စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ တိုင်ကြားမှုအရ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ယနေ့ (ဒီဇင်ဘာ ၃) တွင် အမှုဖွင့် တရားစွဲဆိုကာ ဖမ်းဆီးလိုက်သည်။
ပြည်ခိုင်ဖြိုးပါတီ၏ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၏ Facebook လူမှုကွန်ရက်တွင် ရေးသားမှုကို ဦးကျော်မင်းထွဋ်က တန်ပြန်ရေးသားခဲ့ရာတွင် အများပြည်သူအထိတ်တလန့် ဖြစ်စေသည်ဟုဆိုကာ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာဆန်းဝင်းက တိုင်ကြားခြင်းဖြစ်ကြောင်း မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က Myanmar Now ကို ပြောသည်။
“အများပြည်သူ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပါတယ်ဆိုပြီး တိုင်တော့ ကျွန်တော်တို့က ဥပဒေအကြံတောင်းတော့ ၅၀၅ (ခ)နဲ့ သက်သေခိုင်မာတယ်၊ တရားစွဲမယ်ဆိုတော့ ကျွန်တော်တို့ တရားစွဲခွင့်တောင်းတော့ တိုင်းဒေသကြီးအစိုးရကနေ မနေ့က ကျတယ်” ဟု ဦးဆန်းဗိုလ်က ပြောသည်။
‘၅၀၅ (ခ) ဖြင့် တရားရင်ဆိုင်နေရသူများ ရုံးထုတ်ချိန် မျိုးချစ်များက ဝန်းရံပေးကြရန်’ ပြည်ခိုင်ဖြိုးပါတီ၏ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က Facebook လူမှုကွန်ရက်တွင် ရေးသားခဲ့သည်ကို ထိုသို့ဝန်းရံလျှင် လူစုလူဝေးဖြစ်ကာ အကြမ်းဖက်မှုများ ဖြစ်လာနိုင်သဖြင့် ပြည်သူများ အပြင်မထွက်ဘဲ တံခါးပိတ်နေထိုင်ကြရန် ဦးကျော်မင်းထွဋ်က အောက်တိုဘာ ၂၅ တွင် တန်ပြန်ရေးသားခဲ့ခြင်းဖြစ်သည်။
ဦးကျော်မင်းထွဋ်ကို မင်းကင်းမြို့နယ်တရားရုံး၌ ချုပ်ရမန် ၂ ပတ် ယူထားပြီး လက်ရှိတွင် မြို့နယ်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကာ နောက်ရုံးချိန်းကို ဒီဇင်ဘာ ၁၇ သို့ ချိန်းဆိုထားသည်ဟု ၎င်း၏ညီဖြစ်သူ ဦးကျော်မင်းအောင်က Myanmar Now ကို ပြောသည်။
ဦးကျော်မင်းထွဋ်ကို အရေးယူပေးရန် တိုင်ကြားခဲ့သူ မင်းကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာဆန်းဝင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မင်းကင်းမြို့နယ်၌ ရှုံးနိမ့်ခဲ့သူဖြစ်သည်။ ထိုတိုင်ကြားမှုနှင့် ပတ်သက်၍ ဦးဆန်းဝင်းကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်စုံတစ်ယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူကို ကြောက်ခြင်း၊ ထိတ်လန့်ခြင်းဖြစ်စေရန် ကောလာဟလနှင့် သတင်းတို့ကို ဖြန့်ချိခြင်း၊ ကြေညာခြင်းတို့အတွက် စွဲဆိုသည့်ပုဒ်မ ဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
ဦးကျော်မင်းထွဋ်သည် မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးမှုများကို စောင့်ကြည့်ကာ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ်သည့် ဦးမောင်မြင့်သည် ဘာသာရေးအကြောင်းပြ မဲဆွယ်စည်းရုံးသည်ဆိုကာ ဗီဒီယိုဖိုင်သက်သေများဖြင့် ဦးဆောင်တိုင်ကြားခဲ့သူ ဖြစ်သည်။
ဦးမောင်မြင့်သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ၎င်း၏ဇာတိ မင်းကင်းမြို့နယ်၌ ဆက်တိုက်အနိုင်ရခဲ့သော်လည်း ယခု၂၀၂၀ ရွေးကောက်ပွဲတွင် ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်လောင်းကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ထို့ပြင် မင်းကင်းတစ်မြို့နယ်လုံးတွင် လွှတ်တော်နေရာအသီးသီးအတွက် အာဏာရ NLD ကိုယ်စားလှယ်လောင်းအားလုံးက အနိုင်ရခဲ့သည်။