုင်အများအပြား စခန်းစွန့်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဆုတ်ခွာသည့် သတင်းများ ဆက်တိုက် ထွက်ပေါ်လာနေသည်။

စစ်ကောင်စီကမူ တိုက်ပွဲနှင့် နောက်ဆက်တွဲအခြေအနေများကို သတင်းအမှောင်ချထားသည်။

ဌာနပြိုလဲသွားသော ဘူးသီးတောင်

ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားသော ဘူးသီးတောင်မြို့ အရှေ့ဘက် မေယုမြစ်နှင့် စိုင်းဒင်မြစ်ကြားရှိ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) တပ်မဌာနချုပ်ကို ဧပြီလ နောက်ဆုံးအပတ်တွင် ထိုးစစ်အရှိန်မြှင့်ခဲ့ကာ မေ ၂ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

အလားတူ ခမရ (၅၅၁) တပ်ရင်းကို မေ ၃ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကာ မတ် ၂၅ တွင် ခမရ (၅၅၂)၊ ဧပြီ ၅ တွင် ခမရ (၅၆၄)၊ ဧပြီ ၂၄ တွင် ခမရ (၅၆၅) တပ်ရင်းများကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်သည်။

လက်ရှိတွင် “စကခ (၁၅) ဘူးသီးတောင်” လက်အောက်ရှိ တပ်ရင်းများ ဖြစ်ကြသော ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅) တပ်ရင်းများကို တိုက်ခိုက်လျက်ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

ထို့ပြင် “ဘူးသီးတောင်ဗျူဟာ”လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နှင့် အမတ (၃၇၈) တို့ကိုလည်း ဆက်လက်တိုက်ခိုက်နေသည်ဟု ဆိုသည်။

စကခ (၁၅) တပ်မဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီး လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ တပ်မိသားစုဝင်များ လက်နက်ချအညံ့ခံခဲ့သည့် ရုပ်သံမှတ်တမ်းဆိုသည်ကို AA က ယမန်နေ့က ထုတ်ပြန်ထားသည်။

အရေအတွက်အတိအကျမထုတ်ပြန်သော်လည်း လက်နက်ချသူ ရာနှင့်ချီရှိသည်ကို ရုပ်သံတွင် တွေ့ရသည်။ ဒဏ်ရာရသုံ့ပန်းကို ၎င်းတို့အချင်းချင်း သယ်ဆောင်လာသည်ကိုလည်း တွေ့ရပြီး ထိုအထဲတွင် ရိုဟင်ဂျာဟု ယူဆရသူများလည်း ပါဝင်သည်။

စစ်ကောင်စီသည် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေတို့တွင် ရိုဟင်ဂျာနှင့် ရခိုင်ကြား လူမျိုးရေးပဋိပက္ခ ဖြစ်ပွားစေရန် ကြိုးကိုင်နေသည်ကို တွေ့ရပြီး ရိုဟင်ဂျာလူအုပ်စုများကို စည်းရုံးကာ “AA အလိုမရှိ” ဟု ဆန္ဒပြခိုင်းထားသည်။

တစ်ဖက်တွင်လည်း ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA, ARA နှင့် အခြားအစွန်းရောက်မွတ်စလင်များကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေသည်ဟု သိရသည်။

စစ်ကောင်စီက ရိုဟင်ဂျာဒုက္ခသည်စခန်းမှ လူငယ်အမျိုးသားအများအပြားကို စစ်သင်တန်း အတင်းအကျပ်ပေးနေသည်။ စစ်တပ်က နိုင်ငံအနှံ့ စစ်ပြုနေရသဖြင့် စစ်သည်အင်အား လိုအပ်နေရာ ထိုသူတို့ကို စစ်တပ်တွင် အသုံးချမည်ဟု အများက ယုံကြည်နေကြသည်။

နပခလက်အောက်ခံ စကခ ၃ ခု အခြေစိုက်သည့် ရခိုင်ပြည်နယ်

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်တွင် ကျောက်တော်မြို့ရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ ဘူးသီးတောင်မြို့တွင် စကခ (၁၅)၊ တောင်ကုတ်ခရိုင် တောင်ကုတ်တွင် စကခ (၅) တို့ ရှိကာ  ခြေလျင်၊ ခြေမြန် တိုက်ခိုက်ရေးတပ်ရင်းများ၊ နယ်ခြားစောင့်တပ်ရင်းများ၊ အမြောက်တပ်များ၊ ရဲစခန်းများဖြင့် ဖွဲ့စည်းထားကြသည်။

စကခ (၉) လက်အောက်ခံ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့ ၃ မြို့တွင် အခြေစိုက်ထားသော ခမရ တပ်ရင်း ၁၀ ရင်းလုံးကို ဖေဖော်ဝါရီလဆန်းကတည်းက AA က သိမ်းယူထားသည်။

စကခ (၁၅) တွင် ခလရ၊ ခမရ ၁၁ ရင်းနှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အမှတ် (၃) နှင့် (၈) တို့လည်း ရှိနေသည်။ ထိုတပ်ရင်းများထဲမှ ခမရ ၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅ တို့ကို AA က သိမ်းပိုက်ထားသည်။

စကခ (၅) သည် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်တွင် အခြေစိုက်ကာ လက်အောက်ခံ ခမရ၊ ခလရ တပ်ရင်း ၁၀ ရင်း ရှိကာ တောင်ကုတ်မြို့တွင် ခမရ ၃၄၆၊ ၅၄၄ ၊ အမ်းတွင် ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃ ၊ ကျောက်ဖြူတွင် ခမရ ၅၄၂၊ ၅၄၃ ၊ ဂွမြို့တွင် ခမရ ၅၆၂၊ ၅၆၃၊ သံတွဲတွင် ခမရ ၅၆၆ တို့ ရှိကြသည်။

ပြည်ပကျူးကျော်ရန် ကာကွယ်ရန်နှင့် နယ်စပ်စောင့်ကြည့်ရန် တပ်ရင်းတပ်ဖွဲ့အများအပြား ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်တွင် မောင်တောခရိုင်ရှိ စကခ (၁၅) ဌာနချုပ် ကျသွားသလို စခန်းကြီးတစ်ခုဖြစ်သော အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး (ကျီးကန်းပြင်ဌာနချုပ်) လည်း AA လက်အောက် ကျရောက်သွားသည်။

စကခ၏ လက်အောက်ခံ ခြေမြန်တပ်ရင်းများသည် မူလဖွဲ့စည်းပုံအရ စစ်အင်အား ၈၇၅ ဦးအထိ ရှိသော်လည်း တိုက်ပွဲသတင်းဖော်ပြချက်များအရ အင်အား ၂၀၀ နီးပါးခန့်သာ ရှိသည်ကို တွေ့ရသည်။

စခန်းများ တစ်ခုပြီးတစ်ခု လက်လွှတ်နေရချိန်တွင် စစ်ကောင်စီက ဘူးသီးတောင်မြို့ မြို့အဝင်တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ဒေသတွင်း အွန်လိုင်းသတင်းများတွင် ဖော်ပြထားသည်။

AA တပ်များ ဝင်ရောက်လာမည်ကို စိုးရိမ်ပြီး ဖျက်ဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသတင်းဖော်ပြချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

AA သည် ရခိုင်မြောက်ပိုင်းကို အပြီးသတ်သိမ်းနိုင်ရန် လက်ကျန်ဖြစ်သော မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့ကို ရရှိရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်နေသလို ပြည်နယ်မြို့တော်ကိုလည်း အဘက်ဘက်က ဝိုင်းရံ ပိတ်ဆို့ထားသည်။

လက်ရှိတွင် နယ်စပ်တစ်လျှောက် AA က ပိတ်ဆို့၊ ထိန်းချုပ်ထားပြီး ပြည်နယ်မြို့တော်ကို ပတ်လည်ဝိုင်းထားသလို ထိုးစစ်သည်လည်း ပြည်နယ်တောင်ပိုင်းသို့ ဆင်းလာနေသည်။

အမ်းမြို့နယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာကို တိုက်ခိုက်နေသလို ကျောက်ဖြူနှင့် သံတွဲမြို့၌လည်း တိုက်ပွဲများဖြစ်နေသည်ဟု AA က ထုတ်ပြန်ထားသည်။

AA တပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၁၄ က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-AA Info Desk)

Show More

Related Articles

Back to top button