၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ အတိုက်အခံမဲ့ဖြစ်လာမည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်မည်ဆိုသော်လည်း ဝန်ကြီးချုပ်ကို ဖြုတ်ချခဲ့သော ကယားပြည်နယ်လွှတ်တော်ကဲ့သို့ ဖြစ်မလာစေချင်ကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။
“ကယားကိစ္စကို သင်ခန်းစာယူထားတယ်။ လွှတ်တော်အဖွဲ့အစည်းဆိုတာ အစိုးရကို ဖြုတ်ချလို့ ရတယ်ဆိုတဲ့ အတွေးမျိုး မရှိကို မရှိစေချင်ဘူး။ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအတွက် ဘယ်လိုပူးပေါင်း ဆောင်ရွက်ရမလဲဆိုတာ စဉ်းစားပြီး အကျိုးပြုလုပ်ငန်းတွေလုပ်ရမှာလေ” ဟု လက်ရှိ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ဒီဇင်ဘာ ၁ ရက်နေ့က ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအပြီး Myanmar Now က မေးမြန်းခဲ့ရာတွင် ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ကာ ဖြုတ်ချခဲ့ခြင်းကို ၎င်းက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီနှင့် ဧရာဝတီ စသည့် တိုင်းဒေသကြီး ၅ ခုတွင် တိုင်းလုံးကျွတ် အနိုင်ရရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ် ၇၆ ဦးရှိသည့်အနက် တပ်မတော်သားကိုယ်စားလှယ် ၁၉ မှလွဲ၍ ရွေးကောက်ခံကိုယ်စားလှယ်အားလုံးမှာ NLD မှဖြစ်သည်။
မန္တလေးတိုင်းလွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်အားလုံးသည် NLD ပါတီမှချည်းပဲဖြစ်သော်လည်း အစိုးရကို ထိန်းကျောင်းခွင့်ရှိသည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုပြီး “ပါတီကို သစ္စာရှိတဲ့သူလို့ဆိုပေမယ့် ပါတီနဲ့ နိုင်ငံယှဉ်လာရင် နိုင်ငံအပေါ် ဦးစားပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေက (ပါတီမှာ) ရှိပြီးသားပါ” ဟု ၎င်းက ပြောသည်။
သို့သော် လက်ရှိမန္တလေးတိုင်းလွှတ်တော်အတွင်း အင်တိုက်အားတိုက် မေးမြန်းခဲ့သော NLD လွှတ်တော်အမတ် အနည်းဆုံး ၆ ဦးမှာ နောက်တစ်ကြိမ်လွှတ်တော်တွင် ပြန်လည်ပါဝင်လာမည် မဟုတ်တော့ပေ။ အစိုးရအဖွဲ့ကို ထောက်ပြဆွေးနွေးခဲ့သောကြောင့် ပါတီက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းလျှောက်လွှာ ပယ်ချခဲ့သည်ဟု ၎င်းတို့အနက် အချို့က ယူဆသည်။
“ပြည်သူကိုယ်စားပြုပြီး ပြောသင့်ပြောထိုက်တာတွေ လွှတ်တော်မှာ ပြောခဲ့တာပါ။ ဒါပေမဲ့ ပါတီနဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းလို့ မရွေးတာလို့ ပြန်ကြားတာပါပဲ” ဟု မန္တလေးတိုင်းလွှတ်တော်၌ အဆိုအများဆုံးတင်ခဲ့သူ ချမ်းမြသာစည်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က Myanmar Now ကို ပြောသည်။
ရွေးကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်ခွင့်မရသည့် NLD ကိုယ်စားလှယ်များအနက် ငါန်းဇွန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လက်ရှိ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သဲဆုဝေလည်း အပါအဝင်ဖြစ်သည်။ ၎င်းသည် မန္တလေးတိုင်း ဆည်မြောင်းဝန်ကြီးဌာန ၏ ဘတ်ဂျက်တောင်းခံမှုကို စိစစ်ဖြတ်တောက်ခဲ့သည့် ပြည်သူ့ငွေစာရင်းသုံးစွဲမှုစိစစ်ရေး တိုင်းလွှတ်တော်ကော်မတီ အတွင်းရေးမှူးလည်းဖြစ်သည်။
“ပြည်သူ့ဘဏ္ဍာတွေကို အဟောသိကံ အဖြစ်မခံနိုင်လို့ ကျွန်မတို့ စိစစ်ဖြတ်တောက်ခဲ့တာပါ။ ဒီလိုစိစစ် ဖြတ်တောက်တဲ့ ဘတ်ဂျက်တွေကလဲ လွှတ်တော်ထဲကို ရောက်မှာမဟုတ်ဘူးလေ။ အဲဒီအပေါ် အစိုးရက နားလည်မှုလွဲတာမျိုး ရှိရင် ရှိနိုင်မယ်” ဟု ဒေါ်သဲဆုဝေက ပြောသည်။
လက်ရှိကိုယ်စားလှယ်အချို့ကို ပြန်လည်ရွေးကောက်ယှဉ်ပြိုင်ခွင့် မပြုရသည့်အကြောင်းရင်းနှင့် ပတ်သက်၍ ဒေါက်တာဇော်မြင့်မောင်က “ကျန်ခဲ့တဲ့သူတွေက ပွင့်ပွင့်လင်းလင်းပြောရရင် ချန်ထိုက်တဲ့သူတွေမို့ ချန်ခဲ့တာပါ” ဟု ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တွင်း စွမ်းဆောင်ရည်ကောင်းရုံမျှမက သက်ဆိုင်ရာမြို့နယ်ပါတီနှင့် ပြည်သူလူထုအကြား ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရန် လိုအပ်သည်ဟုလည်း ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။
အစိုးရ၊ လွှတ်တော်နှင့် ပြည်သူဟူသော သုံးပွင့်ဆိုင်အခြေအနေကြားတွင် ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးအနေဖြင့် အခြေအနေပေါ်မူတည်ကာ လုပ်ကိုင်ရမည့်သဘောဖြစ်သည်ဟု မိတ္ထီလာမြို့နယ် တိုင်းလွှတ်တော်အမှတ် (၂) မဲဆန္ဒနယ်တွင် NLD ကိုယ်စားပြု အနိုင်ရထားသည့် ဦးမောင်မောင်ကြီးက ဆိုသည်။
“ပြည်သူတွေရဲ့ ခံစားချက်၊ လိုလားတောင့်တချက်တွေကို ဖြည်ဆည်းပေးရမှာ ဖြစ်သလို ပါတီရဲ့ မူနဲ့ လမ်းညွှန်ချက်ကိုလဲ သွေဖည်လို့တော့ မရဘူးပေါ့” ဟု ဦးမောင်မောင်ကြီးက ပြောသည်။
မန္တလေးတိုင်းဝန်ကြီးချုပ်သည် ပါတီဒုဥက္ကဋ္ဌတာဝန်ယူထားသူလည်း ဖြစ်သဖြင့် တိုင်းဒေသကြီးလွှတ်တော်အပေါ် ဩဇာလွှမ်းမိုးမှုရှိနေပြီး လက်ရှိလွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များက အစိုးရအဖွဲ့ကို မေးမြန်းဆွေးနွေးနေစဉ် ဝန်ကြီးချုပ်က ရုတ်တရက် ဟန့်တားခြင်း၊ ကန့်ကွက်ခြင်းများ ရှိခဲ့သည်ဟု ကိုယ်စားလှယ်အချို့က ဆိုသည်။
“လွှတ်တော်ဥက္ကဋ္ဌ ရပ်တည်မှုကိုက အစိုးရဘက် ပါနေတယ်လို့ မြင်တယ်။ ဝန်ကြီးချုပ်က ပါတီမှာလဲ ဒုဥက္ကဋ္ဌဆိုတော့ သူ့ကို လွန်ဆန်ရင် အတိုက်အခံဖြစ်မှာ စိုးတဲ့ပုံပါပဲ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေက ပြောသည်။
ထိုယူဆချက်ကို လက်ရှိ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေကလည်း လက်ခံသဘောတူသည်။ “လွှတ်တော်ဥက္ကဋ္ဌကြီးက ဝန်ကြီးချုပ်ကို ပါတီရဲ့ ဒုဥက္ကဋ္ဌမို့ ကြောက်နေရင်တော့ လွှတ်တော်က အလုပ်ဖြစ်မှာ မဟုတ်ဘူးလေ” ဟု ၎င်းက ပြောသည်။
အမရပူရမြို့နယ် တိုင်းလွှတ်တော်အမှတ် (၂) မဲဆန္ဒနယ်တွင် ထပ်မံရွေးကောက်ခံခဲ့ရသော ဦးမြင့်ဆွေကမူ ပါတီနှင့် အစိုးရဆိုသည်ထက် ပြည်သူ့ဘက်ကပင် ရပ်တည်သွားမည်ဟု ဆိုသည်။
“ကိုယ့်ပါတီအချင်းချင်းမို့ Check & Balance (စောင့်ကြည့်ထိန်းကျောင်းခြင်း) မလုပ်ဘဲ လက်ညှိုးထောင် ခေါင်းညိတ်တာမျိုး မဟုတ်ဘဲ ပြောသင့်တာတော့ ပြောသွားမှာပါ။ အရွေးခံရတဲ့ကိုယ်စားလှယ်ဖြစ်လို့ ပြည်သူ့ဘက် တကယ်ရပ်တည်ရင် ကြောက်စရာမလိုပါဘူး” ဟု ဦးမြင့်ဆွေက ပြောသည်။
၎င်းသည် လက်ရှိလွှတ်တော်၏ အစည်းအဝေးတစ်ခုတွင် တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာဆွေးနွေးနေစဉ် ဝန်ကြီးချုပ်ဟန့်တားခြင်းခံခဲ့ရသော ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။
မန္တလေးတိုင်းလွှတ်တော်၌ အစိုးရကို အခက်တွေ့စေမည့် မေးခွန်းများမေးမြန်းခြင်းမပြုရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌက အလွတ်သဘော သတိပေးခြင်းများရှိခဲ့သည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက “ကိုယ့်အစိုးရ အကျပ်အတည်းဖြစ်စေမယ့် မေးခွန်းတွေ ရှောင်ရမယ်ဆိုတာက အစိုးရနဲ့ လွှတ်တော်ဆန့်ကျင်ဘက် ဖြစ်နေရင် ပြည်သူ့လိုအပ်ချက်တွေ အကောင်အထည်ဖော်ပေးနိုင်မှာ မဟုတ်လို့ပါ” ဟု ပြောသည်။
အထက်ပါစွပ်စွဲချက်များနှင့် ပတ်သက်၍ ပါတီဒုဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကလည်း “ကျွန်တော်က လွှတ်တော်ကို လွှမ်းမိုးစရာအကြောင်းလည်း မရှိသလို တစ်ခါမှလဲ ဝင်မစွက်ဖက်ဖူးဘူး။ ကြိုက်တာလုပ်။ ဒါပေမဲ့ ဥပဒေအတိုင်းပဲ ဖြစ်ရမယ်” ဟု တုံ့ပြန်သည်။
တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌတာဝန်ကို နိုင်ငံရေးအရ စဉ်းစားဆုံးဖြတ်နိုင်သူ၊ နိုင်ငံရေးသမိုင်းရှိသောသူနှင့် ပါတီအပေါ်သစ္စာရှိသူကို ဦးစားပေးရွေးချယ်ရန် ရည်ရွယ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၈ ဦးနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်တစ်ဦး ရှိနေသည့် လက်ရှိ မန္တလေးတိုင်းလွှတ်တော်သည်ပင်လျှင် ဥပဒေပြုရေးနှင့် အစိုးရကို စောင့်ကြည့်ထိန်းကျောင်းရေးတွင် အားနည်းချက်များရှိနေဆဲဟု မန္တလေးအခြေစိုက် လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော “ယုံကြည်ရာ” က ဆိုသည်။
“လွှတ်တော်ထဲမှာ ခြေစွာတဲ့ ကိုယ်စားလှယ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပြန်ပါမလာတော့တာ မန္တလေးအတွက် ဝမ်းနည်းစရာကောင်းတယ်” ဟု “ယုံကြည်ရာ” အသိပညာပြန့်ပွားရေးအသင်း၏ အမှုဆောင်ဒါရိုက်တာ ကိုတေဇာစန်းက ပြောသည်။