မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်ရှိ ဆွမ်ပရာဘွမ်မြို့ရှိ ခြေလျင်တပ်ရင်း (၄၆) ဗျူဟာကုန်းကို ယနေ့ (မေ ၅) နံနက်အစောပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် မြို့ကို အပြည့်အဝထိန်းချုပ်သွားနိုင်ပြီ ဖြစ်သည်။
မတ် ၈ ရက်က ဆွမ်ပရာဘွမ်မြို့၏ မြောက်ဘက် ၆ မိုင်ခန့်အကွာတွင်ရှိသည့် စစ်ကာင်စီတပ်၏ မလိယန်စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် မတ် ၁၄ ရက်တွင် မြို့ပေါ်၌ တိုက်ပွဲများ ပြင်းထန်လာပြီး မြို့ပေါ်ရှိ ရဲစခန်းမှ ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ KIA ထံ လက်နက်ချခဲ့ကြသည်။
ထို့နောက် KIA ပူးပေါင်းတပ်များက ကျန်ရှိနေသေးသည့် ခလရ (၄၆) တပ်ထိုင်ထားသော ဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေရာ ယနေ့နံနက်အစောပိုင်းတွင် စခန်းကို အပြီးတိုင်ရှင်းလင်းနိုင်ခြင်းဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မြို့တွင်းမှာကတော့ မတ်လကတည်းကနေ ကျွန်တော်တို့အဖွဲ့တွေ ဝင်နေပါပြီ။ တပ်ကတော့ တောင်ပေါ်မှာရှိပါတယ်၊ ဆွမ်ပရာဘွမ်မြို့ကတော့ တောင်ခြေဘက်မှာ ရှိနေတာဆိုတော့ တပ်စခန်းကိုတော့ သုံးလပိုင်းကနေ တိုက်နေတာပေါ့နော် အခုမှ ထိထိရောက်ရောက် ရှင်းလို့ရတဲ့ အနေအထားဖြစ်ပါတယ်”
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများစုမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားသည်ဟု သိရပြီး တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနှင့် သုံ့ပန်းဖမ်းဆီးရမိမှု အခြေအနေများကိုတော့ မသိရသေးပေ။
ဆွမ်ပရာဘွမ်မြို့ခံအများစုမှာ မြို့နှင့် အနီးအနားကျေးရွာများတွင် စစ်ရှောင်နေကြရပြီး မြို့ကို မပြန်နိုင်သေးဟု အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားသံများကို အဆက်မပြတ်ကြားနေရပြီး ယမန်နေ့က စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ရေအများအပြား ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
“အခုအထိ ဖြစ်နေကြတဲ့ အသံတွေကြားရတယ်၊ ဗုံးကြဲမှာကြောက်လို့ မြို့ကိုလည်း မပြန်ရဲသေးဘူး။ လူငယ်တချို့ကတော့ အခြေအနေသွားကြည့်ကြတယ် ပြန်ရောက်မလာကြသေးဘူး” ဟု ဆိုသည်။
အဓိကစခန်းကုန်းကြီးကို ရရှိပြီးဖြစ်သော်လည်း စခန်းငယ်နှစ်ခုက ခုခံနေဆဲဖြစ်သည့်အတွက် ဆက်လက်တိုက်ခိုက်နေပြီး ယနေ့ ညနေခန့်တွင် အပြီးသတ်ရှင်းလင်းနိုင်မည်ဟု ခန့်မှန်းရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ခလရ (၄၆) ဗျူဟာတပ်ကို ကျွန်တော်တို့ဘက်က ဝင်တိုက်တဲ့အချိန်မှာ နည်းနည်း ဖြန့်ထားတာပေါ့၊ မြို့ကို သွားတဲ့ လမ်းဘက်မှာ အဲဒီနှစ်နေရာကို ပြန်ချထားတယ်လို့ ပြောတယ်၊ သိပ်ပြီးတော့မှ အင်အားရှိပုံတော့ မရပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှလည်း စခန်းမကျဆုံးရေး အပြင်းအထန်ခုခံခဲ့ပြီး ပူတာအိုမြို့မှ စစ်ကောင်စီ တပ်ကူများအပြင် ပြည်သူ့စစ်များကိုလည်း အားဖြည့်ထားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“စစ်ကူတွေလည်း ပူတာအိုဘက်ကနေ ဝင်ကြတယ်၊ နောက် လေကြောင်းကနေလည်း အဆက်မပြတ်ဆိုသလိုပေါ့နော်။ ရိက္ခာတွေချပေးတာတွေ ဗုံးကြဲတာတွေလည်း ဆက်တိုက်ဆိုသလိုရှိပါတယ်။ သူတို့လည်း တော်တော်လေး လက်မလွတ်အောင်လို့က တိုက်ခိုက်တယ်ဆိုတာ တွေ့ရပါတယ်”
ရှမ်းမြောက်ရှိ ၁၀၂၇ စစ်ဆင်ရေးရပ်တန့်နေသည့် အချိန်တွင် KIA ဦးဆောင်သည့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသတချို့တွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၂၉ ရက်ကလည်း မြစ်ကြီးနားမြို့၏ တောင်ဘက် မိုင် ၆၀ ခန့်အကွာရှိ စစ်ကောင်စီခြေလျင် တပ်ရင်း (၁၄၁) ကို သိမ်းပိုက်ပြီးနောက် ဆင်ဘိုမြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
KIA နှင့် ပူးပေါင်းတပ်များက ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်အတွင်းရှိ အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်ခဲ့ရာ ဆွမ်ပရာဘွမ်မြို့နှင့်ဆိုလျှင် မြို့ပေါင်း ၅ မြို့အထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။
မတ် ၇ ရက်မှ စတင်သည့် ကချင်ထိုးစစ်အတွင်း စစ်ကောင်စီတပ်၏ တပ်ရင်းဌာနချုပ်များ ဗျူဟာရုံးများနှင့် အရေးပါသည့် တပ်စခန်းများ ကာကင်းစခန်းများအပါအဝင် စခန်းပေါင်း ၇၀ ကျော် သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။